Sunday, 17 November 2013

အိန္ဒိယက ၀ယ်ယူခဲ့သော ဆိုဗီယက်ခေတ် လေယာဉ်တင်သင်္ဘော INS Vikramaditya ကို ၂၀၀၉ ခုနှစ် ဇူလိုင် ၂ ရက်က ရိုက်ကူးထားသော ဓာတ်ပုံ (Photo:AFP)
ရုရှားသည် ပြင်ဆင်မွမ်းမံပြီးသော လေယာဉ်တင် သင်္ဘောကို အိန္ဒိယနိုင်ငံသို့ နိုဝင်ဘာ ၁၆ ရက်တွင် ပြန်လည်လွှဲပြောင်း ပေးခဲ့ကြောင်း သိရသည်။ သို့သော် သတ်မှတ်ချိန်ထက် ငါးနှစ်နောက်ကျသွားကာ ပြင်ဆင်ခအတွက် ဘတ်ဂျက်ငွေသည်လည်း သတ်မှတ်ထားသည်ထက် များစွာပိုမိုနေသောကြောင့် အိန္ဒိယနှင့် ၎င်း၏ အဓိက လက်နက်ဝယ်ယူရာ ရုရှားတို့အကြား ဆက်ဆံရေး အဆင်မပြေ ဖြစ်ခဲ့သည်။
အိန္ဒိယ ကာကွယ်ရေးဝန်ကြီး အေကေအန်ထော်နီသည် ဆိုဗီယက်ခေတ် လေယာဉ်တင် သင်္ဘောဖြစ်သော INS Vikramaditya ကို ရုရှားနိုင်ငံ ဆာဗီရိုဗင်စကီးမြို့ရှိ ဆက်ဗ်မက်ရှ်သင်္ဘောကျင်းတွင် အိန္ဒိယ စစ်တပ်ပိုင်အဖြစ် တရားဝင် လွှဲပြောင်းယူမည်ဖြစ်သည်။ ယင်းသင်္ဘောသည် အိန္ဒိယ ရေပိုင်နက်ထဲသို့ လာမည့်နှစ် အစောပိုင်းတွင် ရောက်ရှိမည် ဖြစ်သည်။ Vikramaditya ကို အိန္ဒိယသို့ ပြန်လည်ပို့ဆောင်ရာတွင် အစောင့်အရှောက် အနေဖြင့် လိုက်ပါရန် သင်္ဘောအချို့ကို အိန္ဒိယဘက်မှ စေလွှတ်မည် ဖြစ်သည်ဟု အိန္ဒိယရေတပ်မှ ပြောခွင့်ရပုဂ္ဂိုလ် P.V.S က ပြောကြားခဲ့သည်။
၁၉၈၇ ခုနှစ်ကစတင်ကာ ရုရှားတွင် စတင်တာဝန် ထမ်းဆောင်ခဲ့သော Vikramaditya သည် စစ်ပြီးခေတ် ရုရှားနိုင်ငံအတွက် အသုံးပြုရန် အကုန်အကျ များလွန်း၍ ၁၉၉၆ ခုနှစ်တွင် တာဝန်မှ ရပ်ဆိုင်းထားလိုက်သည်။ ၉၃၇ ပေရှည်သော ယင်းသင်္ဘောကို နှစ်ပေါင်းများစွာ ညှိနှိုင်းပြီးနောက်၂၀၀၄ ခုနှစ်တွင် အိန္ဒိယက ၀ယ်ယူခဲ့သည်။ ကနဦးက သင်္ဘောပြင်ဆင် စရိတ်ကို အမေရိကန်ဒေါ်လာ ၇၇၁ သန်းဖြင့် သဘောတူခဲ့သော်လည်း သင်္ဘောအဆင့်မြှင့်တင်သည့် စရိတ်သည် ၂ ဒသမ ၃ ဘီလျံအထိ မြင့်တက်သွားခဲ့ကာ သင်္ဘောကို နောက်ဆုံးပြင်ဆင် ပြီးစီးရမည့် ရက်မှာလည်း များစွာနောက်ကျခဲ့ကြောင်း အိန္ဒိယ သတင်းစာများတွင် ဖော်ပြခဲ့သည်။ အိန္ဒိယ လက်နက်ရာခိုင်နှုန်း ၇၀ ကို ရုရှားမှ ၀ယ်ယူခဲ့သော်လည်း ယခုဖြစ်ရပ်ကြောင့် အိန္ဒိယက ရုရှားအပေါ် နာကြည်းစရာ ဖြစ်သွားခဲ့သည်။
လက်ရှိတွင် အိန္ဒိယ၌ INS Viraat အမည်ရှိ လေယာဉ်တင် သင်္ဘောတစ်စင်းရှိပြီး ယင်းသည် Vikramaditya ပြီးလျှင် အိန္ဒိယ၏ ဒုတိယအကြီးဆုံး စစ်သင်္ဘောဖြစ်သည်။ အိန္ဒိယသည် သြဂုတ်လက ပြည်တွင်း၌ ဆောက်လုပ်နေဆဲဖြစ်သော လေယာဉ်တင် သင်္ဘောတစ်စင်းရှိကြောင်း ထုတ်ပြန်ခဲ့သည်။ တရုတ်နိုင်ငံသည် ၎င်း၏ စစ်တပ်အင်အားကို တိုးမြှင့်ရန် ဆက်တိုက်ကြိုးပမ်းနေချိန်တွင် အိန္ဒိယကလည်း ၎င်းကာကွယ်ရေး အင်အားကို မြှင့်တင်ရန် လုပ်ဆောင်နေခြင်းဖြစ်သည်။
Ref:AFP






0 comments:
Post a Comment