Sunday, November 17, 2013

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို စစ်မှန်သော ဖက်ဒရယ်စနစ်သို့ ဦးတည်ပြီး ပြင်ဆင်သင့်ဟု ချင်းအမျိုးသား ညီလာခံ ဆုံးဖြတ်

 Sunday, 17 November 2013


ဟားခါးမြို့တွင် ချင်းအမျိုးသား ညီလာခံကို နိုဝင်ဘာ ၁၂ မှ ၁၅ ရက်အထိ ကျင်းပစဉ်

ဟားခါးမြို့ ချင်းအမျိုးသား ညီလာခံမှ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို စစ်မှန်သော ဖက်ဒရယ်စနစ်ကို ဦးတည်ပြီး ပြင်ဆင်သင့်ကြောင်း ဆုံးဖြတ်ခဲ့သည်ဟု အဆိုပါ ဆွေးနွေးပွဲကို ဦးဆောင်ဆွေးနွေးခဲ့သူ ချင်းအမျိုးသား ပါတီမှ အတွင်းရေးမှူး ဆလိုင်းငယ်ပီးက ပြောကြားသည်။

"ကျွန်တော်တို့က ဖွဲ့စည်းပုံ အခြေခံ ပြင်ဆင်တဲ့နေရာမှာ ဘယ်အချက်တွေ ပြင်မယ်ဆိုတာ ဆွေးနွေးတဲ့ နေရာမှာ သာမန်ပြည်သူ လူထုတွေကနေ နိုင်ငံရေး သမားအထိ ပါတယ်။ ဘယ်အချက်အလက်တွေ ပြင်သင့်ပါတယ်။ ဒါတွေကို အသေးစိတ် အကြိတ်အနယ် ဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမဲ့ ဆွေးနွေးပွဲ ရလဒ်အနေနဲ့က စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို ဦးတည်ပြီး ပြင်မယ်ဆိုတဲ့ အချက်ကိုပဲ သဘောတူ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲ ရလဒ်ကိုလည်း လာမယ့်ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးပွဲ ပြည်ထောင်စု ညီလာခံကို တက်ရောက်မယ့် ကိုယ်စားလှယ်တွေက ဆက်လက်သယ်ဆောင် သွားပါလိမ့်မယ်။ နောက်တစ်ချက်က ကျွန်တော်တို့ ချင်းပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲဖို့ အတွက်ကိုလည်း ချင်းဖိုရမ်ဆိုတဲ့ ချင်းလူမှု အဖွဲ့အစည်း တစ်ခုက ရေးဆွဲနေပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ အတွက်ကိုလည်း ချင်းလူထုက ဆုံးဖြတ်ခဲ့ပါတယ်" ဟု ဆလိုင်းငယ်ပီးက ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲမှ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရာတွင် အောက်ဖော်ပြပါ အချက် (၁၀)ချက်ကို လမ်းညွှန် အခြေခံမူများအဖြစ် အခြေခံရန် သဘောတူကြသည်။ (၁) တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးထံမှ ဆင်းသက်သော အချုပ်အခြာအာဏာ။ (၂) တိုင်းရင်းသား လူမျိုးတိုင်း နိုင်ငံရေး လူမျိုးရေး ဘာသာရေးအရ တန်းတူရေး၊ (၃) ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ (၄) ဖက်ဒရယ်ပြည်ထောင်စု စစ်စစ်မူ၊ (၅) လူနည်းစုများ၏ အခွင့်အရေးများကို ကာကွယ်ခြင်း၊ (၆) ဒီမိုကရေစီ အခွင့်အရေး၊ အခြေခံ လူ့အခွင့်အရေးနှင့် ကျား/မဆိုင်ရာ တန်းတူမှု၊ (၇) ပါတီစုံ ဒီမိုကရေစီစနစ်၊ (၈) ဘာသာရေးကို အခြေမခံသော နိုင်ငံ၊ (၉) ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းခြင်းနှင့် အရပ်ဘက် အုပ်ချုပ်မှုအောက်တွင် လက်နက်ကိုင် တပ်ဖွဲ့များ ထားရှိခြင်း၊ (၁၀) ပြည်နယ်သစ် ထူထောင်ခွင့် ရှိခြင်းတို့ဖြစ်သည်။ ထို့ပြင် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရာတွင် ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်/တိုင်းများ၌ သီးခြားဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲအသုံးပြုရန် သဘောတူ လက်ခံကြသည်နှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို စစ်မှန်သော ဖက်ဒရယ်စနစ်သို့ ဦးတည်ပြီး ပြင်ဆင်သည်ဟု သဘောတူ လက်ခံကြပါသည်ဟူ၍ အချက်အလက်များကို သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...