Sunday, November 17, 2013

Mobile Team အဖွဲ့မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ ကုန်လှောင်ရုံများနှင့် အများပြည်သူ ၀င်ထွက်သွားလာရာ နေရာများအား ဒီဇင်ဘာလအတွင်း စတင်စစ်ဆေးမည်


Sunday, 17 November 2013



ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အား စက်တင်ဘာလ အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ ကုန်လှောင်ရုံများနှင့် အများပြည်သူ ၀င်ထွက်သွားလာရာ နေရာများဖြစ်သည့် Hand Carry၊ Baggage နှင့် Air Cargo နေရာများသို့ Mobile Team အဖွဲ့မှ ဒီဇင်ဘာလအတွင်း စတင်စစ်ဆေး အရေးယူသွားမည်ဖြစ်ကြောင်း နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနရုံးတွင် ပြုလုပ်သည့် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ၏ ပဉ္စမအကြိမ်မြောက် အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားသည်။

တရားမ၀င် တင်သွင်းနေသည့် ကုန်စည်များအား စတင်ဖမ်းဆီးသည့် အချိန်မှ တစ်နှစ်ခန့် ကာလအတွင်း တရားဝင် ကုန်သွယ်မှုတွင် အမေရိကန်ဒေါ်လာ သုံးဘီလျံကျော် တိုးတက်ခဲ့ပြီး တရားမ၀င်ကုန်စည် ဖမ်းဆီးမှုမှ ကျပ်ငွေ ၇ ဒသမ ၈ ဘီလျံကျော်ခန့်နှင့် မှောင်ခိုကုန်သွယ်မှုများ ပပျောက်စေရန် နယ်စပ်နေ ပြည်သူများအတွက် ကုန်သွယ်မှုကတ် ထုတ်ပေးမှုမှ ကျပ်ငွေ ၄ ဒသမ ၅ ဘီလျံခန့်အထိ ရရှိခဲ့ကြောင်း တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီမှ သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာ ၁၈ ရက်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၂၆၀၉ ဒသမ ၂၂၅ သန်း (၁၂ ဘီလျံကျော်) ရရှိခဲ့ပြီး အောက်တိုဘာ ၂၅ ရက်အထိ ဆိုပါက စုစုပေါင်း ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၃၁၂၈ ဒသမ ၁၅၄ သန်း (၁၃ ဘီလျံ) ကျော်ရှိကြောင်း သိရသည်။

တရားမ၀င် ကုန်သွယ်မှုများအား စတင်ဖမ်းဆီးခဲ့သည့် ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၇ ရက်အထိ တရားမ၀င် ကုန်သွယ်မှုမှ နိုင်ငံပိုင်အဖြစ် ဖမ်းဆီးနိုင်ခဲ့သော ပမာဏမှ ကျပ်ငွေ ၇ ဒသမ ၈ ဘီလျံကျော်ဖိုးအထိ ရှိနေကြောင်း သိရသည်။

ကုန်သွယ်မှု ပမာဏ ၁၃ ဘီလျံကျော်တွင် ပို့ကုန်မှ အမေရိကန်ဒေါ်လာ ၅၉၈၀ ဒသမ ၂၃၃ သန်း၊ သွင်းကုန်မှ အမေရိကန်ဒေါ်လာ ၇၁၄၇ ဒသမ ၉၂၁ သန်း ရရှိခဲ့သဖြင့် ကုန်သွယ်မှု လိုငွေမှာ အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော်ရှိကြောင်း သိရသည်။

လက်ရှိဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏကို အမေရိကန်ဒေါ်လာ ၂၅၅၅၉ ဒသမ ၈၄ သန်းရရှိရန် လျာထားခဲ့ပြီး နယ်စပ်ကုန်သွယ်မှုမှ ရာခိုင်နှုန်း ၂၀ နှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ရာခိုင်နှုန်း ၈၀ ကုန်သွယ်မှု ပြုလုပ်နိုင်ရန် လျာထားကြောင်း သိရသည်။ ဘဏ္ဍာရေးနှစ် ကုန်ဆုံးရန် ငါးလသာ လိုတော့သည့် အချိန်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏမှာ လျာထားချက်၏ ၅၁ ရာခိုင်နှုန်းကျော်သာ ရရှိသေးကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...