Wednesday, November 27, 2013

ဘွဲ့တစ်လုံးပိုင်၍ ၀မ်းမခိုင်သော ပညာတတ်စာရေးကြီး





Wednesday, November 27, 2013

အဖေက အမြဲပြောသည်။
"သား..ပညာတတ်ကြီး ဖြစ်အောင်လုပ်"တဲ့။
"ပညာတတ် ကြီးဖြစ်မှ အဖေတို့လို မပင်ပန်းရမှာ၊ ချမ်းချမ်းသာသာ နေရမှာ" လို့လည်း မောင်မောင် ငယ်စဉ်ကတည်းက အဖေက အမြဲပြောလေ့ရှိသည်။

ခုတော့ မောင်မောင် ပညာတတ်ပြီ၊ ဘွဲ့ရပြီ။ သူ့အဖေပြောသလို မောင်မောင် မပင်ပန်းတော့။ ရွာမှာ မောင်မောင်က ပထမဆုံး ဘွဲ့ရပညာတတ်ကြီး ဖြစ်သည်။ မောင်မောင် ဘွဲ့ရအောင် ကျောင်းထားဖို့ အိမ်က ပိုင်သမျှ လက်ဝတ်ရတနာ တွေလည်း ရောင်းလိုက်ရပြီ။ သို့ပေမယ့် တန်သည်၊ ကုန်သင့်သည်၊ တစ်ဆွေလုံး တစ်မျိုးလုံး မျှော်လင့်သကဲ့သို့ မောင်မောင် ပညာတတ်ကြီး ဖြစ်ချေပြီ။

ပညာတတ်ဘွဲ့ရပါက ရွာမှာ အလုပ်မလုပ်ရ ဆိုသော ဘာမှန်းမသိသည့် သတ်မှတ်ချက်ကြီးကြောင့် ရွာမှာ မောင်မောင် မနေ။ မြို့ကိုတက်ကာ မောင်မောင် အလုပ် လုပ်တော့မည်။

မြို့ကိုရောက်တော့ အစိုးရဌာန ရုံးတစ်ခုမှာ အလုပ် ဝင်လျှောက်ကြည့်သည်။ ဘွဲ့လက်မှတ်ကြီး တစ်ခု ပိုက်ကာ ဘွဲ့ရပညာတတ် ဆိုသည့်အတိုင်း စာရေး ရာထူးကြီးကို မောင်မောင်တစ်ယောက် ထိုက်တန်စွာ ရရှိလိုက်လေပြီ။

အစိုးရရုံးလေး မှာပဲ ရုံးစာရေးဘဝနဲ့ ရောင့်ရဲလိုက်၊ အရာရှိစာမေးပွဲလေး ခေါ်က ဝင်ဖြေလိုက်ဖြင့် လည်ပတ်နေသည်။ စားဝတ်နေရေး အတွက် လုံလောက်စွာ ပေးထား သည့် ပမာဏကြီးမားလှသော လစာကြီးများ ကုန်သွားလျှင် ရွာကမိဘများဆီ ပိုက်ဆံ လှမ်းတောင်းလိုက်ရုံမျှဖြင့် အဆင်ပြေနေသည်။ ပညာတတ်ကြီး မပင်ပန်းရအောင် ပညာမတတ်သော မိဘများက လယ်ယာ လုပ်ငန်းလုပ်ကာ ပညာတတ်စာရေးကြီး မောင်မောင်ကို ထောက်ပံ့ကြလေသည်။

အရာရှိစာမေးပွဲ ဖြေဖြေ၊ ရာထူး စာမေးပွဲကို ဘယ်လိုကြိုးစားဖြေဖြေ မအောင်လေသော မောင်မောင် တစ်ယောက် နှစ်ကာလ အတန်ကြာလေသော် ကံဇာတာလေး တက်လာသည်။ မောင်မောင့်လောက် အဖြစ်မရှိသူ များက ရာထူးစာမေးပွဲများကို တစ်ကြိမ်တစ်ခါမျှ ဖြေရုံဖြင့်ပင် အောင်ကြလေသည်။ ဒါကို မောင်မောင် နားမလည်ခဲ့။ သို့သော် ကံတရားက မောင်မောင့်ကို ကြည့်မနေ။ အရာရှိစာမေးပွဲ မအောင်သော်လည်း လုပ် သက်ငါးနှစ်အကြာတွင် ရုံးအငယ်တန်း စာရေးလေးမောင်မောင်အဖြစ်မှ အကြီးတန်း စာရေးကြီး ဖြစ်သွားလေပြီ။ ကံတရားက အမှန်တရား ဘက်မှာ အမြဲ ရှိတတ်ပေသည်။

မောင်မောင့်ထက်အရင် အရာရှိ စာမေးပွဲ အောင်မြင်သူများ ကတော့ မောင်မောင်၏ အထက်အရာရှိများ ဖြစ်နေ ကြပေပြီ။ နောက်တော့မှ အကြောင်းစုံ မောင်မောင် သိလာသည်။ ထိုသူများက ပူဇော်ထိုက်သူများကို ပူဇော်ပသရသည် ဆိုသည့် မင်္ဂလာတရားတော်ကို လိုက်နာသောကြောင့် ပင်တည်း။

ရိုးသားသည့် မောင်မောင်၊ ကြိုးစားသည့် မောင်မောင်၊ ပညာတတ်ကြီး မောင်မောင်၊ ရုံးစာရေးကြီး မောင်မောင် စသဖြင့် နာမဝိသေသနများ ပေါများလှသည့် မောင်မောင်သည် နိုင်ငံတော်က ချီးမြှင့်သည့် လုံလောက်မျှတသော လစာငွေများ ဖြင့် ရွှေဂေါင်းပြောင်နှင့် ကန်စွန်းရွက်ကို တစ်လှည့်စီ ရေလုံပြုတ်၍ တစ်သွယ်၊ ကြော်လှော်၍ တစ်မျိုး ပြုလုပ်ကာ ဓာတ်စာအဖြစ် မှီဝဲနေရလေသည်။

ကြာတော့ ဂဏန်း ငါးလုံးမျှသာ ရှိသော အစိုးရလစာနှင့် မောင်မောင် မလောက်ငတော့။ မိဘဆီက အမြဲပင် ပြန်၍ တောင်းရသည်။ လယ်သမား၊ ယာသမား မိဘများဆီက ရသည့်ငွေဖြင့် ရုံးက တောင်း ခံသော ကထိန်ပွဲ၊ ဝါဆိုပွဲ၊ သီတင်းကျွတ်ပွဲ စသည့် စသည့် ၁၂ လ ရာသီပွဲများ အတွက် အလှူငွေ ထည့်ခြင်းဖြင့် ဒါနပါရမီ၊ အထက် အရာရှိများကို ပြန်လှန် မဆိုရဲသည့်အခါတွင် သည်းခံရသောကြောင့် ရသည့် ခန္တီပါရမီ၊ ကိုယ့်လက်အောက်က ဝန်ထမ်းများ ကဏ္ဋကောစ ပြုပါလျှင်လည်း မမြင်ချင်ယောင်၊ မသိချင်ယောင်၊ မကြားချင်ယောင်ဆောင် ကာ နေရသောကြောင့် ရသည့် ဥပေက္ခာ ပါရမီ စသည့် စသည့် ပါရမီများကို ဖြည့်ဆည်းကာ ဘဝကို ကျေနပ်စွာ နေထိုင်လေသည်။

ထိုသို့နေထိုင်လာသည့် မောင်မောင်တစ်ယောက် တစ်နေ့မှာတော့ တစ်ရွာတည်း နေပြီး အခုမြို့တွင် အလုပ်လာလုပ်နေသော သူငယ်ချင်း အောင်အောင်နှင့် ပြန်တွေ့ လေသည်။ ငယ်ကတည်းက အောင်အောင်က ပညာရေးကိုလည်း သိပ်စိတ်မဝင်စားသူမျိုး ဖြစ်သည်။ သို့ရာတွင် ပါးရည်နပ်ရည် ကတော့ မောင်မောင့်ထက် ရှိလှသည်။ ခွင်ကျော်မြင်တတ်သည်။ အောင်အောင်က မည်သူ့ကို ကပ်လျှင် မည်သို့စားရမည် ကိုလည်း မွေးရာပါ ပညာတစ်ခုကဲ့သို့ တတ်မြောက်ထားသူဖြစ်သည်။

ခုတော့ အောင်အောင်က အစိုးရ ရုံးကြီးတစ်ရုံးတွင် ပြာတာအလုပ် လုပ်နေရှာသည်။ အောင်အောင် ၏ မည်းနက်နေသည့် အသားအရေပေါ်တွင် ရွှေဆွဲကြိုး လက်တစ်လုံးလောက်ကြီးက အပြူးသား။ ပြာတာ လစာ နှစ်ပဲခြောက်ပြားဖြင့် သည်ဆွဲကြိုးကြီးကို အောင်အောင် ဘယ်လိုပိုင်ဆိုင်သည် ဆိုသည်ကိုမူ မောင်မောင် နားမလည်။ အောင်အောင်က ပြာတာဆိုသော်ငြား မောင်မောင်နှင့် ယှဉ်ကြည့်လျှင် အပြတ်ကွာခြားကာ မောင်မောင့်ထက် သားနားလွန်းနေသည်။

အောင်အောင်၏ တစ်ရက်တာ ဝင်ငွေက မောင်မောင့် တစ်လစာနီးပါး ရှိနေသည်။ အောင်အောင် ပညာမတတ် သော်လည်း အဘယ်ကြောင့်ထိုသို့ အဆင် ပြေနေသည်ဆိုသည်ကို မောင်မောင် လုံးဝ(လုံးဝ) နားမလည်နိုင်။

"ပညာတတ်ရင် မပင်ပန်းဘူး၊ ချမ်းချမ်းသာသာ နေရမယ်" ဆိုသည့် မောင်မောင့် အဖေ၏ ဆုံးမစကားကို ကြားယောင်မိသည်။ အိမ်ဧည့်ခန်းနံရံမှာ ရွှေရောင်ဘောင်ဖြင့် တခမ်းတနား ကွပ်ကာ တပ်ထားသည့် မောင်မောင့် ဘွဲ့ရဓာတ်ပုံ ကြီးကို ကြည့်ကာ မောင်မောင်တစ်ယောက် တောက်တစ်ချက် ခပ်ပြင်းပြင်း ခေါက်လိုက်မိလေသည်။

(ဥဂ္ဂါ)
By The Voice

ထောပတ်သီးက ဘာတွေကောင်းလဲ



ထောပတ်သီးရဲ့ ကောင်းကျိုး တွေကတော့ အများကြီးပါပဲ။ ကျန်းမာရေးနှင့် ညီညွတ်လို သူတိုင်း ထောပတ်သီးလို အသီးမျိုးကို ပုံမှန်စားပေးရင် အကောင်းဆုံး ပါပဲ။ သူ့ရဲ့ ကျန်းမာရေး ဆိုင်ရာ

အကျိုး ကျေးဇူး တွေကလည်း အံ့ဩစရာ ကောင်းလှပါတယ်။ တကယ်တော့ ထောပတ်သီးဟာ Berry ဘယ်ရီလို့ ခေါ်သော သစ်သီး မိသားစုမှ ဆင်းသက်လာသည့် မျိုးနွယ်ဝင် သစ်သီးတစ်မျိုး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ထောပတ် သီးလို့ ခေါ်ကြခြင်းရဲ့ အကြောင်းရင်းက မှည့်၍ ပျော့နေသော ထောပတ်သီး အသားများဟာ ကိုင်တွယ်ထိတွေ့ ကြည့်လိုက်ရင် နွားနို့မှ ထုတ်လုပ်ထားသော ထောပတ်ကဲ့သို့ နူးညံ့သည့် အသားမျိုး (Texture) မို့လို့ ထောပတ်နဲ့ တူလို့ ထောပတ်သီးလို့ အမည်ပေး ထားဟန် တူပါတယ်။ အင်္ဂလိပ် ဘာသာအားဖြင့် Avocadoလို့ ခေါ်ပါတယ်။ တချို့ကလည်း ထောပတ်သီးရဲ့ အပေါ် အရေခွံ အရောင် ပုံသဏ္ဌာန်နဲ့ သစ်တော်သီး ပုံသဏ္ဌာန် ဖြစ်နေတဲ့ အတွက် မိကျောင်း သစ်တော် Alligator Pear လို့လည်း ခေါ်ကြ တယ်လို့ ဆိုပါတယ်။ ထောပတ်သီးရဲ့ အာနိသင် တွေ ကတော့-

(၁) ကင်ဆာရောဂါကာကွယ်ပေးခြင်း

ထောပတ်သီးထဲမှာ ပါဝင်သော ဓာတုပစ္စည်းများ အချို့က ကင်ဆာ ကလာပ်စည်း များကို ဖျက်ဆီး ပစ်နိုင်ကြောင်း၊ ကျန်းမာနေသော ကလာပ် စည်းများကိုလည်း ထိခိုက်မှု မရှိကြောင်း၊ ထို့ကြောင့် ဆီးကျိတ်ကင်ဆာ၊ ခံတွင်း ကင်ဆာတို့ကို ကာကွယ်နိုင်ခြင်းရှိ ကြောင်း သိရပါတယ်။ ဒါ့အပြင် ထောပတ်သီးမှ ထွက်ရှိ လာသော အဆီက OleicAcid ပါဝင်မှု များပြီး၊ ၄င်းက ရင်သားကင် ဆာမဖြစ်အောင်လည်း ကာကွယ်ပေး နိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် ထောပတ်သီးသည် ကင်ဆာရောဂါ ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။

(၂) နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေ လျော့ကျစေခြင်း

ထောပတ်သီး တစ်ခွက်စာထဲမှာ လူတစ်ယောက် တစ်နေ့တာ လိုအပ်သော Folate ဖောလိတ် အမည်ရှိ ဗီတာမင်B တစ်မျိုး ၂၃ ရာခိုင်နှုန်း ပါဝင်ကြောင်း သိရပါတယ်။ ဖောလိတ်က နှလုံးသွေးကြော ရောဂါမဖြစ်အောင် ကာကွယ်ပေး နိုင်ပါတယ်။ ဒါ့အပြင် ထောပတ်သီး ထဲမှာ ပါဝင်တဲ့ Mono မပြည့်ဝဆီနှင့် ဗီတာမင် E, Glutathione စသည်တို့ ကလည်း နှလုံး ကျန်းမာရေးကို အားပေး မြှင့်တင် ပေးနိုင်ပါတယ်။

(၃) သွေးတွင်းအဆီဓါတ် ကျဆင်းစေသည်

ထောပတ်သီးထဲမှာ ဘီတာဆိုက် စတီရောဟုခေါ်သော ဓာတုပစ္စည်း များက ကိုလက် စထရောလ် ပမာဏကို ကျဆင်း စေပါတယ်။ ထောပတ်သီး တစ်ပတ်ခန့် စားပြီးလျှင် ကိုလက်စထ ရောလ်ပမာဏ ၁၇ ရာခိုင်နှုန်းထိ ကျဆင်းသွားစေနိုင်ကြောင်း တွေ့ရှိ ထားရပါတယ်။ ကိုလက်စထရောလ် နည်းတာနှင့်အမျှ နှလုံးသွေးကြော ရောဂါ ဖြစ်နိုင်ခြေ အခွင့်အလမ်း နည်းသွား စေပါတယ်။

(၄) လေဖြတ်ခြင်းကို ကာကွယ်ခြင်း

ထောပတ်သီးထဲမှာ ပါတဲ့ ဖောလိတ်က လေမဖြတ်အောင် ကာကွယ် ပေးပါတယ်။

(၅) အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေခြင်း

Glutathione လို့ခေါ်တဲ့ အင်တီ အောက်စီးဒင့် ကြွယ်ဝစွာ ပါဝင်တဲ့ အတွက် အဲဒီပစ္စည်းက အသက်အရွယ် အိုမင်း ရင့်ရော်မှုကို နှေးကွေးအောင် လုပ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် အသက် အရွယ်ချင်း အတူတူ ပိုပြီးနုပျို စေနိုင်ပါတယ်။ ဒါ့အပြင် နှလုံးရောဂါ နှင့် ကင်ဆာ ရောဂါတို့ကိုလည်း ကာကွယ်နိုင်ပါသေးတယ်။

(၆) ဗီတာမင် C,E နှင့် K ကြွယ်ဝစွာ ပါဝင်ခြင်း

ဗီတာမင် C နှင့် E ကြွယ်ဝ သောကြောင့် ခန္ဓာကိုယ်အတွင်း ဓာတ်တိုးခြင်း ဖြစ်စဉ်များ မဖြစ်အောင် တားဆီး ပေးပါတယ်။ ဗီတာမင် K က သွေးခဲရာမှာ ကူညီ ပေးပါတယ်။

(၇) အာဟာရစုပ်ယူမှု ပိုကောင်းစေခြင်း

ကာရိုတင်နွိုက်လို့ ခေါ်တဲ့ ပစ္စည်းတွေ ပါဝင်တဲ့ အတွက် အဆီတွင် ပျော်ဝင် လွယ်သော အာဟာရ ဓာတ်များ စုပ်ယူမှု ပိုကောင်း စေပါတယ်။ ထောပတ်သီး အခွံနှင့် ကပ်လျက် အစိမ်း ရင့်ရောင်ရှိသော အပိုင်းမှာ အများဆုံး ပါဝင်ပါတယ်။ ဒါ့ကြောင့် ထောပတ်သီး အခွံ သင်တဲ့အခါ အဲဒီ အစိမ်း ရင့်ရောင်အပိုင်းတွေ လွှင့်ပစ်တဲ့ အထဲ ပါမသွားအောင် ဂရုစိုက်၍ လှီးပါ။

(၈) ထောပတ်သီး ဘယ်လိုစားမလဲ

ထောပတ်သီးကို စားတဲ့နည်း အမျိုးမျိုး ရှိတဲ့အနက် ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးနည်း များကို သိထားဖို့ အရေးကြီး ပါတယ်။ ဒေါက်တာ အယ်ဒီတာ တို့နိုင်ငံတွင် အများစု ကတော့ ထောပတ်သီးကို အသားတွေခြစ်ယူ၊ နို့၊ သကြားတို့ဖြင့် ဖျော်ရည်စက်ထဲ ထည့်ဖျော်ကာ သောက်သုံးလေ့ ရှိကြတာ ဖြစ်ပါတယ်။ အဲဒီလို ပုံစံမျိုး အမြဲတမ်း သုံးစွဲလျှင် နို့နှင့် သကြားကြောင့် ကယ်လိုရီတွေ တက်ခြင်း၊ ကိုယ်အလေးချိန် တိုးခြင်း၊ နို့ထဲမှ ပြည့်ဝဆီတွေ စားမိခြင်းဖြစ် တတ်ကြောင်း သတိထား ရပါမယ်။ အကောင်းဆုံး ကတော့ ထောပတ်သီးကို သူ့အတိုင်း ဇွန်းနှင့် ကော်၍ စားခြင်းက စိတ်အချရဆုံး ပါပဲ။ ဒါမှမဟုတ် ထောပတ်သီး အသားတွေ ချည်းသက်သက် ကြိတ်စက်ထဲ ထည့်ချေကာ အဲဒီ ထောပတ်သီး အနှစ်ထဲမှာ သခွားသီး အချောင်းများ၊ မုန်လာဥနီ အချောင်းများ နှစ်၍ စားခြင်းဖြင့် ကျန်းမာရေးနှင့် ညီညွတ်စေပါတယ်။ ဒါ့အပြင် ထောပတ်သီးကို ဟင်းချိုရည် အဖြစ် ခပ်သောက် နိုင်ပါ သေးတယ်။ ဒီလောက်ဆိုရင် ထောပတ်သီးနှင့် ပတ်သက်၍ လုံလောက်ပြီ ထင်ပါတယ်။

ကြက်ဟင်းခါးပင်၏ ကျန်းမာရေး စွမ်းပကား



ခါးသက်သက် အရသာရှိတဲ့ ကြက်ဟင်းခါးသီးဟာ အပူပိုင်း စိုစွတ်တဲ့ ရာသီမှာ ပေါက်လေ့ရှိပြီး အဓိကအားဖြင့် အာရှတိုင်းပြည်တွေနဲ့ တောင်အမေရိကတွေမှာ တွေ့ရပါတယ်။ အရသာက ခါးသက်တယ် ဆိုပေမယ့် ကြက်ဟင်းခါးသီးမှာ ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရှိပါတယ်။

အာဟာရတန်ဖိုး

ကြက်ဟင်းခါးသီးမှာ ကယ်လိုရီ ပါဝင်မှု အလွန် လျော့နည်းပါတယ်။ ဒါပေမဲ့ တန်ဖိုးရှိတဲ့ အာဟာရ ဓာတ်တွေ အများအပြား ပါဝင်ပါတယ်။ ဗီတာမင် B1 ၊ B2 နဲ့ B3၊ ဗီတာမင်စီ၊ မဂ္ဂနီဆီယမ်၊ ဖောလစ်အက်စစ်၊ ဇင့်(သွပ်)၊ ဖော့စ်ဖရပ်စ်၊ မဂ္ဂနိစ်နဲ့ အမျှင်ဓာတ်တို့ ကောင်းစွာ ပါဝင် နေပါတယ်။ သံဓာတ် ပါဝင်မှု များပြီး ဘီတာ ကယ်ရိုတင်း ပါဝင်မှုဟာ ပန်းဂေါ်ဖီစိမ်းထက် နှစ်ဆ၊ ကယ်လ်စီယမ် ပါဝင်မှုက ဟင်းနုနယ်ရွက်ထက် နှစ်ဆနဲ့ ပို တက်စီယမ်ပါဝင်မှုက ငှက်ပျောသီးထက် နှစ်ဆ အသီးသီး ပါဝင်နေပါတယ်။ ကြက် ဟင်းခါးသီးမှာ သွေးတွင်း သကြားဓာတ်ကို ကျစေတဲ့ အာနိသင်ရှိသလို Polypeptide P လို့ခေါ်တဲ့ အင်ဆူလင်လို ဒြပ်ပေါင်း တစ်မျိုး လည်း ပါဝင်တာကြောင့် ဆီးချိုရောဂါရှိသူတချို့အတွက် ကောင်းကျိုး ရှိကြောင်း လေ့လာသူတွေက ဆိုပါတယ်။

ကျန်းမာရေး အကျိုးကျေးဇူးများ

(၁) သွေးပြဿနာများ

ကြက်ဟင်းခါးသီးအရည်ဟာ သွေး ဆိပ်သင့်တာကြောင့်ဖြစ်တဲ့ အနာနဲ့ ယား ယံမှုတွေကို ကုသရာမှာ အလွန်အကျိုး ကျေးဇူးများပါတယ်။ လတ်ဆတ်တဲ့ ကြက် ဟင်းခါးသီးအရည်ကို သံပရာရည်နဲ့ ရောကာ အစာမရှိချိန် ဖြည်းဖြည်းချင်း ငုံပြီး နေ့စဉ်သောက်ပေးရင် ၄-၆လ အ ကြာမှာ သိသာတဲ့ တိုးတက်မှုကို တွေ့ရပါ တယ်။

(၂) ကာလဝမ်းးရောဂါ

ကာလဝမ်းရောဂါ အစောပိုင်းအ ဆင့်မှာ ကြိတ်ခြေထားတဲ့ ကြက်ဟင်းခါး ရွက် လက်ဖက်စားဇွန်း နှစ်ဇွန်းနဲ့ ကြက် သွန်နီအရည် လက်ဖက်စားဇွန်း နှစ်ဇွန်း၊ သံပရာရည် လက်ဖက်စားဇွန်း တစ်ဇွန်း တို့ကို ဆတူရောပြီး နေ့စဉ် သောက်ပေး ပါ။

(၃) အမျိုးအစား (၂) ဆီးးချိုရောဂါ

ကြက်ဟင်းခါးသီးမှာ ပါတဲ့ အပင် ထွက်အင်ဆူလင်ဟာ ဆီးနဲ့ သွေးထဲက သကြားဓာတ်ကို လျော့ကျစေတဲ့ အကျိုးကျေးဇူး ရှိပါတယ်။ ကြက်ဟင်းခါးသီးဟာ သွေးတွင်း အင်ဆူလင်အဆင့်ကို တိုးစေ တာမျိုး မရှိဘဲ ဂလူးကို့စ် ခံနိုင်ရည်ရှိမှုကို သိသိသာသာ ကောင်းမွန်စေတာ ဖြစ်ပါ တယ်။

(၄) စွမ်းအင်

ကြက်ဟင်းခါးသီး အရည်ကို ပုံမှန် သောက်ပေးတာကြောင့် စွမ်းအင်နဲ့ သက်လုံကို ကောင်းမွန်စေပါတယ်။ နှစ်နှစ် ခြိုက်ခြိုက် အိပ်မောကျစေပါတယ်။

(၅) မျက်စိပြဿနာများ

ကြက်ဟင်းခါးသီးမှာ ဘီတာကယ်ရို တင်းနဲ့ တခြားအာနိသင်တွေ ပါဝင်မှု မြင့် မားတာကြောင့် မျက်စိ ပြဿနာ တွေကို ကင်းဝေးစေပြီး အမြင်အာရုံကို တိုးတက် ကောင်းမွန်စေပါတယ်။

(၆) အရက်နာကျခြင်း

ကြက်ဟင်းခါးသီး အရည်ဟာ အရက်နာကျတဲ့ ဝေဒနာကို ကုသရာမှာ ကောင်းကျိုး ရှိပါတယ်။ အရက်သောက် တာကြောင့်ဖြစ်တဲ့ အသည်းဝေဒနာ တွေကို ပြုပြင်ပေးပြီး အသည်းကို သန့် စင်စေပါတယ်။

(၇) ကိုယ်ခံစွမ်းအား ကောင်းမွန်ခြင်း

ကြက်ဟင်းခါးသီး အရည်ဟာ ကိုယ်ခံစွမ်းအား စနစ်ကို ကောင်းမွန်အောင် တည်ဆောက်ပေးပြီး ခန္ဓာကိုယ်ရဲ့ ရောဂါ တွန်းလှန်နိုင်စွမ်းကို ကောင်းမွန်စေပါတယ်။

(၈) လိပ်ခေါင်း

ကြက်ဟင်းခါးရွက်ကရတဲ့ အရည် လက်ဖက်စားဇွန်း သုံးဇွန်းကို ထောပတ်၊ နို့ တစ်ဖန်ခွက်နဲ့ ရောကာ နံနက်တိုင်း အစာမရှိချိန်မှာ သောက်ပေးရင် တစ်လအကြာမှာ သက်သာ သွားပါလိမ့်မယ်။ လိပ်ခေါင်းက နာကျင် နေရင် ကြက်ဟင်းခါးပင်ရဲ့ အမြစ်ကို စေးပျစ်အောင် ကြိတ်ပြီး လိပ်ခေါင်းပေါ်မှာ အုပ်ပေးပါ။

(၉) ဆိုးရီးယေးစစ်အရေပြားအနာ

ကြက်ဟင်းခါးရွက် အရည်ကို ပုံမှန် သောက်ပေးရင် ဆိုးရီးယေးစစ်နဲ့ တခြား ဖန်းဂပ်စ်မှိုစွဲတဲ့ အရေပြား အနာတွေကို သက်သာစေပါတယ်။

(၁၀) အသက်ရှူလမ်းကြောင်း ပြဿနာများ

လတ်ဆတ်တဲ့ ကြက်ဟင်းခါးသီး အရည် နှစ်အောင်စနဲ့ ရေရောထားတဲ့ ပျားရည်တစ်ခွက်ကို ရောသောက် ပေးရင် ပန်းနာရင်ကျပ်၊ လေပြွန်ရောင်တာ စတဲ့ အသက်ရှူလမ်းကြောင်း ဝေဒနာတွေကို သက်သာစေပါတယ်။ သတိပြုရန် ဆီးချိုကုသဆေးသောက်နေတဲ့ ဆီးချိုရောဂါရှိသူတွေအနေနဲ့ ကြက်ဟင်းခါးအရည် မသောက်ခင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ကိုယ်ဝန်ဆောင်တွေအနေနဲ့ ကြက်ဟင်းခါးသီးကို အလွန်အမင်း စားသောက်တာမျိုး ရှောင်သင့်ပါတယ်။

ကင်ဆာ ရောဂါ အတွက် ဒူးရင်းသြဇာ



ကျမတို့ ရုံးနှစ်ပတ်လည် အစည်းဝေး အတွက် နိုင်ငံ အသီးသီးက တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေ ထဲမှာ တယောက် ကျမတွေ့တော့ တော်တော် အံ့အား သင့်သွားတယ်။ ဒီနှစ်စမှာဘဲ ဆေးစစ် တဲ့အခါ ကင်ဆာလို့ အဖြေထွက်ပြီး ကျမတို့ တတွေ စိတ် မကောင်း ဖြစ်နေ ခဲ့တာပါ။

အခု ပြန်တွေ့တော့ လန်းဆန်း ကျန်းမာ တက်ကြွနေတော့ စကား စမြည် ပြောရင်းနဲ့ ဆေးနည်းလေး တစ်ခု ရလာတာကို ဝေမျှခြင်လို့ပါ။

အခုတစ်လော ကင်ဆာဆိုတာနဲ့ လူတွေက လန့်နေကြပါပီ။ ခီမိုသွင်းရတာနဲ့ မိသားစုဝင်တွေ စိတ်ပင်ပန်း ကြတာနဲ့ ရုတ်တရက် သေဆုံး သွားတာနဲ့ ဒါကြောင့် ကျမတို့ ရုံးက အန်တီ ဆိုရင် သူ့ကင်ဆာဖြစ်တာ သူများကို မသိ စေချင်ဘူး၊ သူများတွေ သူ့ကို သေလူလို့ ကြည့်နေတဲ့ အကြည့်တွေ မခံနိုင်ဘူး ဆိုပီးရင် ဖွင့်ရှာပါတယ်။

ကျမ ရဲ့ အချစ်ဆုံး ကြီးကြီးလဲ ကင်ဆာနဲ့ ဆုံးသွားသလို အမလို ခင်မင်ပြီး ချစ်ရတဲ့ ရှေ့နေမမ တစ်ယောက်လဲ ကင်ဆာနဲ့ ဘ၀ဆုံးသွား ရရှာပါတယ်။ အထူးသဖြင့် ကျမတို့ မိသားစုနဲ့ နှစ်အိမ်တစ်အိမ် လိုဖြစ်နေတဲ့ မိုးကောင်းက အန်တီနဲ့အန်ကယ်လဲ ကင်ဆာနဲ့ဘဲ ဆုံးပါး သွားကြတယ်။အရင်ကတော့ ပန်းခါး ဆိုတာ အရမ်းကို နာမည်ကြီးတယ်။ ပန်းပင် အခြောက်လေး တွေကို ရေနွေးကြမ်း လိုလုပ်သောက် ရတာပါ၊ အရမ်းကို ခါးတော့ ကျမတောင် စမ်းသောက်ကြည့်ပီး တွန့်သွားတာနဲ့ မသောက် ဖြစ်တော့ပါဘူး။ ခီမို သွင်းထားတဲ့ လူနာတွေဆို ခံတွင်းထဲ ဘာထည့်ထည့် အရသာ မရှိတော့ဘူး။ အရမ်းလဲ သနားဖို့ ကောင်းပါတယ်။

ကင်ဆာ ရောဂါ ဖြစ်နေ သူများအတွက် သတင်းကောင်းပါ။ အရသာလဲ မဆိုးတဲ့ ဘဘာဝ အသီးပင်ရဲ့ အရွက်ကိုပြုတ် သောက်ရုံတင်နဲ့ ကင်ဆာ ရောဂါကို ပျောက်ကင်းသက် သာစေတာ ကျမမျက်စိရှေ့မှာတင် ၄ ယောက်လောက်တွေ့ခဲ့လို့ ရဲရဲကြီးမျှဝေလိုက်ပါတယ်။

ဆေးပညာ အကြောင်းအစုံလင် နားမလည် ပေမယ့် ခီမိုသွင်းတာ ကင်ဆာ cell အကောင်းရော အဆိုးပါ သတ်ပစ် တာဖြစ်ပီး ဒီဒူးရင်း သြဇာ အရွက်ပြုတ်ရည်ရဲ့ အာနိသင်ကတော့ ကင်ဆာ ဆဲလ် ချည်းသတ်သတ် ကိုသာ သတ်ပစ် တယ်လို့ ရှင်းပြ ပါတယ်။

ကျမ ညီမလေး ကျောင်းက ပရော်ဖက်ဆာကတော့ လူတိုင်းတော့ ပျောက်နိုင်မှာ မဟုတ်ဘူး၊ တစ်ယောက်နဲ့ တစ်ယောက် ကင်ဆာဖြစ်ပုံ အမျိုးစားခြင်း မတူသလို ခန္တာကိုယ်က တုံ့ပြန်ပုံခြင်းလဲ မတူနိုင်ပါ ဘူးလို့ ဆိုပါ တယ်။ ဒါပေမယ့် ကျမ အကြံ ပေးခြင် တာကတော့ အနည်းနဲ့ အများ ပျောက်သွား သည်ဖြစ်စေ သက်သာ သွားသည်ဖြစ်စေ အန္တရယ် မရှိတာမို့ စမ်းသောက် ကြည့်ကြဖို့ တိုက်တွန်း ပါရစေ။ ကိုယ်နဲ့သိတဲ့ မိတ်ဆွေ၊ သူငယ်ချင်း ဆွေမျိုး သားခြင်း များမှာလဲ ကင်ဆာ ရောဂါရှိတဲ့ သူများရှိရင် ထပ်ဆင့် ဝေငှ ပေးကြပါ။

အမျိုးသမီးများမှာ အားကိုးရာ




အမျိုးသမီးများသည် အရာရာတွင် သိမ်မွေ့သူများ ဖြစ်ကြ၍ အားအစွမ်းမရှိသူ၊
နည်းပါးသူများ ဖြစ်ကြ၏ဟု မှတ်ထင်ကြရပေသည်။ မှတ်ထင်ကြသည့်အတိုင်း
မဟုတ်ပေ။ ထက်မြက်သော အားအစွမ်းများ ရှိကြသူများသာ ဖြစ်ပေသည်။

အမျိုးသမီးများ၏ အားအစွမ်းများမှာ -

(၁) ရူပဗလံ = ရုပ်ရည်အဆင်း လှပတင့်တယ်ခြင်းသည် အမျိုးသမီးတို့၏ အား
အစွမ်းတစ်မျိုး ဖြစ်ပေသည်။ သို့ဖြစ်၍ အမျိုးကောင်းသမီးတို့သည် ရုပ်ရည်အ
ဆင်းများ လှပတင့်တယ်အောင် ပြုပြင်ကြရပေသည်။

(၂) ဘောဂဗလံ = ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝခြင်းသည် အမျိုးသမီးတို့၏
အားအစွမ်းတစ်မျိုးပင်ဖြစ်ပေသည်။ သို့ဖြစ်၍ အမျိုးကောင်းသမီးတို့သည် စီးပွား
ဥစ္စာကို စုဆောင်းရှာဖွေ သိမ်းဆည်းကြရပေသည်။

(၃) ဉာတိဗလံ = ဆွေမျိုးဉာတိ မိဘများ ပြည့်ပြည့်စုံစုံ ရှိခြင်းသည် အမျိုးသမီး
တို့၏ အားအစွမ်းတစ်မျိုးပင် ဖြစ်ပေသည်။ သို့ဖြစ်၍ အမျိုးကောင်းသမီးတို့သည်
မိဘဆွေမျိုးများနှင့် အရာရာမှာ သင့်တင့်ညီညွတ်အောင် နေထိုင်ကြရပေသည်။

(၄) ပုတ္တဗလံ = သားသမီးများနှင့် ပြည့်စုံခြင်းသည် အမျိုးသမီးတို့၏ အားအစွမ်း တစ်မျိုးပင် ဖြစ်ပေသည်။ သို့ဖြစ်၍ အမျိုးကောင်းသမီးတို့သည် သားသမီးရရှိရေးကို အလေးပြုကြရပေသည်။

(၅) သီလဗလံ = အကျင့်သီလနှင့် ပြည့်စုံခြင်းသည် အမျိုးသမီးတို့၏ အားအ
စွမ်းတစ်မျိုးပင် ဖြစ်ပေသည်။ သို့ဖြစ်၍ အမျိုးကောင်းသမီးတို့သည် သူ့အသက်မ သတ်ခြင်း။ သူ့ဥစ္စာမခိုးခြင်း၊ သူ့သားယောက်ျားများ မဖျက်ဆီးခြင်း၊ လိမ်ညာ၍ မပြောခြင်း၊ အရက်သေစာ မသောက်စားခြင်းစသော အကျင့်သီလနှင့် ပြည့်စုံ
အောင် နေထိုင်ကြရပေသည်။

ဤအား(၅)မျိုးသည် အမျိုးကောင်းသမီးတို့၏ ထက်မြက်သော အားအစွမ်းများပင် ဖြစ်ကြပေသည်။
(သံ-၂/၄၄၃)

ဤအားအစွမ်း(၅)မျိုးနှင့် ပြည့်စုံသော အိမ်ရှင်မတို့သည် မိမိတို့၏မိသားစုကို
ကောင်းမွန်စွာ ထိန်းသိမ်းအုပ်ချုပ်နိုင်သောကြောင့် မိသားစုအားလုံးတို့၏ အလေး ဂရုပြုခြင်းကို ခံယူရရှိကြပေသည်။

အမျိုးကောင်းသမီးတို့၏ အားအစွမ်း(၅)မျိုးတို့တွင် အဆင်းလှပတင့်တယ်ခြင်းဟူ သော အားအစွမ်း၊ စီးပွားဥစ္စာ ပြည့်စုံကြွယ်ဝခြင်းဟူသော အားအစွမ်း၊ ဆွေမျိုးမိ
ဘ ပြည့်စုံခြင်းဟူသော အားအစွမ်း၊ သားသမီး ပြည့်စုံခြင်းဟူသော အားအစွမ်းတို့ သည် နောင်ဘဝများတွင် ကောင်းမြတ်သော ဘုံဘဝများသို့ ရောက်သွားဖို့ရာ အားအစွမ်းများ မဟုတ်ကြပေ။ ယခုမျက်မှောက်ဘဝအတွက် အားအစွမ်းများသာ ဖြစ်ကြပေသည်။

အကျင့်သီလ အားအစွမ်းတစ်ခုတည်းသာလျှင် နောင်ဘဝများတွင် ကောင်းမြတ် သော ဘုံဘဝများသို့ ရောက်သွားဖို့ရာ အားအစွမ်းဖြစ်ပေသည်။

သီလအားအစွမ်းနှင့် ပြည့်စုံသော အမျိုးကောင်းသမီးတို့သည် အကျိုး(၅)မျိုး ရရှိ
ခံစားကြရပေသည်။

၁။ ပစ္စည်းဥစ္စာ ရှာဖွေရာမှာ ရလွယ်ခြင်း၊

၂။ ဂုဏ်သတင်းကောင်းတို့ဖြင့် ကျော်ကြားခြင်း၊

၃။ ပွဲနေပွဲထိုင် ပရိသတ်အမျိုးမျိုးသို့ ရွှင်လန်းဝမ်းမြောက်စွာဝင်ရောက်နိုင်ခြင်း၊

၎။ သေခါနီးမှာ ကောင်းသောနိမိတ်များထင်ကာ မတွေမဝေသေရခြင်း၊

၅။ သေပြီးကာလ နောက်ဘဝမှာ နတ်ပြည်သို့ ရောက်ရခြင်းဟူသော ဤအချက်
(၅)မျိုးကို ခံစားရရှိကြရပေသည်။

ဆောင်ပုဒ် ။ ။
ပစ္စည်းရလွယ်၊ ဂုဏ်ကောင်းကြွယ်၍၊
မငယ်မျက်နှာ၊ မတွေကာသေ၊
ရောက်လေနတ်ရွာ၊ ဤငါးဖြာ၊
မှန်စွာသီလအကျိုးတည်း။

သို့ဖြစ်၍ အမျိုးကောင်းသမီးတို့သည် အကျင့်သီလနှင့် ပြည့်စုံခြင်းဟူသော အား
အစွမ်းကိုသာ အထူးအားကိုးသင့်ကြပေသည်။ သီလကို အထူးလုံခြုံအောင်
စောင့်ထိန်းသင့်ကြပေသည်။

အရှင်ကုဏ္ဍလာဘိဝံသ
သဒ္ဓမ္မရံသီရိပ်သာဆရာတော်
(သိကောင်းစရာ ဓမ္မပဒေသာ မှ)
Buddhavasa Tiloka

ကြက်မောက်သီး၏ ကျန်းမာရေး စွမ်းပကား



ကြက်မောက်သီး အခွံက အနီရောင်ရှိပြီး အထဲက အသီးအနှစ်ဟာ အဝါရောင် သန်းနေပြီး အရသာ အနေနဲ့ ချိုမြပါတယ်။ ကြက်မောက်သီး တစ်ခွက်စာ ပမာဏမှာ ကယ်လိုရီ ၁၂၃၊ အဆီ ၀ ဒသမ

၃ ဂရမ်၊ ဆိုဒီယမ် ၁၇ မီလီဂရမ်၊ ကာဗိုဟိုက်ဒရိတ် ၃၁ ဒသမ ၃ ဂရမ်၊ အမျှင်ဓာတ် ၁ ဒသမ ၄ ဂရမ်၊ ပရိုတင်း တစ်ဂရမ်တို့ ပါဝင်ကြပြီး ကိုလက်စထရောနဲ့ ပြည့်ဝဆီတို့ ပါဝင်မှု မရှိပါဘူး။ဒီလို အာဟာရ တန်ဖိုးတွေ ပါဝင်တဲ့ ကြက်မောက်သီးကို စားပေးရင် အောက်ပါ ကျန်းမာရေး စွမ်းပကားတွေကို ရရှိစေပါတယ်။

ကြက်မောက်သီးမှာ သကြားဓာတ်၊ အထူးသဖြင့် ဖရက်တို့စ်နဲ့ ဆူးခရို့စ်တို့ များစွာ ပါဝင်ပြီး ကယ်လိုရီ ပါဝင်မှု နည်းပါတယ်။ ပျမ်းမျှအားဖြင့် ကြက်မောက်သီး တစ်လုံးမှာ ကယ်လိုရီ ၆၀ လောက်ပဲ ပါဝင်ပါတယ်။ ကြက်မောက်သီးမှာ ဗီတာမင်စီ များစွာ ပါဝင်ပြီး ပိုတက်စီယမ်၊ သံဓာတ်၊ ဘီတာကယ်ရိုတင်း (ဒါမှမဟုတ်) ဗီတာမင်အေ၊ ကယ်လ်စီယမ် နည်းနည်း၊ မဂ္ဂနီဆီယမ်၊ သွပ်(ဇင့်)၊ ဆိုဒီယမ်၊ နိုင်ယာစင်၊ အမျှင်ဓာတ်နဲ့ ပရိုတင်းဓာတ်တို့ ပါဝင်ပါတယ်။

ကြက်မောက်သီးကို မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံတွေမှာ ရိုးရာဆေးတစ်လက်အဖြစ် နှစ်ရာပေါင်းများစွာကပင် ဆီးချိုရောဂါ၊ သွေးတိုးရောဂါနဲ့ တခြား နာမကျန်းမှုပေါင်း များစွာကို ကုသရာမှာ အသုံးပြုခဲ့ကြပါတယ်။

ကြက်မောက်သီးမှာ ဗီတာမင်စီနဲ့ ဘီတာကယ် ရိုတင်းတို့ များစွာ ပါဝင်တဲ့ အပြင် ဖလေဗိုးနွိုက်လို့ ခေါ်တဲ့ အပင်ထွက် အင်တီ အောက်ဆီးဒင့်လည်း ပေါများစွာ ပါဝင်ပါတယ်။ ဖလေဗိုးနွိုက်ဟာ သွေးတွင်း မကောင်းတဲ့ ကိုလက် စထရောကို လျော့ကျစေပြီး ကင်ဆာ ဆန့်ကျင် ဂုဏ်သတ္တိနဲ့ ရောင်ရမ်းမှု လျော့ကျစေတဲ့ ဂုဏ်သတ္တိတို့လည်း ရှိပါတယ်။

ကြက်မောက်သီး အရေခွံမှာ Gallic acid ပါဝင်ပြီး ခန္ဓာကိုယ်တွင်းမှာ ဖရီးရယ်ဒီ ကယ်ကြောင့် ထိခိုက်မှုတွေ မဖြစ်အောင် ကာကွယ် ပေးပါတယ်။ ဒါ့အပြင် ကင်ဆာရောဂါ မဖြစ်အောင် လည်း ကာကွယ် ပေးနိုင်စွမ်း ရှိပါတယ်။ အင်တီအောက်ဆီးဒင့် အစွမ်းကြောင့် ကြက်မောက် သီး Extract ကို ဆေးဝါး ဒါမှမဟုတ် ဖြည့်စွက်ဆေး တစ်မျိုးအဖြစ် အသုံးပြုနိုင်ပါတယ်။

ကြက်မောက်သီးမှာ ဗီတာမင်စီ များစွာ ပါဝင်ပါတယ်။ ကြက်မောက်သီး ၁၀- ၁၂ လုံးမှာ အက်စ်ကောဗစ် အက်စစ် (Ascorbic Acid) ၇၅-၉၀ မီလီဂရမ် ပါဝင်ပြီး လူတစ်ယောက် တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင်စီထက် နှစ်ဆကျော် ရှိပါတယ်။ ဗီတာမင်စီဟာ ခန္ဓာကိုယ် ဆဲလ်တွေကို ဖရီးရယ်ဒီ ကယ်ကြောင့် ထိခိုက်မှုမှ ကာကွယ်ပေးနိုင်ပြီး သံဓာတ် စုပ်ယူ နိုင်အောင် ကူညီ ပေးပါတယ်။

ကြက်မောက်သီးမှာ သွေးနီဥနဲ့ သွေးဖြူဥတွေ ပြုလုပ်ရေး အတွက် လိုအပ်တဲ့ ကြေးနီဓာတ် အနည်းငယ် ပါဝင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်က အင်ဇိုင်းတချို့ ထုတ်လုပ်ရေးအတွက် လိုအပ်တဲ့ မဂ္ဂနိစ်လည်း လိုအပ်ပါတယ်။

ကြက်မောက်သီးရဲ့ လုပ်ငန်းဆောင်တာ တစ်ခုကတော့ သံဓာတ် အရင်းအမြစ် ကောင်းကောင်း ရရှိစေတာပဲ ဖြစ်ပါတယ်။ စားတဲ့အထဲမှာ ပါတဲ့ သံဓာတ်ဟာ ခန္ဓာကိုယ်တွင်း အောက်ဆီဂျင် မှန်ကန်တဲ့ အတိုင်းအတာ ရအောင် ကူညီပေးနိုင်ပြီး သွေးအားနည်း တာကြောင့် မူးဝေတာ၊ နုံးချည့် ပင်ပန်းတာနဲ့ ဖျော့တော့နွမ်းနယ် တာတွေ မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။

ကြက်မောက်သီး တစ်ခွက်စာ ပမာဏကို စားတဲ့အခါ တစ်နေ့တာ လိုအပ်တဲ့ ဖော့စ်ဖရပ်စ်ရဲ့ ၄ ဒသမ ၃ ရာခိုင်နှုန်းကို ရရှိစေပါတယ်။ ဖော့စ်ဖရပ်စ်ဟာ ကျောက်ကပ်ထဲက အညစ်အကြေးနဲ့ စွန့်ပစ် ပစ္စည်းတွေကို စွန့်ထုတ်ပေးပြီး တစ်သျှူးနဲ့ ဆဲလ်တွေရဲ့ ဖွံ့ဖြိုးမှု၊ ပြုပြင်မှုနဲ့ ကောင်းမွန်အောင် ထိန်းသိမ်းမှုတွေမှာ အရေးပါပါတယ်။

ကြက်မောက်သီးမှာ ကယ်လ်စီယမ် အနည်းငယ် ပါဝင်ပြီး ဖော့စ်ဖရပ်စ်နဲ့ ကယ်လ်စီယမ်ဟာ သွားနဲ့ အရိုးတွေ အားပြည့် ခိုင်ခံ့စေဖို့ အတူတွဲပြီး အလုပ်လုပ်ပါတယ်။ ကြက်မောက်သီးမှာ အာဟာရ ဆိုင်ရာ အကျိုးကျေးဇူးတွေ အပြင် ဆေးကုသမှုဆိုင်ရာ ကောင်းကျိုးတွေလည်း ရှိပါတယ်။

ကြက်မောက်သီးကို စားပေးရင် အူလမ်းကြောင်းရှိ ကပ်ပါး ကောင်တွေကို သေစေတာကြောင့် ဝမ်းလျှောတဲ့ ဝေဒနာကို သက်သာ စေပါတယ်။ မလေးရှားမှာ ရိုးရာ အနာကျက်ဆေး အဖြစ် ကြက်မောက်သီးကို သုံးလေ့ရှိကာ ဖျားနာ နေသူတွေကို ကျွေးလေ့ရှိပါတယ်။ သင့်အနေနဲ့ နာမကျန်း ဖြစ်နေပါက ကြက်မောက်သီး မစားခင်မှာ ဆရာဝန်နဲ့ အရင် တိုင်ပင် ဆွေးနွေးဖို့ လိုပါတယ်။

တောင်ကြီးတန်ဆောင်တိုင် ပွဲတော်အတွင်း ပြိုင်ပွဲဝင် မီးပုံးပျံ ၁၄၇ လုံး မီးလောင်ပြုတ်ကျခဲ့ပြီး လူတစ်ဦး ဒဏ်ရာရရှိ



ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်တွင် ကျင်းပပြုလုပ်ခဲ့သည့် တောင်ကြီးတန်ဆောင်တိုင် ပွဲတော်တွင် ပြိုင်ပွဲဝင် မီးပုံးပျံ ၁၄၇ လုံး မီးလောင်ပျက်စီးကာ ပြုတ်ကျခဲ့ပြီး ပွဲကြည့်ပရိသတ်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး မြင့်ထူးက နိုဝင်ဘာ ၂၆ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် နေ့လွှတ်အရုပ် ၂၄၃ ရုပ် လွှတ်တင်ခဲ့ပြီး ၁၁၀ လုံး တက်ခဲ့ကာ ၁၃၃ လုံး ပျက်ကျခဲ့ကြောင်း၊ ညလွှတ်မီးပုံးပျံ ၁၀၁ လုံး လွှတ်တင်ခဲ့ကာ ၁၄ လုံး ပျက်ကျခဲ့ကြောင်း လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး လုံခြုံရေး ကော်မတီ၏ နိုဝင်ဘာ ၂၅ ရက် ထုတ်ပြန်ချက်အရ သိရသည်။

"တန်ဆောင်တိုင် ပွဲတော်ကာလမှာ ပြိုင်ပွဲဝင် မီးပုံးပျံ ၃၀၄ လုံး လွှတ်တင်ခဲ့တယ်၊ အဲဒီအထဲက ၁၄၇ လုံးက ပျက်ကျခဲ့တယ်၊ ပျက်ကျခြင်း အကြောင်းအရင်းကတော့ မီးပုံးပျံတွေ လွှတ်တင်တဲ့ အခါမှာ မီးစာက အရမ်းများတဲ့အတွက် လေးပြီးတော့ ပျက်ကျတယ်၊ လွှတ်တင်ပြီး သိပ်မကြာခင်မှာ မီးလောင်ပြီးတော့ ပျက်ကျတာတွေပဲ ဖြစ်ပါတယ်၊ အဲဒီလို ပျက်ကျတဲ့ အခါမှာ ပွဲလာကြည့်တဲ့ အမျိုးသားတစ်ဦး အနည်းငယ် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်။ တခြား ကြီးကြီးမားမား ဖြစ်စဉ်တွေ တစ်ခုမှ မဖြစ်ခဲ့ပါဘူး" ဟု တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီးမြင့်ထူးက ပြောကြားသည်။

တောင်ကြီးမြို့ တန်ဆောင်တိုင် ပွဲတော်ကို နိုဝင်ဘာ ၁၀ ရက်မှ ၁၈ ရက်အထိ တောင်ကြီးမြို့ အဝေရာ မီးပုံးပျံ ကွင်းသစ်ကြီး၌ ကျင်းပခဲ့ပြီး ၁၀ ရက်နေ့တွင် ပြိုင်ပွဲဝင် မီးပုံးပျံ ၁၈ လုံး၊ ၁၁ ရက်တွင် မီးပုံးပျံ ၁၃ လုံး၊ ၁၂ ရက်တွင် မီးပုံးပျံ ၁၄ လုံး၊ ၁၃ ရက်တွင် မီးပုံးပျံ ၁၉ လုံး၊ ၁၄ ရက်တွင် မီးပုံးပျံ ၁၉ လုံး၊ ၁၅ ရက်တွင် မီးပုံးပျံ ၂၃ လုံး၊ ၁၆ ရက်တွင် မီးပုံးပျံ ကိုးလုံး၊ ၁၇ ရက်တွင် မီးပုံးပျံ ၃၂ လုံး စုစုပေါင်း ၁၄၇ လုံး ပျက်ကျခဲ့ကြောင်း သိရသည်။

တောင်ကြီးတန်ဆောင်တိုင် ပွဲတော်အတွင်း လွှတ်တင်ခဲ့သည့် ပြိုင်ပွဲဝင် မီးပုံးပျံ တစ်လုံးကို တွေ့ရစဉ်
EMG

မြန်မာနိုင်ငံသို့ ခရီးသည် ၀င်ရောက်မှုတွင် အာရှစံနှုန်းထက် များစွာလျော့ကျနေသော ဥရောပ နိုင်ငံများနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်မည်



မြန်မာနိုင်ငံသို့ ခရီးသည် ၀င်ရောက်မှုတွင် အာရှစံနှုန်းထက် လျော့ကျနေသော ဥရောပ နိုင်ငံများနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရသည်။

ဥရောပ ကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် စက်မှုလက်မှု လုပ်ငန်းများဆိုင်ရာ ကော်မရှင်မင်းကြီး Mr. Antonio Tanjani နိုဝင်ဘာအတွင်း ရောက်ရှိပြီး ဟိုတယ်နှင့် ခရီးသွားလာရေး ပြည်ထောင်စု ၀န်ကြီးနှင့် တွေ့ဆုံခဲ့ပြီးနောက်တွင် ယင်းကဲ့သို့ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။

ဥရောပ နိုင်ငံများနှင့် မြန်မာနိုင်ငံတို့အကြား မတူညီသည့် ယဉ်ကျေးမှု၊ အစားသောက်၊ ပတ်ဝန်းကျင်၊ ဖက်ရှင်နှင့် ရင်းနှီးမြှုပ်နှံမှု စသည့်ခရီးသွား လုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများကိုလည်း ဆွေးနွေးပြောကြားမှုများ ရှိခဲ့ကြောင်း သိရသည်။

ယင်းအချက် အလက်များကို ပြုလုပ်ရန်အတွက် ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် သတ်မှတ်ထားပြီး နှစ်အလိုက် အဆင့်တိုးမြှင့်ပြီး ဆက်လက်ဆောင်ရွက် သွားရန်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံမှာ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အရှိန်မြင့်တက် လာပြီးသည့် နောက်ပိုင်းမှ လက်ရှိအချိန်တွင်မူ အရှေ့တောင်အာရှ နိုင်ငံများထဲ၌ ခရီးသွား ၀င်ရောက်မှု အမြင့်ဆုံး အနေအထားသို့ ရောက်ရှိနေပြီး ၈၃ ရာခိုင်နှုန်းအထိ တိုးတက်လာကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

သို့သော် ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ခရီးသည်များဖြစ်သော ထိုင်း၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ တရုတ်နိုင်ငံတို့ ၀င်ရောက်မှုများတွင် သိန်းနှင့်ချီ ၀င်ရောက်မှု ကြုံတွေ့နေရသော်လည်း ဥရောပ နိုင်ငံများတွင်မူ ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီ၊ အီတလီနှင့် ဆွစ်ဇာလန် နိုင်ငံတို့သာ ၀င်ရောက်နေပြီး သောင်းဂဏန်းမျှသာ ၀င်ရောက်နေသေးကြောင်း သိရသည်။

ရန်ကုန်လေဆိပ်၊ မန္တလေး-ပုဂံ ၀င်ပေါက်ထွက်ပေါက်များ၊ နေပြည်တော်နှင့် နယ်စပ်ဂိတ်ပေါက်များမှ ၂၀၁၀ ပြည့်နှစ်၌ ၇၉၁၅၀၅ ဦး၊ ၂၀၁၁ ခုနှစ်တွင် ၈၁၆၃၆၉ ဦး၊ ၂၀၁၂ တွင် ၁၀၅၈၉၉၅ ဦးနှင့် ၂၀၁၃ ခုနှစ် အောက်တိုဘာ လအကုန်အထိ ၁၆၀၀၀၀၀ ဦးခန့်ထိ ရှိလာကြောင်း သိရသည်။

မြန်မာနိုင်ငံ အတွင်းသို့ လာရောက်လည်ပတ်နေသော ဥရောပ နိုင်ငံသားများအား တွေ့ရစဉ်
EMG

စစ်တောင်းမြစ်ဝှမ်း ဒေသမှ ရွေ့လျားလုပ်သား ၅၀၀ ခန့် လှိုင်းလေအန္တရာယ်ကင်းသည့် သံလွင်မြစ်ဝအတွင်း လာရောက်လုပ်ကိုင်



မော်လမြိုင် ခရိုင်အတွင်းရှိ မော်လမြိုင်မြို့နယ် မုပွန်၊ ကျောက်တန်း၊ ချောင်းဆုံမြို့နယ် နတ်မှော်၊ ဟင်္သာကျွန်း၊ မုဒုံမြို့နယ် ကတုံးပေါ်အထိ၊ လှိုင်းအန္တရာယ်ကင်းသည့် သံလွင်မြစ်ဝ တစ်လျှောက်တွင်၊ စစ်တောင်းမြစ်ဝှမ်းမှ ရွေ့လျားရေလုပ်သား ၅၀၀ ခန့် လာရောက်ငါးဖမ်းနေကြောင်း သိရသည်။

"ကျွန်တော်တို့ စစ်တောင်းမြစ်ဝမှာ ဒီလှိုင်းတွေက ကြီးတယ်။ တစ်ခါတစ်ခါ ဒီရိုက်ရင် လှေမှောက်တယ်။ ပါတဲ့ငါးပိုက်တွေ ဆုံးရှုံးတာပေါ့။ ဒီသံလွင် မြစ်တစ်ကြောမှာတော့ ဘီးလူးကျွန်းက ကာနေတော့ လေပြင်းရင် ကျွန်းကမ်းနားကပ်ပြီး ကျောက်ပေါက်ပြီး နေလို့ရတယ်။ အန္တရာယ် မရှိဘူးပေါ့။ သီတင်းကျွတ်တာနဲ့ လှေတွေနဲ့ မိသားစုလိုက် လာကြပြီး တစ်ညအိပ်ဆိုရင် မော်လမြိုင် ရောက်ပါတယ်။ ကျောင်းသားတွေကိုတော့ ရွာမှာ အဘွားတွေနဲ့ ထားခဲ့တယ်။ ဒီမှာရောက်တော့ မြစ်ကမ်းတစ်လျှောက်မှာရှိတဲ့ သံလွင်ဈေး၊ သံလွင်အေး၊ မုပွန်၊ ကျောက်တန်း၊ နတ်မှော်၊ ကင်းချောင်း ကြိုက်ရာနေကြပါတယ်။ ကျွန်တော်တို့က မုပွန် ဒီနေရာကြိုက်တယ်။ မြို့နဲ့နီးတော့ မကျန်းမာရင် ဆေးခန်းသွားရလည်း လွယ်တယ်တာပေါ့။ သီတင်းကျွတ်ကနေ တပေါင်းထိ ဧည့်စာရင်းတိုင်ပြီး နေကြပါတယ်" ဟု လေးနှစ်ဆက်တိုက် လာရောက်လုပ်ကိုင်သူ ကိုဇော်ဦး၊ ဝေါမြို့နယ်က ပြောကြားသည်။

မော်လမြိုင် မုပွန်တိုးချဲ့ သံလွင်မြစ်ကမ်းတွင် ငါးဖမ်းလှေအစီး ၅၀ ကျော်ခန့်၊ မိသားစု ၆၀ ခန့် နေထိုင်ကြပြီး၊ ယခင်နှစ်က ကမ်းနားတွင် တဲအိမ်ဖြင့် နေထိုင်ခွင့်ပြုပြီး၊ ယခုနှစ်တွင် ရပ်ကွက်အတွင်း နေရာများ ချမှတ်တည်ဆောက်ခြင်း၊ ငှားရမ်းခြင်းတို့ဖြင့် နေထိုင်ကြရာ မော်လမြိုင်၊ ချောင်းဆုံ၊ မုဒုံမြို့နယ်တို့တွင် ရွှေ့လျားရေလုပ်သား ပေါင်း ၅၀၀ ခန့်ရှိကြောင်း သိရသည်။

ရွှေ့လျားရေလုပ်သားများသည် မော်လမြိုင် ခရိုင်အတွင်း ခြောက်လခန့် နေထိုင်ပြီး၊ တစ်ရာသီတွင် စုဆောင်းငွေကျပ် တစ်သိန်းမှ သုံးသိန်းထိ ရရှိကြကာ သင်္ကြန်မတိုင်မီ စစ်တောင်းမြစ်ဝရှိ မိမိတို့ ရပ်ရွာသို့ ပြန်ကြသည်ဟု သိရသည်။

သံလွင်မြစ်ဝတွင် လာရောက်လုပ်ကိုင်နေသော ရွေ့လျားငါးဖမ်း လုပ်သားများအား တွေ့ရစဉ်
EMG

တနင်္သာရီ ကမ်းရိုးတန်း ဒေသအတွင်း ရာသီဥတု အခြေအနေကြောင့် ကုန်သွယ်မှု နှောင့်နှေးနေပြီး ကုန်လှေများကို မကြာခဏ ထွက်ခွာခွင့် ပိတ်ထားရ



တနင်္သာရီ ကမ်းရိုးတန်း ဒေသအတွင်း ရာသီဥတု အခြေအနေများကြောင့် ကုန်သွယ်မှုများ နှောင့်နှေးနေရပြီး ထားဝယ်-မြိတ်-ကော့သောင်း-ရနောင်း ကုန်လှေများကို မကြာခဏ ထွက်ခွာခွင့် ပိတ်ထားရကြောင်း သိရသည်။

ဒေသတွင်း နိုင်ငံများနှင့် ပင်လယ်ပြင်များတွင် မုန်တိုင်းများ ဆက်တိုက်ဝင်ရောက်နေပြီး အဆိုပါ မုန်တိုင်းများ၏ သက်ရောက်မှုများကို ကမ်းရိုးတန်း ဒေသတွင် ခံစားနေရပြီး အချိန်အခါမဟုတ် မိုးရွာသွန်းမှုများ၊ လှိုင်းလေထန်ခြင်းများ ဖြစ်ပေါ်နေကြောင်း သိရသည်။

"မြန်မာ့ကမ်းရိုးတန်း ဒေသမှာ လေတိုက်နှုန်း တစ်နာရီကို ၄၀ ရှိမယ်လို့ ခြုံငုံသုံးသပ်ပေမယ့် လေတိုက်နှုန်းက တစ်ပြေးညီ ရှိတာမဟုတ်ပါဘူး။ မိုင် ၄၀ ရှိတဲ့နေရာ ရှိသလို မရှိတဲ့ နေရာတွေလည်း ရှိပါတယ်။ ပင်လယ်ရေကြောင်း ကုန်သွယ်မှုကို အားထားနေရတဲ့ တနင်္သာရီ ကမ်းရိုးတန်း ဒေသမှာ လေတိုက်နှုန်း ၄၀ လောက်မှာ သစ်ခွံလှေတွေကို ဒီလိုမကြာခဏ ပိတ်နေရင် ကုန်သွယ်မှု အနေအထားတွေက လျော့ကျလာတာ ကြုံတွေ့မှာပဲ။ ဒါကို သုံးသပ်ပေးဖို့ လိုပါတယ်" ဟု MCC မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

တနင်္သာရီ ကမ်းရိုးတန်း ဒေသအတွင်း မုန်တိုင်းအရှိန်များကြောင့် အခါလွန်မိုးများ ရွာသွန်းနေကာ ကမ်းရိုးတန်းသွား ခရီးသည်တင် အမြန်ရေယာဉ်များမှာလည်း ပြေးဆွဲမှု ရပ်နားထားရကြောင်း သိရသည်။

"ခရီးသည်တင်တွေကိုတော့ ခွင့်ပြုချက်ပေးလို့ မဖြစ်ပါဘူး။ ကုန်လှေတွေကိုတော့ သက်ဆိုင်ရာ ရေကြောင်းဦးစီးဌာနနှင့် ကျွန်တော်တို့ ပြန်လည်ညှိနှိုင်းပေးပြီး သင့်တော်သလို ဆုံးဖြတ်ပေးပါ့မယ်။ ကုန်သွယ်မှု အနေထား လျော့ကျလာတာ ဖြစ်တဲ့အတွက် မိုင် ၄၀ လောက်မှာ ကုန်လှေတွေ အနေနှင့် သွားလာလို့ ဖြစ်မဖြစ် ပြန်သုံးသပ် ပေးမှာပါ" ဟု မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက ပြောကြားသည်။

တနင်္သာရီ ကမ်းရိုးတန်းတွင် မိုးရွာသွန်းမှု ဖြစ်ပေါ်နေသည်ကို နိုဝင်ဘာ ၂၅ ရက်က တွေ့ရစဉ်
EMG

မိတ္ထီလာ ကယ်ဆယ်ရေး စခန်းတွင် ခိုလှုံနေရ သူများအား လာမည့်နှစ် မိုးရာသီ မတိုင်မီ ပြန်လည်နေရာ ချထားရေး လုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက်မည်



မတ် ၂၀ ရက်က ဖြစ်ပွားသော အကြမ်းဖက်မှုများကြောင့် မိတ္ထီလာမြို့ ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေရ သူများကို အမြန်ဆုံး နေရာချထား ပေးမည်ဖြစ်ကြောင်းနှင့် နောက်နှစ်မိုးမကျမီ ကယ်ဆယ်ရေး စခန်းများ အတွင်းရှိ လူအားလုံးကို ပြန်လည်နေရာ ချထားပြီးဖြစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မိတ္ထီလာခရိုင် အုပ်ချုပ်ရေးရုံးမှ သိရှိရသည်။

"ပြန်လည်နေရာ ချထားရေး လုပ်ငန်းတွေမှာ ပထမဦးစားပေး အနေနဲ့ မြေယာပိုင်ဆိုင်မှု ခိုင်မာပြီး မြေပိုင်ဆိုင်မှု အရှုပ်အရှင်း မရှိတဲ့ ပိုင်ရှင်များကို ဦးစားပေး ဆောင်ရွက်သွားပါမယ်။ ကျွန်တော်တို့ အနေနဲ့ နောက်နှစ်မိုးရာသီ မရောက်ခင် ကယ်ဆယ်ရေး စခန်းက လူတွေ အားလုံးကို ပြန်လည်နေရာ ချထားပေးနိုင်ဖို့ စီစဉ်ဆောင်ရွက် နေပါတယ်" ဟု မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုး က ပြောကြားသည်။

"ကယ်ဆယ်ရေး စခန်းတွေမှာ နေရတာ ပြဿနာ အများကြီး ရှိတယ်။ ခုဆိုရင်ပဲ အထောက်ပံ့တွေ လျှော့လိုက်တော့ စားဝတ်နေရေး အခက်တွေ့နေပြီ။ တကယ်လို့သာ ကိုယ့်နေရာလေးမှာ ကိုယ်နေပြီး လုပ်ကိုင်စားသောက်ရရင် အစိုးရလည်း သက်သာတယ်။ ကျွန်မတို့လည်း သက်သာတယ်။ ခုတော့ ဘယ်လူကြီးမှလည်း မလာတော့ဘူး။ ပြန်နေဖို့ကလည်း ဘာသံမှ မကြားရတော့ စခန်းထဲမှာရှိတဲ့ လူတော်တော်များများ စိတ်ပျက်နေတယ်။ ကျွန်မကလေးတွေဆို နေရတာ ဆင်းရဲလို့ သာစည်က အမျိုးတွေအိမ် ပို့ထားရအောင်လည်း ကျောင်းက တစ်ဝက်တစ်ပျက်ဆိုတော့ ပို့မရသေးဘူး။ အခုကျွန်မတို့ ကယ်ဆယ်ရေး စခန်းမှာ နေရတာ ရှစ်လကျော်ပြီ။ တစ်ရက်မှ စိတ်မချမ်းသာဘူး။ ကိုယ်ပိုင် အခန်းရယ်လို့ နေရတာလည်း မဟုတ်ဘူး။ မိုးကာတန်းလျားထဲမှာ ဆယ်ပေလောက်လေးတွေ ကန့်နေရတာဆိုတော့ အနေအစား သိပ်ဆင်းရဲတယ်" ဟု သာသနာ့ရက္ခိတ ကယ်ဆယ်ရေး စခန်းတွင် ခိုလှုံနေရသူ တစ်ဦးက ပြောပြသည်။

မိတ္ထီလာမြို့ရှိ သာသနာ့ရိက္ခတ ကယ်ဆယ်ရေးစခန်း၊ အုတ်ဖိုကယ်ဆယ်ရေးစခန်း၊ ခရိုင်အားကစားကွင်း ကယ်ဆယ်ရေးစခန်း၊ ရေအရင်းအမြစ် ကယ်ဆယ်ရေးစခန်း၊ ဗဟိုပို့ဆောင် ဆက်သွယ်ရေး ဆက်သွယ်ရေး သင်တန်းကျောင်း ကယ်ဆယ်ရေးစခန်း စသောကယ်ဆယ်ရေး စခန်းငါးခုတွင် လက်ရှိ နိုဝင်ဘာ လကုန်ပိုင်းထိ ဒုက္ခသည်ဦးရေ စုစုပေါင်း ၄၀၀၀ ကျော် ခိုလှုံနေရဆဲဖြစ်ကြောင်း သိရသည်။

မိတ္ထီလာမြို့ရှိ သာသနာ့ရက္ခိတ ကယ်ဆယ်ရေး စခန်းတွင် လာရောက်ခိုလှုံ နေကြသူများအား တွေ့ရစဉ်
EMG

မန္တလေး အနီးဝန်းကျင်ရှိ သီးနှံစိုက်ခင်းများ၌ ဆောင်းခိုကြိုးကြာငှက်များ တွေ့ရှိ



ဆောင်းခို ကြိုးကြာငှက် (Common Crane) များသည် မြန်မာနိုင်ငံသို့ မိုးရာသီ အကုန်တွင် စတင်ဝင်ရောက်လေ့ရှိပြီး အလယ်ပိုင်း ဒေသများဖြစ်သော မုံရွာ၊ ချောင်းဦးနှင့် စစ်ကိုင်းဒေသများ၌ အများဆုံး တွေ့ရှိရကာ မန္တလေး အနီးဝန်းကျင်ရှိ တံတားဦးမြို့နယ် စကားအင်းရွာ သီးနှံစိုက်ခင်း များတွင်ပါ တွေ့ရှိရကြောင်း သိရသည်။

"ဆောင်းခို ကြိုးကြာငှက်တွေက အသီးအနှံနဲ့ အစေ့စားတဲ့ငှက်တွေ ဖြစ်တဲ့အတွက် သီးနှံစိုက်ခင်းရှိတဲ့ ဒေသတွေမှာ တွေ့ရတယ်။ နှစ်စဉ်မှာတော့ မုံရွာ၊ ချောင်းဦးနဲ့ စစ်ကိုင်းကောင်းမှုတော် မြောက်ဘက်မှာရှိတဲ့ ရေမျက်ကြီးအင်း ဒေသတွေက ဂျုံနဲ့ကုလားပဲ စိုက်ခင်းတွေ အများအပြား တွေ့ရတယ်။ အောက်ပိုင်းဒေသတွေနဲ့ ရှမ်းပြည်နယ်မှာရှိတဲ့ စိုက်ခင်းတွေမှာလည်း ကျက်စားနိုင်ပေမဲ့ လေ့လာမှုတွေ မရှိသေးတဲ့အတွက် အတိအကျ မသိရသေးပါဘူး" ဟု မြန်မာနိုင်ငံ ငှက်နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်းမှ ဒုဥက္ကဌ ဦးဇေမောင်သိန်းက ပြောကြားသည်။

တံတားဦးမြို့နယ် စကားအင်းကျေးရွာ စိုက်ခင်းတွင် ဆောင်းခိုကြိုးကြာ အကောင် ၂၀၀ ခန့် တွေ့ရှိခဲ့ရကြောင်း၊ နှစ်စဉ်လာရောက်နေကျ ဒေသများတွင်လည်း တွေ့ရှိရပြီး လက်ရှိတွင် မြန်မာနိုင်ငံ၌ ပူတာအိုမှ အလယ်ပိုင်း ဒေသအတွင်း ကျက်စားမှုများရှိပြီး ကျန်ဒေသများတွင် ကျက်စားမှု ရှိခြင်းများအား မသိရှိ ရသေးကြောင်း သိရသည်။

ယင်းကြိုးကြာ ငှက်များသည် နွေရာသီ၌ အာတိတ်နှင့် သမပိုင်းဇုန် အစပ်များတွင် နေထိုင်သားပေါက်ပြီး မြန်မာနိုင်ငံသို့ အောက်တိုဘာလ နောက်ဆုံးအပတ်တွင် ရောက်ရှိလေ့ရှိကာ မတ်လအလယ်အထိ နေထိုင်ကျက်စားလေ့ရှိကြောင်း သိရသည်။

စစ်ကိုင်းရေမျက်ကြီးအင်းတွင် ရောက်ရှိနေသော ဆောင်းခိုကြိုးကြာများအား နိုဝင်ဘာလ ၂၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဦးဇေမောင်သိန်း)
EMG

မန္တလေး ယဉ်ကျေးမှုဇုန် အတွင်းရှိ အင်းဝမြို့ဟောင်းသို့ နိုင်ငံခြားသား ခရီးသွား လာရောက်မှု များပြား



ယခုနှစ် ခရီးသွားရာသီ ကာလအတွင်း၌ လမ်းပျက်စီးမှုများ ဖြစ်ပေါ်နေဆဲဖြစ်သည့် မန္တလေးရှေးဟောင်း ယဉ်ကျေးမှုဇုန် အတွင်းရှိ တံတားဦးမြို့နယ် အင်းဝမြို့ဟောင်းသို့ နိုင်ငံခြားသား ခရီးသွား ၀င်ရောက်မှု များပြားလျက်ရှိကြောင်း သိရသည်။

ယခုနှစ် ခရီးသွားရာသီ မစတင်မီ အချိန်ကတည်းကပင် အင်းဝမြို့ဟောင်းသို့ နိုင်ငံခြားသား ခရီးသွား ၀င်ရောက်မှု အများအပြား ရှိခဲ့ကြောင်း ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနမှ စုံစမ်းသိရသည်။

"ဒီနှစ်ခရီးသွား ရာသီက ပြင်သစ်လူမျိုး အများဆုံး လာရောက်လည်ပတ်တာကို တွေ့ရပါတယ်။ အင်းဝမြို့ဟောင်းကိုတော့ နိုင်ငံခြားသား ခရီးသွားတွေ သွားရောက်လည်ပတ်တဲ့ အခါမှာ လမ်းတွေ မကောင်းတာကိုတော့ ဝေဖန်တာတွေ ရှိပါတယ်" ဟု မန္တလေးမြို့မှ ခရီးသွား ဧည့်လမ်းညွှန် တစ်ဦးက ပြောဆိုခဲ့သည်။ တံတားဦး မြို့နယ်အတွင်းရှိ အင်းဝမြို့ဟောင်းတွင် နိုင်ငံခြားသား ခရီးသွားများ စိတ်ဝင်တစား သွားရောက်လည်ပတ်သည့် နေရာများမှာ ဗားကရာကျောင်းတော်၊ မယ်နုအုတ်ကျောင်း၊ နန်းမြင့်မျှော်စင်နှင့် နန်းတော်ဟောင်း နေရာများ၊ စေတီပုထိုးများနှင့် အခြားရှေးဟောင်း အဆောက်အဦများသို့ အများဆုံး လာရောက်လည်ပတ်ကြကြောင်း သိရသည်။

နိုင်ငံခြားသား ခရီးသွား အများဆုံး လာရောက်လည်ပတ် နေကြသည့် အင်းဝမြို့ဟောင်းတွင် ဗားကရာကျောင်းသို့ သွားရာလမ်းနှင့် နန်းမြို့တွင်း လမ်းများမှာ ပျက်စီးမှုများ ဖြစ်ပေါ်နေခြင်းကြောင့် အမြန်ပြုပြင်ပေးရန် လိုအပ်နေကြောင်းကို ခရီးသွား ဧည့်လမ်းညွှန် အချို့နှင့် ဒေသခံများမှ ဝေဖန်ပြောဆိုမှုများ ရှိနေကြသည်။

အင်းဝမြို့ဟောင်းသို့ လာရောက်လည်ပတ် နေကြသော နိုင်ငံခြားသား ခရီးသွားများအား တွေ့ရစဉ်
EMG

ကျောက်ဖြူ အထူးစီးပွားရေး ဇုန်အတွက် ရွေးချယ်ခံရသည့် အကြံပေး ကုမ္ပဏီကို နိုဝင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်မည်



ကျောက်ဖြူ အထူးစီးပွားရေးဇုန် ဆောင်ရွက်ရန် ပထမဆုံး အဆင့်ဖြစ်သည့် အကြံပေး ကုမ္ပဏီ ရွေးချယ်မှုကို လုပ်ဆောင်လျက်ရှိရာ ရွေးချယ်ခံရသည့် ကုမ္ပဏီကို နိုဝင်ဘာ ၂၇ ရက်တွင် ကြေညာသွားမည်ဟု ထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါ အကြံပေး ကုမ္ပဏီကို ပြီးခဲ့သည့် သြဂုတ်လမှ နိုဝင်ဘာလအတွင်း ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ပထမဆုံး အနေနှင့် တင်ဒါခေါ်ယူရေးနှင့် စိစစ်ရွေးချယ်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

စိတ်ဝင်စားမှု တင်ပြလွှာ (EOI) လက်ခံသည့် နောက်ဆုံးရက်ဖြစ်သော စက်တင်ဘာ ၂၃ ရက်အထိ အကြံပေး ကုမ္ပဏီအဖြစ် လုပ်ကိုင်ရန် စိတ်ဝင်စားသည့် နိုင်ငံပေါင်း ၁၆ နိုင်ငံမှ ကုမ္ပဏီ၊ စီးပွားရေး အဖွဲ့ပေါင်း ၃၁ ခုက စိတ်ဝင်စားမှု တင်ပြလွှာ တင်ခဲ့ကြသည်။ ထိုကုမ္ပဏီ၊ လုပ်ငန်းစုများထဲတွင် တရုတ်နှင့် စင်ကာပူ ကုမ္ပဏီများက အများဆုံးဖြစ်ကြောင်း သိရသည်။

တင်ပြလာသည့် ကုမ္ပဏီများတွင် နည်းပညာရမှတ် ၆၀ ရာခိုင်နှုန်း မရသည့် နည်းပညာ အဆိုပြုလွှာများ၏ ငွေကြေး အဆိုပြုလွှာများကို ဖွင့်ဖတ်သွားမည် မဟုတ်ကြောင်းနှင့် နောက်တစ်ဆင့် အတွက်လည်း ထည့်သွင်းစဉ်းစားသွားမည် မဟုတ်ကြောင်း သိရသည်။

အဆိုပါ ကုမ္ပဏီများ၏ နည်းပညာပိုင်းဆိုင်ရာ အဆိုပြုလွှာကို စိစစ်အကဲဖြတ်ရာတွင် စီးပွားရေးဇုန်များ၊ အထူးစီးပွားရေးဇုန်များ တည်ထောင်ရာတွင် ပါဝင်ဆောင်ရွက်ခဲ့ဖူးသည့် အတွေ့အကြုံ၊ မြန်မာနိုင်ငံတွင် တင်ဒါခေါ်ယူသည့် စီမံကိန်းများတွင် ပါဝင်ခဲ့ဖူးသည့် အတွေ့အကြုံ၊ လုပ်ငန်းစီမံချက် ကောင်းမွန်မှု၊ ဘဏ္ဍာရေးပိုင်း ယုံကြည်စိတ်ချရမှု၊ ပညာရှင်၊ ၀န်ထမ်းများ၏ လုပ်ရည်ကိုင်ရည် ကျွမ်းကျင်မှုတို့ ပါဝင်ပြီး သတ်မှတ်နယ်ပယ်များတွင် အမှတ်ပေးသည့် ပုံစံဖြင့် အကဲဖြတ် သွားမည်ဖြစ်သည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း ပထမဆင့်အတွက် အကြံပေး ကုမ္ပဏီ အိတ်ဖွင့်တင်ဒါ ခေါ်ယူသည့် လုပ်ငန်းစဉ်တွင် ဆက်လက်လုပ်ဆောင်ရန် ကျန်နေသည်များနှင့် လာမည့် ဒီဇင်ဘာလမှ ၂၀၁၄ ဧပြီလအထိ စီမံကိန်း ရင်းနှီးတည်ဆောက်သူ (Developer) အိတ်ဖွင့်တင်ဒါ ခေါ်ယူမည့် လုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။ စီမံကိန်း တည်ဆောက်မှုကို ၂၀၁၄ ခုနှစ် ဧပြီလမှ စတင်ဆောင်ရွက် သွားမည်ဖြစ်သည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းကို ကျောက်ဖြူမြို့၏ အရှေ့တောင်ဘက် ၃ ဒသမ ၈ မိုင်ခန့်အကွာ၊ စစ်တောကျေးရွာနှင့် စီမော်ကျေးရွာ အနီးတစ်ဝိုက်တွင် တည်ဆောက်မည်ဖြစ်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံ စီးပွားရေး နယ်ပယ်များနှင့် ဆက်စပ်နေသဖြင့် အဓိကကျသည့် စီးပွားရေးဇုန်တစ်ခု ဖြစ်လာမည်ဖြစ်သည်။

ဇွန်လအတွင်းက မြန်မာ-ဗြိတိန်နှစ်နိုင်ငံ လုပ်ငန်းပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ MoU လက်မှတ် ရေးထိုးစဉ် (ဓာတ်ပုံ-သန်းထိုက်အောင်)
EMG

ဆယ်စုနှစ် တစ်ခုကြာ ပိတ်ထားသည့် အခမဲ့ ဆေးခန်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး ကနဦး အနေဖြင့် ရန်ကုန်နှင့် မန္တလေးတွင် စတင်ဖွင့်လှစ်မည်



ဆယ်စုနှစ် တစ်ခုကြာ ပိတ်ထားသည့် အခမဲ့ ဆေးခန်းများကို ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး ကနဦး အနေဖြင့် ရန်ကုန်နှင့် မန္တလေးတိုင်း ဒေသကြီးတို့တွင် ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ဖွင့်လှစ် မည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းမှ သိရသည်။

အဆိုပါ အခမဲ့ ဆေးခန်းများကို ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် လွန်ခဲ့သည့် ၁၀ နှစ်ခန့်က ဆေးခန်း ၃၃ ခုကို ဖွင့်လှစ်ခဲ့ကြောင်းနှင့် လက်ရှိတွင် အဆိုပါ ဆေးခန်းများကို ပြန်လည်ဖွင့်လှစ်မည့်အပြင် ရန်ပုံငွေ ရရှိမှုပေါ် မူတည်ကာ ဆေးခန်းများ ထပ်မံတိုးချဲ့သွားရန် စီစဉ်ထားကြောင်းနှင့် အထူးသဖြင့် ပြည်သူ့ဆေးရုံများ၊ ဆေးခန်းများနှင့် အလှမ်းဝေးသည့် ဒေသများ၊ အခြေခံ လူတန်းစားများရှိရာ ဆင်ခြေဖုန်း မြို့နယ်များတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

"အခုဖွင့်မယ့် ဆေးခန်းတွေက လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ဖွင့်လှစ်ခဲ့တယ်။ လက်ရှိမှာတော့ လှုပ်ရှားမှု မရှိဘူး။ ၁၉၉၀ လောက်က မြန်မာ့ကရုဏာ ဖောင်ဒေးရှင်းဆိုပြီး တစ်နိုင်ငံလုံးမှာ ဆေးခန်း ၃၃ ခု ဖွင့်လှစ်ခဲ့ပေမယ့် ၁၉၉၇ မှာ ကျန်းမာရေး ၀န်ကြီးဌာနက ခေတ္တထိန်းသိမ်း ခဲ့တယ်။ အခုမှ ဆေးခန်းအားလုံးကို ကျွန်တော်တို့ ဖောင်ဒေးရှင်းကို ပြန်လည်ဖွင့်လှစ်ဖို့ လွှဲပြောင်းပေးခဲ့တာ ဖြစ်တယ်။ အဓိကကတော့ ပြည်တွင်းမှာ ကျန်းမာရေးဆိုင်ရာ အလှမ်းဝေးတဲ့ ဒေသတွေ၊ ဆင်ခြေဖုန်း မြို့နယ်တွေမှာရှိတဲ့ လူထုတွေအတွက် ဖွင့်လှစ်သွားမယ်" ဟု ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က ပြောကြားသည်။

ယခု ဖွင့်လှစ်မည့် ဆေးခန်းတွင် ကနဦး အနေဖြင့် သာမန်ဖျားနာ ရောဂါများကိုသာ ကုသပေးသွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် ပြည်သူ့ဆေးရုံကြီးများနှင့် ချိတ်ဆက်ကာ နာတာရှည် ရောဂါများ အတွက်ပါ တာဝန်ယူပေးရန် စီစဉ်ထားကြောင်းလည်း သိရသည်။

ဆေးခန်းဖွင့်လှစ်ရန်အတွက် ပြည်တွင်းမှ အလှုရှင်များ၏ ပံ့ပိုးမှုဖြင့် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်းနှင့် ကနဦး အနေဖြင့် အဆိုပါ ဆေးခန်းများကို ရန်ကုန်တိုင်းဒေသကြီးတွင် လှိုင်သာယာ၊ တောင်ဥက္ကလာပ မြို့နယ်နှင့် မန္တလေးတိုင်း ဒေသကြီးတွင် ချမ်းမြသာစည် မြို့နယ်နှင့် ပြည်ကြီးတံခွန် မြို့နယ်တို့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ဆေးခန်းတစ်ခုစီတွင် ဆရာဝန်နှစ်ဦး၊ သူနာပြုနှစ်ဦး အပါအ၀င် ၀န်ထမ်းစုစုပေါင်း ခြောက်ဦး ထားရှိမည် ဖြစ်ကြောင်းနှင့် ပုံမှန်ဆေးခန်း ဖွင့်ချိန်အတိုင်း ညနေပိုင်းတွင် ဖွင့်လှစ်ကုသ ပေးမည်ဖြစ်ကြောင်း သိရသည်။

ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်း အနေဖြင့် ကျန်းမာရေး ၀န်ကြီးဌာနနှင့် ပူးပေါင်းကာ ကျန်းမာရေးဆိုင်ရာ အရည်အသွေး မြှင့်တင်ရေး သင်တန်းများ၊ သုတေသန လုပ်ငန်းများနှင့် ပညာပေး လုပ်ငန်းများတွင်ပါ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ဇီဝိတဒါန အခမဲ့ ဆေးရုံတွင် ဆေးကုသမှု ခံယူရန် စောင့်ဆိုင်းနေသည့် လူနာများအား တွေ့ရစဉ်
EMG

Related Posts Plugin for WordPress, Blogger...