Wednesday, August 21, 2013

နိုင်ငံခြားသား အမည်ပေါက် မြေကွက်များတွင် ဆောက်လုပ်ခွင့် တင်လာသော အဆောက်အအုံ အလုံး ၁၄၀ ကို ပြည်ထဲရေး ၀န်ကြီးဌာနသို့ ဆက်လက်တင်ပြထား



Created on Wednesday, 21 August 2013 02:25

နိုင်ငံခြားသား အမည်ပေါက် ပိုင်ဆိုင်သည့် မြေကွက်များတွင် အဆောက်အအုံ ဆောက်လုပ်ခွင့် တင်လာသော အဆောက်အအုံ အလုံး ၁၄၀ ရှိနေပြီး အဆိုပါ အဆောက်အအုံများ၏ ခွင့်ပြုချက်အတွက် ပြည်ထဲရေး ၀န်ကြီးဌာနသို့ ဆက်လက်တင်ပြထားသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံဌာနမှ သိရသည်။

နိုင်ငံခြားသားအမည်ပေါက် ပိုင်ဆိုင်သည့် မြေကွက်များတွင် အဆောက်အအုံ ဆောက်လုပ်ခြင်းခွင့် မပြုရန် ပြည်ထဲရေး ၀န်ကြီးဌာနမှ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ အမိန့်စာထုတ်ပြန်၍ အသိပေးထားသည့်အတွက် အဆိုပါဆောက်လုပ်ခွင့် တင်ပြလာသည့် အဆောက်အအုံများကို ပြည်ထဲရေး ၀န်ကြီးဌာနသို့ တင်ပြထားခြင်း ဖြစ်သည်ဟု သိရသည်။

ယင်းသို့ တင်ပြရာတွင် နိုင်ငံခြားသား မြေအမည်ပေါက်သော်လည်း မြေအမည်ပေါက် ပိုင်ဆိုင်မှုနှင့် မသက်ဆိုင်သည့် အမြင့်ဆုံး သုံးထပ်အထိ ဆောက်လုပ်ခွင့်ပြုရန် တင်ပြထားခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

"မြေပိုင်ဆိုင်မှု အမည်ပေါက်က မြန်မာနာမည်နဲ့ မဟုတ်ဘဲ အင်္ဂလိပ်လိုနာမည် ဖြစ်နေရင် ဒါကိုနိုင်ငံခြားသား အမည်ပေါက် ပိုင်ဆိုင်တယ်လို့ ယူဆပါတယ်။ လက်ရှိပိုင်ဆိုင်တဲ့သူက နိုင်ငံခြားသားဖြစ်ချင်မှ ဖြစ်မှာပါ။ အရပ်စာချုပ်နဲ့ အဆင့်ဆင့် အရောင်းအ၀ယ် လုပ်ခဲ့ရာက နိုင်ငံသား ပိုင်ချင်ရင်လည်း ပိုင်မယ်။ ဒါပေမဲ့ တရားဝင်ပေါက်မှာ မှတ်ပုံတင်ထားတာက နိုင်ငံခြားသား ဖြစ်နေတဲ့အတွက် အဲဒီမြေမှာ အဆောက်အအုံ ဆောက်ခွင့်ပြုလို့ မရဘူးလို့ ပြည်ထဲရေးကနေ စာထုတ်ထားတာ ရှိပါတယ်။ အဲဒီအတွက် နိုင်ငံခြားသားမြေ အမည်ပေါက်မှာ ဆောက်ခွင့်တင်လာတဲ့ အဆောက်အအုံ အလုံး ၁၄၀ အတွက် ပြည်ထဲရေးကို ပြန်တင်ပြထားပါတယ်" ဟု အဆိုပါ တာဝန်ရှိသူက ပြောပြခဲ့သည်။

နိုင်ငံခြားသား အမည်ပေါက်မြေတွင် ဆောက်ခွင့်တင်ပြခြင်းများမှာ လူနေသိပ်သည်းသော မြို့နယ်များတွင်လည်း အများအပြားရှိကြောင်း သိရသည်။

ယင်းသို့ နိုင်ငံခြားသား အမည်ပေါက် ဖြစ်နေသည့် မြေကွက်များမှာ ရှေးယခင်က ထုတ်ပေးခဲ့မှုများ ရှိခဲ့၍ဖြစ်ပြီး ယခုနောက်ပိုင်းတွင်မူ နိုင်ငံခြားသား မြေအမည်ပေါက်များကို ထုတ်ပေးခြင်း မရှိတော့ကြောင်း သိရသည်။

အန္တရာယ်ရှိ အဆောက်အအုံဖြစ်၍ ပြန်လည်တည်ဆောက်ရမည့် အဆောက်အအုံများတွင်လည်း နိုင်ငံခြားသားပိုင်ဆိုင်သည့် အဆောက်အအုံ ၆၀ ရှိနေသည်။

ထို့ပြင် အန္တရာယ်ရှိ အဆောက်အအုံများမှာ မဖြစ်မနေ ပြန်လည်ဆောက်လုပ်ရမည် ဖြစ်သောကြောင့် ပြန်လည်ဆောက်လုပ်ခွင့် ပြုခဲ့ကြောင်း၊ အဆိုပါ အဆောက်အအုံများမှာ မြို့တွင်း Down Town မြို့နယ်များတွင်ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...