Wednesday, August 21, 2013

မှတ်တိုင် (၆) အနီး ကေအိုင်အေနှင့် နယ်ခြားစောင့်တပ်တိုက်ပွဲဖြစ်



သြဂုတ်လ ၂၀ ရက် ၂၀၁၃

      ကချင်ပြည်နယ် ချီဖွေနှင့် ဆော့လော်မြို့နယ်အကြား တရုတ်-မြန်မာ နယ်ခြားမှတ်တိုင် အမှတ် (၆) တည်ရှိရာ   မျော်ဂျောင်ဒေသ ရှိ ကေအိုင်အေ တပ်စခန်းတစ်ခုကို နယ်ခြားစောင့်တပ် NDAK နှင့် ဒေသခံ ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့များက သြဂုတ်လ   ၁၇ ရက်နေ့ မှ စတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလျက် ရှိကြောင်း ကေအိုင်အေ စစ်ဘက်ထောက် လှမ်းရေး တပ်ဖွဲ့မှ ဗိုလ်မှူးကြီး မရန်ဇော်တောင်က The Voice သို့ ပြောကြားသည်။ 



     သြဂုတ်လ ၁၇ ရက်နေ့ နံနက် ၇ နာရီခွဲတွင် တစ်ကြိမ်၊ နံနက် ၉ နာရီခွဲတွင် တစ်ကြိမ်နှင့် သြဂုတ်လ ၁၉ ရက်နေ့ နံနက် ၆ နာရီနှင့် ၇ နာရီ ကြားတွင်တစ်ကြိမ် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး နယ်ခြားစောင့် တပ်နှင့် ပြည်သူ့စစ် ပူးပေါင်းအဖွဲ့မှာ အင်အား ၈၀ ခန့်ရှိကြောင်း၊ ယင်း ကေအိုင်အေ တပ်စခန်းတွင် ကေအိုင်အေ တပ်မဟာ (၁) လက်အောက်ခံ တပ်ရင်း (၁၀) မှ ကေအိုင်အေ စစ်သားနှင့် ကေအိုင်အေ ပြည်သူ့စစ် ပူးပေါင်းအင်အား ၁၀ ဦးကျော်ခန့် ရှိကြောင်း ဗိုလ်မှူးကြီး မရန်ဇော်တောင်က ပြောသည်။ 

“သူတို့ (NDAK) ဘက်က အရင်လာပစ်တာပါ။ ၁၇ ရက်နေ့ မနက်ပိုင်းလာပစ်ပြီး ပြန်ဆုတ်သွားတော့ သူတို့ဘက်က ပြည်သူ့စစ် တစ်ယောက် ကျခဲ့တယ်။ M 23 တစ်လက် M 22 တစ်လက်နဲ့ ဘဇူကာတစ်လက် ကျွန်တော်တို့ ရထားတယ်” ဟု ၎င်းကဆိုသည်။ နယ်ခြားစောင့်တပ် (NDAK) နှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းနှင့် ပတ်သက်ပြီး   မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးထံသို့ ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးတော် ဆောင်အဖွဲ့ (PCG) မှတစ်ဆင့် ကေအိုင်အေမှ အသိပေး အကြောင်းကြားထားကာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးကလည်း နယ်ခြားစောင့် တပ်ဖွဲ့ဝင်များထံ ယင်းကဲ့သို့ ထိုးစစ်ဆင် တိုက်ခိုက်မှုများ မပြုလုပ်ရန် တားမြစ်ညွှန်ကြားထားကြောင်း ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့မှ ဦးလမိုင်ဂွမ်ဂျာက The Voice သို့ ပြောကြားသည်။ 

      “နယ်ခြားစောင့်တပ်ဘက်ကလည်း သူတို့တွေ လှုပ်ရှားသွားလာနေတဲ့ စစ်ကြောင်းကို ကေအိုင်အေဘက်က စပြီးပစ်တယ်ဆိုပြီး တိုင်းမှူးဆီကို တင်ပြထားတယ်လို့ သိရတယ်။ ကေအိုင်အေ ဘက်က စစ်ဘက်တာဝန်ရှိ အကြီးအကဲတွေ အနေနဲ့လည်း လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီ ပြောတယ်။ တိုက်ပွဲ ဖြစ်ပွားရတဲ့ အကြောင်း အရင်းကို သေချာ မသိရသေးပါဘူး” ဟု ဦးလမိုင်ဂွမ်ဂျာက ဆိုသည်။ယင်းကဲ့သို့ တိုက်ပွဲများ မဖြစ်ပွားမီ ရက်ပိုင်း အလိုခန့်တွင် ကချင် အထူးဒေသ (၁) မှ ပြည်သူ့စစ်နာယက၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်း က ကေအိုင်အို (ဗဟို) မှ တာဝန် ရှိ သူ များထံသို့ ၎င်းတို့နယ်မြေအတွင်း ကေအိုင်အေများ တပ်စွဲထားမှုကို   ပြန်မရုပ်သိမ်းပါ က ပြဿနာ များ ပြန် လည် ဖြစ်ပွားလာနိုင်သည်ဟူသော အဓိပ္ပာယ်ပါရှိသည့် အိတ်ဖွင့်ပေးစာတစ်စောင်ကို သြဂုတ်လ ၆ ရက်နေ့ ရက်စွဲဖြင့် ပေး ပို့ခဲ့ကြောင်း ဗိုလ်မှူးကြီး မရန်ဇော်တောင်၏ ပြောပြချက်အရ သိရသည်။ 

   လက်ရှိတိုက်ပွဲ ဖြစ်ပွားလျက်ရှိသော မျော်ဂျောင်ဒေသကို ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး   နောက်ပိုင်း   ကေအိုင်အေက ဝင်ရောက် တပ်စွဲခဲ့ခြင်း ဖြစ်ကြောင်း ကေအိုင်အေ အသိုင်းအဝိုင်းအတွင်းမှ သိရှိရသည်။အဆိုပါဒေသတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် ပတ်သက်ပြီး ကချင်အထူးဒေသ (၁) ပြည်သူ့စစ် နာယက ဦးဇခုန်တိန့်ယိန်း၏ သားဖြစ်သူ ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင်ကို The Voice က ဆက်သွယ်မေးမြန်းရာ တိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍ အတိအကျ မသိရှိရကြောင်း၊ တိုက်ပွဲများ ဖြစ်ပွားစေနိုင်မည့် ညွန်ကြားချက်များကို မည်သူမျှ မပေးခဲ့ပါကြောင်း၊ နယ်ခြားမှတ်တိုင် (၆) ဒေသတွင် ကေအိုင်အေဘက်မှ စစ်အင်အား ၅၀၀ ခန့် ဖြည့်တင်းထားသည်ဟု သိရှိ ရကြောင်း ဖြေကြားသည်။ 

    “ကေအိုင်အေကြောင့် အဲဒီဒေသတွေမှာ ဖွံ့ဖြိုးမှုတွေ နောက်ကျလာတော့ မခံနိုင်တဲ့အဆုံး ဒေသခံတွေက   ပေါက်ကွဲ လာပြီး ဖြစ်ကြတယ်လို့ ထင်ပါတယ်။ အကုန်လုံးက တိုင်းရင်းသားတွေပဲ။ ဒီလိုတွေ မဖြစ်စေချင်ပါဘူး။ အားလုံးသဘောပေါက်ဖို့ လိုပါတယ်” ဟု ဦးဇခုန်ယိန်းဆောင်က ဆိုသည်။ မြစ်ကြီးနားမြို့တွင် ပြုလုပ်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မတိုင်မီ ၂၀၁၃ ခုနှစ် မတ်လမှစတင်ကာ ကချင်ပြည်နယ်တွင် တိုက်ပွဲများ ရပ်တန့်ခဲ့ပြီး ယခုတစ်ကြိမ် နယ်ခြားမှတ်တိုင် (၆) အနီးတွင် ဖြစ်ပွားသော တိုက်ပွဲများမှာ တပ်မတော်နှင့် ကေအိုင်အေတို့ ဖြစ်ပွားခြင်း မဟုတ်ဘဲ ဦးဇခုန်တိန့်ယိန်း ဦးဆောင်သော NDAK တပ်မှ အသွင်ပြောင်းထားသည့် နယ်ခြားစောင့်တပ်များနှင့် ကေအိုင်အေတို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...