Thursday, September 19, 2013

လူကုန်ကူးမှု ပုံစံများ ပြောင်းလဲ ကျူးလွန်လာ၊ ကျူးလွန်သူအများစုက အမျိုးသမီးများဖြစ်နေ


      မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော လူကုန်ကူးမှုပုံစံများ ပြောင်းလဲလာသည်ကိုတွေ့ရှိရပြီး  လူကုန်ကူးမှုများကို ကျူးလွန်နေသူများအများစုမှာ အမျိုးသမီးများဖြစ်ကြပြီးစုစုပေါင်း ၆၅ % ထိရှိနေကြောင်း သိရှိရသည်။
      ထိုကြောင့် လူကုန်ကူးမှု ကာကွယ်တားဆီးရေး ဒုတိယငါးနှစ်စီမံကိန်းအတွက် ကာကွယ်တားဆီးရေး ဆိုင်ရာနည်းဗျူဟာများ ချမှတ်အကောင်အထည်ဖော်လျှက်ရှိသည်ဟု လူကုန်ကူးမှုကာကွယ်တာဆီးရေး အဖွဲ့ ဥက္ကဌ ကရင်ပြည်နယ်အစိုးရအတွင်းရေးမှုးဦးမျိုးအောင်ဌေးက ပြောသည်။

စက်တင်ဘာလ ၁၃ ရက် ကရင်ပြည်နယ် ဖားအံမြို့ ဇွဲကပင်ခန်းမ၌ပြုလုပ်သော လူကုန်ကူမှု တိုက်ဖြတ်ရေးနေ့ တွင် ယခုလိုပြောကြားခဲ့ခြင်းဖြစ်သည်။

"မိမိတို့ဒေသအတွင်းမှာရှိတဲ့ လူကုန်ကူးမှုပုံစံတွေကပြောင်းလဲတာကိုတွေ့ရပါတယ်။ ဒါကြောင့် ဒုတိယ ငါးနှစ်စီမံကိန်းနဲ့ကာကွယ်တာဆီးရေး နည်းဗျူဟာများ ချမှတ် အကောင်အထည်ဖော်ဖို့ ရှိပါတယ်။" ဟုကရင်ပြည်နယ်အစိုးရအတွင်းရေးမှုး ဦးမျိုးအောင်ဌေးက ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံရှိမြို့ပေါင်း ၃၃၀ ရှိသည့်အနက် ၁၁၉ မြို့နယ်တွင် လူကုန်ကူးမှုများဖြစ်ပွား လျှက်ရှိနေပြီး ရန်ကုန်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ အရှေ့ပိုင်း ၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့မှာ အများဆုံးဖြစ်ပွားနေကြောင်းသိရသည်။မြန်မာနိုင်ငံတွင် လူကုန်ကူးမှုကာကွယ်တားဆီးရေးဥပဒေကို ၂၀၀၅ စက်တင်ဘာလတွင်ပြဌာန်းခဲ့ပြီး ၂၀၀၆ ခုနှစ်၌ ပြည်နယ်နှင့် တိုင်းအလိုက်လူကုန်ကူးမှုဆိုင်ရာ ကာကွယ်တားဆီးရေးအဖွဲ့များ ဖွဲ့စည်း၍ ၅ နှစ် စီမံ ကိန်း  ရေးဆွဲကာ လုပ်ငန်းစဉ်များကို အကောင်းအထည်ဖော်ခဲ့ကြောင်းသိရသည်။
        "ကရင်ပြည်နယ်အနေနဲ့ ၂၀၀၆ ခုနှစ် ဇန်န၀ါရီလက စပြီး အမျိုးသား ၁၁၆ ဦးအမျိုးသမီး ၂၈၈ဦး ကလေး ၂၄ ဦး စုစုပေါင်း ၄၂၈ ဦး တို့ကို ပြန်လည်လက်ခံခဲ့ပြီးဖြစ်ပါတယ်။ လူကုန်ကူးမှုနဲ့ပတ်သတ်ပြီး ၂၀၀၆ ခုနှစ် ကနေအခုချိန်ထိ လူကုန်ကူးမှု ၂၄ မှု ၊ လူမှောင်ခိုမှု ၅၈ မှု၊ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး ဥပဒေနဲ့ ၇ မှု တို့နဲ့ လူပေါင်း ၁၆၃ ဦးကိုအရေးယူနိုင်ခဲ့ပါတယ်။" ဟု ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းကပြောသည်။
     လူကုန်ကူးခြင်းခံရသူ အမျိုးသား ၁၈၃ ဦးနှင့် အမျိုးသမီး ၁၆၉ ဦးတို့အားလူကုန်ကူးသူများလက်မှ တာဝန်ရှိသူများက ကယ်တင်စောင့်ရှောက်နိုင်ခဲ့သည်ဟု၎င်းကဆက်၍ ပြောသည်။
        "၂၀၀၅ လူကုန်ကူးမှု ကာကွယ်တားဆီးရေး ဥပဒေအရ မည်သူကိုမဆို အခန်း ၉ ပုဒ်မ၂၄ ကနေ့ ၃၃ ထိပြဌာန်းထားပါတယ်။ ကျူးလွန်နေသူတွေကို အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်ကနေ တစ်သက်တစ်ကျွန်း ထိ ထောင်ဒဏ်အပြင် ငွေဒဏ်ကိုပါ ချမှတ်လို့ရပါတယ်။" ဟု ဥပဒေချုပ်ရုံး ဒု-ညွန်ကြားရေးမှူး ဦးဌေးအောင်က ပြောသည်။
     ၂၀၀၄ ခုနှစ်တွင် မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂလူကုန်ကူးမှုတိုက်ဖြတ်ရေးဆိုင်ရာ ကွန်ဗန်းရှင်းအဖွဲ့ဝင် အဖြစ်စ တင်ဝင်ရောက်ခဲ့သည်။
      ကမ္ဘာပေါ်တွင် လူပေါင်း ၂၆ သန်းကျော် ခေတ်သစ်ကျေးကျွန်ဘ၀ရောက်ရှိနေရပြီးနှစ်စဉ် လူပေါင်း ၁.၅ သန်းကျော်နှင့် အာရှတိုက်အတွင်း၌ လူပေါင်း ၉သန်းကျော်တို့မှာ လူကုန်ကူးခြင်းခံနေရသည်ဟု ကုလသမဂ္ဂလူကုန်ကူးမှုတိုက်ဖြတ်ရေး ဒေသဆိုင်ရာရုံး၏ ထုတ်ပြန်ချက်များအရ သိရသည်။
မိုးမြင့်ကျော်(မြစ်မခ)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...