Thursday, September 19, 2013

ရန်ကုန်ဆေးရုံကြီးအပေါ် စွပ်စွဲပြောဆိုမှုများအား ရှုတ်ချသည့်ဆန္ဒ ထုတ်ဖော်ပွဲကျင်းပ


ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် ၀ါဒဖြန့်ချိ၍ စွပ်စွဲပြောဆို ပုတ်ခတ်မှုများအား ရှုတ်ချသည့် ဆန္ဒထုတ်ဖော်ပွဲ တစ်ရပ်ကို စက်တင်ဘာ ၁၇ ရက်နေ့က ရန်ကုန်ဆေးရုံကြီး၏ သွေးလှူဘဏ်ရှေ့၌ ပြုလုပ်ခဲ့သည်။

အဆိုပါဆန္ဒထုတ်ဖော်ပွဲ၌ ဆရာဝန်များ၏ စေတနာ၊အောက်ခြေ၀န်ထမ်းများ၏အနစ်နာ၊မတရားသည့် ၀ါဒဖြန့်ချိရေး ဆန့်ကျင်ကြ၊ ဆေးရုံဂုဏ်သိက္ခာ ညှိုးနွမ်းအောင်ပြုလုပ်သူများအား ဖော်ထုတ် ဆန့်ကျင်ကြဟူသည့်   စာတမ်းများပါဝင်သော ဗွီနိုင်းများကို ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်သူမှ လသာမြို့နယ်ရဲစခန်း၏ ခွင့်ပြုချက်ဖြင့်ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

 “ရန်ကုန်ဆေးရုံကြီးကို ပုတ်ခတ်စော်ကားနေကြတာတွေနဲ့ ပက်သက်ပြီး ဒီနေရာမှာ ရင်ဖွင့်တာပါ။ ဆရာဝန်တွေ ဆရာမတွေကို စော်ကားပြောဆိုနေကြတာတွေနဲ့ ပတ်သက်ပြီး အခုဆိုရင် တော်တော်လေးကို လွန်လာပါတယ်။ ဒီအတွက် ကြောင့်ပါ”ဟု အဆိုပါဆန္ဒထုတ်ဖော်ပွဲမှ အဖွဲ့ခေါင်းဆောင် ကိုမိုးသူက ပြောသည်။

ဆေးရုံမှ အောက်ခြေ၀န်ထမ်းများ ဖြစ်သော သန့်ရှင်းရေးဝန်ထမ်းများသည်  ဆေးရုံသို့ လာရောက်ကုသသူများကို ငွေကြေး တောင်းယူခြင်းမျိုး မပြုလုပ်သော်လည်း စေတနာဖြင့် ပေးကမ်းပါက လက်ခံခြင်းမျိုးရှိတတ်သည်ဟု ကိုမိုးသူက ဆိုသည်။

“၀န်ထမ်းတွေရဲ့ ဘ၀ဟာအင်မတန်မှ ဆိုးပါတယ်။ဒလတစ်ဖက်ကမ်းမှာ ရှိတဲ့သူတို့ရဲ့ လိုင်းခန်းတွေဆိုရင် ပျက်စီးယိုယွင်းနေပါတယ်၊ လိုင်းခန်းပြင်ချင်တယ်ဆိုရင် သူတို့လခကိုရောင်းပြီး ပြင်ရပါတယ်။ ဒါတွေကို နားမလည်ကြဘဲ တစ်ဖက်သတ်ပြောစကားတွေနဲ့ ဂျာနယ်တွေထဲမှာ ဖွကြတယ်။”ဟု ၎င်းက ပြောသည်။

ယခုဆန္ဒထုတ်ဖော်ပွဲသည် ဆေးရုံနှင့်သက်ဆိုင်သောဝန်ထမ်းများ ပါဝင်ရမည်ဖြစ်သော်လည်း မပါဝင်ကြခြင်းမှာ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အလုပ်သမားများ ဖြစ်၍ အလုပ်ကို ထိခိုက်မည်ကို စိုးရိမ်သောကြောင့် မပါဝင်ခြင်းဖြစ်ကြောင်းနှင့် ၎င်းအနေဖြင့် သာ ထိုသူများအတွက် ရည်ရွယ် ကိုယ်စားပြု၍ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်သည်ဟု ၄င်းက ဆက်ပြောသည်။

အဆိုပါဆန္ဒထုတ်ဖော်ပွဲကို မွန်းတည့်၁၂ နာရီမှ မွန်းလွဲ၁ နာရီ အထိလိုင်ဇာငြိမ်းချမ်းရေး လမ်းလျှောက်သူများအဖွဲ့၌ ပါဝင်သည့် ကိုမိုးသူက ဦးဆောင်၍ ပြုလုပ်ခဲ့ရာ လူအင်အား၁၀ဦးခန့် ပါဝင်သည်။

ဇော်မျိုးဦး(မြစ်မခ)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...