Monday, September 23, 2013

ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ဖက်ဒရယ်မူ အာမခံချက် ပါရှိပါက ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု ရနိုင်မည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သဘောထားထုတ်ပြန်

 Created on Sunday, 22 September 2013


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ သဘောထား ကြေညာချက်ကို NLD ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဒေါ်နန်းခင်ထွေးမြင့် ဖတ်ကြားစဉ်

ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဖက်ဒရယ်မူ အာမခံချက် ပါရှိပါက ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု ရရှိနိုင်မည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)က သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့သည်။

စက်တင်ဘာ ၂၂ ရက်က တောင်ကြီးမြို့တွင် ပြုလုပ်သည့် ရှမ်း၊ ကယား၊ မွန်ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဒုတိယနေ့ ဆွေးနွေးပွဲသို့ NLD မှ ပေးပို့ခဲ့သည့် သဘောထား ကြေညာချက်ကို NLD ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဒေါ်နန်းခင်ထွေးမြင့်က ဖတ်ကြားခဲ့ပြီး ကြေညာချက်တွင် ယင်းကဲ့သို့ ထည့်သွင်း ဖော်ပြခဲ့ခြင်း ဖြစ်သည်။

''ယုံကြည်မှု တည်ဆောက်နိုင်ရန် အတွက် တိုင်းရင်းသားများ လိုလားတောင့်တနေသော ပြည်ထောင်စု စစ်စစ်ကို တည်ဆောက်ရန် အာမခံချက်ရှိသည့် အခြေအနေများ ဖန်တီးဖို့ လိုအပ်ကြောင်း၊ အထူးသဖြင့် ပြည်ထောင်စုစစ်စစ် တည်ဆောက်ရန် ဥပဒေပြဋ္ဌာန်းချက်များ အခိုင်အမာ အာမခံပေးပါက တိုင်းရင်းသားတို့၏ ယုံကြည်မှုကို ရရှိမည်မှာ မလွဲကြောင်း၊ ယခုအခါ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မလား၊ အစအဆုံး ပြန်လည်ရေးဆွဲမလား ဆိုသည့် သဘောထားများ ကြားသိနေရကြောင်း၊ ထိုသို့ သဘောထားများ ဆွေးနွေးခြင်းထက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပြည်ထောင်စု စစ်စစ်မူ (Federal) ကို တိတိလင်းလင်း ပြဋ္ဌာန်းအတည်ပြုရေးက ပိုမိုအရေးကြီးကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြည်ထောင်စု စစ်စစ်မူ (Federal) ကို ပြဋ္ဌာန်းအာမခံလျှင် တိုင်းရင်းသားများ၏ ယုံကြည်မှုကို ရနိုင်ပြီး ငြိမ်းချမ်းရေးလည်း ရနိုင်မည် ဖြစ်ကြောင်း'' ကြေညာချက်တွင် ဖော်ပြထားသည်။

ယခုအခါ ငြိမ်းချမ်းရေး အတွက် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုများ တိုးတက်မှု ရှိသည်ဟု ကြားသိရသည့် အတွက် နှစ်ထောင်းအားရ ဖြစ်သကဲ့သို့ နောက်ထပ်အရေးကြီးသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖြစ်ပေါ်လာရေးကိုလည်း ပြည်သူများက မျှော်လင့်နေကြောင်း၊ ယင်းအတွက် ငြိမ်းချမ်းရေး တမန်တော် ကြီးများက တိုင်းရင်းသားများ လိုလားနေသည့် ပြည်ထောင်စု စစ်စစ်မူကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ချက်အဖြစ် ရေးသွင်းနိုင်ရေးကို ကြိုးပမ်းပေးပါရန် တိုက်တွန်းပါကြောင်းလည်း ကြေညာချက်တွင် ပါရှိသည်။

ထို့ပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ဒီမိုကရေစီ စံနှုန်းများနှင့် ပြဋ္ဌာန်းချက်များ ပြင်ဆင်ရေး၊ ပြည်ထောင်စု စစ်စစ်မူနှင့် နိုင်ငံတော် တည်ဆောက်ရေးမှာ မလွဲမသွေ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှု မရှိဘဲနှင့် ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည် မဟုတ်ကြောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် တိုင်းရင်းသား ပါတီများ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအပေါ် သဘောထား အမြင်များကို စုစည်းညှိနှိုင်း ဆွေးနွေးပြီး ပြည်သူလူထုအကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီကို ဖွဲ့စည်းထားပြီး အဆိုပါ ကော်မတီမှ အပတ်စဉ် တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေပြီး တိုင်းရင်းသားများနှင့် ဆက်ဆံရေးတွင် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင် တာဝန်ယူ ထားကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...