Monday, September 23, 2013

အသက် (၁၂) နှစ် မတိုချင်သော်



Monday, September 23, 2013

တစ်ပေါင်းတည်း တွေ့ရတတ်သည့် အကျင့်ဆိုး (၄) ခုဖြစ်သော
ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း၊
အာဟာရမျှတစွာ မစားခြင်းနှင့် ကာယလေ့ကျင့်ခန်းမလုပ်ခြင်းတို့က
အသက် (၁၂) နှစ် ပို၍တိုစေသည်ဟု လေ့လာတွေ့ရှိရကြောင်း
အေပီသတင်းတွင်ဖော်ပြထားသည်။

အဆိုပါ တွေ့ရှိချက်များမှာ အရွယ်ရောက်ပြီးသူ ဗြိတိန်နိုင်ငံသား
(၅,၀၀၀) နီးပါးအား နှစ်ပေါင်းနှစ်ဆယ်ကြာ လေ့လာရာမှ ရရှိခြင်းဖြစ်သည်။
ထို့ပြင် ၄င်းတို့အနေဖြင့် ပိုကျန်းမာသော ဘဝနေထိုင်မှုပုံစံကို ကျင့်သုံးရန်အလေးထားဖို့လိုအပ်ကြောင်း ယင်းတွေ့ရှိချက်များက
ပြောပြနေသည်။

၎င်းအကျင့်ဆိုး (၄) ခုစလုံးရှိသူ (၃၁၄) ဦးအနက် (၉၁) ဦး၊
တစ်နည်း (၂၉%) မှာ လေ့လာနေစဉ်ကာလအတွင်းသေဆုံးခဲ့ပြီး
အဆိုပါ အကျင့်ဆိုးများ လုံးဝမရှိသော အကျန်းမာဆုံးသူ (၃၈၇) ဦးတွင်
သေဆုံးသူ (၃၁) ဦး၊ တစ်နည်း (၈%) ခန့်သာရှိခဲ့သည်။

အန္တရာယ်ကြီးမားသော အလေ့အထများမှာ ဆေးလိပ်သောက်ခြင်း၊
အမျိုးသားများ တစ်နေ့လျှင် အရက် (၃) ခွက်ထက်ပိုသောက်ခြင်း၊
အမျိုးသမီးများ တစ်နေ့ အရက် (၂) ခွက်ထက်ပိုသောက်ခြင်း၊ တစ်ပတ်လျှင်ကိုယ်ကာယလေ့ကျင့်လှုပ်ရှားမှု (၂) နာရီထက်
လျော့နည်းခြင်း၊ တစ်ရက်လျှင် သစ်သီးနှင့် ဟင်းသီးဟင်းရွက်စားသုံးမှု
သုံးကြိမ်ထက် လျော့နည်းခြင်းတို့ဖြစ်သည်။

ဤအကျင့်ဆိုးများသည် အသက်အန္တရာယ်ကို မြင့်မားစေပြီး
ပို၍ အိုမင်းသည်ဟု ထင်မြင်စေကြောင်း၊ နော်ဝေနိုင်ငံ အော့စလို
တက္ကသိုလ်မှ ထိပ်တန်းသုတေသီ အဲလီဇဘက်ကဗာဗစ်ခ်က
ပြောကြားသည်။ အကျန်းမာဆုံး သူများမှာ ဆေးလိပ်မသောက်သူများ၊
ဆေးလိပ်ဖြတ်ခဲ့သူများ၊ အရက်မသောက်သူများ ၊ တစ်နေ့လျှင်
အရက်(၂) ခွက်ထက် ပိုမသောက်သူ အမျိုးသမီးများ၊ တစ်နေ့လျှင်
အရက်(၃) ခွက်ထက်ပိုမသောက်သူ အမျိုးသားများ၊ သီတင်းတစ်ပတ်လျှင်
ကာယလေ့ကျင့်ခန်း အနည်းဆုံး (၂) နာရီ ရှိသူ၊ တစ်နေ့လျှင် သစ်သီးနှင့် ဟင်းသီးဟင်းရွက် အနည်းဆုံး သုံးကြိမ်စားသုံးသူတို့ဖြစ်သည်။

(မင်းသက်စံ) ကိုရင်ဖိုးစံ

Myanma Light

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...