Monday, September 23, 2013

မြန်မာ့ရေပိုင်နက် အတွင်းသို့ ၀င်ရောက်မှုဖြင့် ထိုင်းငါးဖမ်းသင်္ဘော တစ်စင်းကို ပစ်ခတ်ဖမ်းဆီးထား


Created on Sunday, 22 September 2013


မြန်မာ့ပင်လယ်ပြင်တွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် ရေတပ်စစ်သင်္ဘောများအား တနင်္သာရီတိုင်း ဒေသကြီး ကျွန်းစုမြို့နယ် ရေပြင်တွင် ရပ်နားထားသည်ကို တွေ့ရစဉ်

မြန်မာနိုင်ငံ ရေပိုင်နက် အတွင်းသို့ ၀င်ရောက်မှုဖြင့် ထိုင်းငါးဖမ်း သင်္ဘောတစ်စင်းကို စက်တင်ဘာ ၂၁ ရက်တွင် မြန်မာ့ရေတပ်က ပစ်ခတ်ဖမ်းဆီးထားကြောင်း ဘန်ကောက်ပို့စ် ၀က်ဘ်ဆိုက်တွင် စက်တင်ဘာ ၂၂ ရက်က ရေးသားဖော်ပြခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ထိုင်း-မြန်မာ အထွေထွေ နယ်စပ်ရေးရာ ကော်မတီ (GBC) က အရေးပေါ် အစည်းအဝေး တစ်ရပ်ကို ခေါ်ယူခဲ့ပြီး အက်ဒမန်ပင်လယ်ရှိ ထိုင်းရေပိုင်နက်ကို စောင့်ရှောက်နေသည့် တော်ဝင် ထိုင်းရေတပ်ဖွဲ့က မြန်မာအစိုးရသို့ ကန့်ကွက်ခဲ့ကြောင်း သိရသည်။

မြန်မာရေတပ်၏ ပစ်ခတ်ခံရမှုကြောင့် အဆိုပါ ငါးဖမ်းသင်္ဘောတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ရေထဲသို့ ခုန်ချခဲ့ရသည့် သင်္ဘောသား ၁၄ ဦးကို အနီးရှိ ထိုင်းတော်ဝင်ရေတပ် ရေယာဉ်တစ်စင်းက ဆယ်ယူခဲ့ကြောင်း ထိုင်းရေတပ် ပြောခွင့်ရပုဂ္ဂိုလ် နီဖန်ချာမာချောက်က ဆိုသည်။

ငါးဖမ်းသင်္ဘော အမည်မှာ Montri Thawisin 3 ဖြစ်ပြီး ထိုင်းနိုင်ငံ၊ ရနောင်းပြည်နယ်၏ အကြီးဆုံး ကျွန်းဖြစ်သည့် ကိုချန်းကျွန်းမှ နှစ်မိုင်ခန့်အကွာ ပင်လယ်ရေပြင်ရှိ ကိုခွန်ကျွန်း အနီးတွင် ပစ်ခတ်ဖမ်းဆီး ခံခဲ့ရခြင်းဖြစ်ပြီး အဆိုပါ သင်္ဘောကို ယခုအခါ ကော့သောင်းမြို့ ဆိပ်ကမ်းတွင် ဖမ်းဆီးထားကြောင်း သိရသည်။

ယင်းငါးဖမ်း သင်္ဘောသည် ရနောင်းငါးဖမ်း လုပ်ငန်းရှင်များ အသင်းဥက္ကဌ ဆူရင်လိုဆောင် ပိုင်ဆိုင်သည့် သင်္ဘောဖြစ်ပြီး ထိုင်းအာဏပိုင်များနှင့် သင်္ဘောပိုင်ရှင်တို့က သင်္ဘောကို ပြန်တောင်း ခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ကြောင်း သိရသည်။

မြန်မာရေတပ်မှ ဖမ်းဆီးခံထားရသူ ငါးဖမ်းသင်္ဘော၏ မာလိန်မှူးကာ ယုဆတ်ဆာဝပ်နှင့် သင်္ဘောပိုင်ရှင်တို့ စက်တင်ဘာ ၂၂ ရက် နံနက် ၁ နာရီခွဲခန့်က ဆက်သွယ် ပြောဆိုရာတွင် မိမိတို့သင်္ဘောအား မြန်မာရေတပ်မှ PGM Number 426 စစ် သင်္ဘောက ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ စစ်သင်္ဘောက ထိုင်းရေပိုင်နက် အတွင်းသို့ ၀င်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ငါးဖမ်းသင်္ဘောတွင် မြန်မာသင်္ဘောသားများလည်း ပါဝင်ကြောင်း သိရသည်။

ယခုနှစ်အတွင်း ထိုင်းရေပိုင်နက် အတွင်း၌ မိမိ၏ ငါးဖမ်းသင်္ဘော သုံးစီး တိုက်ခိုက်ဖမ်းဆီး ခံရပြီးဖြစ်ကြောင်း၊ အခြားသင်္ဘော ပိုင်ရှင်များလည်း အလားတူ ပြဿနာများ ကြုံတွေ့ခဲ့ရကြောင်း ဆူရင်လိုဆောင်က ပြောကြားခဲ့သည်။

''ကျွန်တော် နားမလည်တာကတော့ ထိုင်းရေပိုင်နက်ထဲမှာ ပစ်ခတ်ဖမ်းဆီး ခံရတာဆိုရင် ထိုင်းရေတပ်က ဘာလို့ မတုံ့ပြန်ခဲ့တာလဲ'' ဟု ဆူရင်က ပြောကြားခဲ့သည်။

ထိုင်းနှင့် မြန်မာနိုင်ငံတို့အကြား ရေပိုင်နက် ပြဿနာကို ငါးဖမ်းသမားများအား ပင်လယ်ပြင် ရဲတပ်ဖွဲ့နှင့် အစိုးရဌာနများက ကြိုတင်သတိပေး ထားသင့်ကြောင်း ရနောင်းခရိုင် ပင်လယ်ပြင် ရဲတပ်ဖွဲ့ အရာရှိ ဒုတိယရဲမှူးကြီး နီရတ်ချွိုင်ချစ်က ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက မြန်မာကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဘန်ကောက်မြို့တွင် ကျင်းပသည့် နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ အကြီးတန်း အရာရှိကြီးများ၏ ပထမအကြိမ် အဆင့်မြင့် ကော်မတီ အဝေးသို့ တက်ရောက်ခဲ့သည်။

နှစ်နိုင်ငံအကြား နယ်နမိတ် အတိအကျ သတ်မှတ်ရန် ကျန်ရှိနေမှုများကို အမြန်ဆုံး အပြီးသတ်ရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တိုက်တွန်းမှုကို ထိုင်းဝန်ကြီးချုပ် ယင်လတ်ခ် ရှင်ဝပ်ထရာက သဘောတူညီခဲ့သည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...