မာဂျေ့တွင် ဘကြီး တစ်ယောက်ရှိသည်။ သူသည် တိုင်းနှင့်ပြည်နယ် ၁၄ ခု ကို ပြည့်စုံအောင်
မပြောတတ်သော်လည်း ယခင်ခေတ်က တိုက်နယ်သူကြီး ဖြစ်သည်။
သူ့ကို ဘာမေးမေး မမှားသော စကားတစ်ခွန်းဖြင့် ပြန်ဖြေတတ်သည်။ ထိုအဖြေ မှားသည်ဟုလည်း
တစ်ခါမှ မတွေ့ဖူးသေးပေ။
မယုံလျှင် ဘကြီးနှင့် မြေးဖြစ်သူ မာဂျေ ပေါက်စ တို့ အမေးအဖြေကို နားဆင်ကြည့်ကြပါကုန်။
"ဘကြီးက တစ်သက်လုံး သူကြီး လုပ်လာတာ၊ ဘကြီးနေရာကို ၀င်ပြိုင်သူမရှိ ဘူးလား"
"ရှိတာပေါ့ကွ။ တစ်ခါတလေ ငါ့ တပည့်ထဲကတောင် ငါ့ကိုပြန်ပြိုင်သေး"
"ကိုယ် ကျွေးမွေးထားရဲ့ သားနဲ့ ကျေးဇူးကန်းလိုက်တာ။ သူတို့ ဘာလို့ ၀င်ပြိုင်တာလဲ"
"အာဏာပေါ့ကွယ်။ အဲဒါကြီး လိုချင်လို့ပေါ့" တဲ့။ ငယ်ငယ်တုန်းက မေးခဲ့ခြင်းဖြစ်သည်။
ထို့နောက် မာဂျေ အရွယ်ရောက်လာသော် ဆိုရှယ်လစ်ခေတ်နှင့် ကြုံသည်။
ဆိုရှယ်လစ်ခေတ်တွင်လည်း သူပင် ပြိုင်ဘက်မရှိ ကျေးရွာပြည်သူ့ ကောင်စီဥက္ကဋ္ဌ ဖြစ်လာသည်။
သို့သော် သူ့ကို ဥက္ကဋ္ဌကြီးဟုခေါ်လျှင် မကြိုက်။ သူကြီးဟုသာခေါ်မှ ကြိုက်သည်။ သူပြောသည်မှာ
အင်္ဂလိပ်မင်းတွေက မြန်မာစာ မတတ်ပေမယ့် မြန်မာကြိုက်တော့ အလွန်သိ။ ကြည့်ပါလား၊
ရာထူးတွေကို ခေါ်သွားတာ၊ သူကြီး၊ သပြုသီး မြို့အုပ်၊ မြို့အုပ်၊ မြို့ပိုင်၊ တိုက်ပိုင်၊ လယ်ဝန်၊ အခွန်ဝန်၊
အရေးပိုင်၊ မင်းကြီး၊ ၀န်ကြီး၊ ၀န်ထောက်၊ အတွင်းဝန်၊ အပါးတော်မြဲ တဲ့။
အခုခေတ်ရောက်မှ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ် ရဲတပ်ဖွဲ့မှူး တဲ့။
ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာနမှူးတဲ့၊ ရှည်လျား ထွေပြားလိုက်တာ။ ငါ့မှာ မြို့ပိုင် အဲလေ
မင်းတို့ခေတ် အဲဒီ အထွေထွေအုပ်ချုပ်ရေးမှူးဆိုတာ ကြီးလာရင် သူ့ရာထူးခေါ်ဖို့ တစ်ရက်ကြိုပြီး
အလွတ်ရအောင် ရွတ်နေရတယ်ဟုလည်း ရှုတ်ချတတ်သေးသည်။
မသိတတ်သောမာဂျေက ဘကြီးကို သွားမေးမိသည်။
"ဘကြီးကလည်းဗျာ၊ ဘာလို့ ဥက္ကဋ္ဌ ၀င်လုပ်တာလဲ။ နားရောပေါ့။ ကိုယ်လည်း အသက်ရလာပြီ"
"အာဏာပေါ့ကွယ်"ဟု တိုတိုတုတ်တုတ် ပြန်ဖြေသည်။
သူဖြေသည်က မှန်နေလေတော့ ဘာမှအတွန့်မတက်ဝံ့။ ဒီလိုနှင့် မြန်မာနွေဦးသည် အာရပ်နွေဦး
ထက် ၂၅ နှစ်စောပြီး ဖြစ်လာသည်။
တစ်နိုင်ငံလုံး ဒီမိုကရေစီချက်ချင်းပေး ဟု အော်နေကြသည်။ ဘကြီးကား သူ၏ စီးတော်လှည်းကို
လွှတ်ပြီး မြို့ကျောင်းသား မာဂျေကို အခေါ်လွှတ်သည်။
"မင်းတို့မြို့သားတွေ ဘာတွေ အော်နေတာလဲ။ ဒီမိုကရေစီဆိုတာ ငါ့ရှင်းပြဦး။ မနေ့က ရွာသားတွေ
ငါ့ဆီ ရောက်လာပြီး ဥက္ကဋ္ဌ၊ ကျုပ်တို့တော့ ဒီမိုကရေစီရမှဖြစ်မယ် လာပြောတယ်။ ငါက ရှင်းရှင်းပဲ။
ဒီမိုကရေစီဆိုတာ ငါမသိဘူး။ ဒီစကားလုံးလည်း တစ်သက်လုံး မကြားဖူးဘူး။ ဘာလဲပြန်မေးတော့
သူတို့လည်း မသိဘူးတဲ့။ ဟ မသိတာ ဘာကိစ္စလာ တောင်းနေတာလဲပြောမှ မြို့ကနေ စာပို့တယ်။
ဒီမိုကရေစီတိုက်ပွဲ ဆင်နွှဲပါ ဆိုလို့တဲ့။ မင်းသိတဲ့အတိုင်း ငါ့နယ်မှာ ဘာသူပုန် သူကန်မှလည်း
မရှိဘူး။ ငါက ဘယ်သူ့ကို သွားတိုက်ရမှာလဲ"
"ဘကြီးကလဲဗျာ၊ ဒီမိုကရေစီဆိုတာ အများပြည်သူဆန္ဒနဲ့ အညီ အုပ်ချုပ်ဖို့၊ လွတ်လပ်ခွင့်တွေပေးဖို့
ပြောတာ"ဟု လိုရင်းတိုရှင်း ပြောပြလိုက်သည်။
"ဒါဆိုရင် ငါ့ရွာမှာ ဒီမိုကရေစီဆိုတာ ရပြီးသားပဲ။ တစ်ရွာလုံးက ငါ့ကို သူကြီးခန့်ထားတာ။
လွတ်လပ်ခွင့်လည်း ရနေတာပဲ။ ထန်းတောထဲက ညနေ မူးမူးပြီး ပြန်လာတဲ့ကောင်တွေတောင်
ငါက ထိတ်တုံးခတ်တာ မဟုတ်ဘူး။ ဘယ်သူ့မှ မထိခိုက်ရင် မူးချင်သလို မူးလို့ရတာပဲ"ဟု
ပြောကာ သူ့အိမ်မှ မောင်းကို တဒူဒူထုတော့သည်။
ရွာရှိ အရွယ်ရောက်သူ လူကုန်ရောက်လာသော် ဘကြီးက - "ဒီမှာ အားလုံးနားထောင်၊ ငါ့မြေးက
ဒီမိုကရေစီဆိုတာ ဘာလဲလို့ ငါ့ကိုပြောပြပြီးပြီ။ မင်းတို့ကို ငါအုပ်ချုပ်နေတဲ့အချိန်မှာ ငါ ဘာမတရား
တာ လုပ်ဖူးသလဲ"ဟု မေးရာ အားလုံးက ဘာမှ မလုပ်ပါဘူးဟု ဖြေကြသည်။
ထို့နောက် နောက်ဆုံးတွင် ထိုင်နေသော ဇိုးမောင်မောင်များကို မင်းတို့ ထန်းရည်သောက်တာ၊
ချက်အရက်သောက်တာရော ငါက အရေးယူဖူးလား မေးပြန်သည်။
ဇိုးသမားများက ပျာပျာသလဲ အရေးမယူပါဘူး ခင်ဗျဟု ဖြေရာ ဘကြီးက အောင်ပွဲရစစ်သူကြီးလို
ပြုံးပြီး အဲဒါ ဒီမိုကရေစီပဲ။ မင်းတို့ ဒီမိုကရေစီရပြီးသားဟု ပြောလိုက်သည်။
သို့နှင့် ရှစ်လေးလုံး အရေးတော်ပုံကို ဘကြီး၏ ရွာသည် အေးချမ်းစွာ ဖြတ်သန်းနိုင်ခဲ့သည်။
နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဟု ထိုစဉ်ကခေါ်ပြီး လွတ်လပ်စွာ ရေးခွင့်၊ ပြောခွင့်
ရလာသည့်အချိန်တွင် စစ်အစိုးရဟု သမုတ်ကြသည့် အစိုးရ တက်လာသည့်အချိန်တွင်လည်း
ဘကြီးကား ကျေးရွာ ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး ဥက္ကဋ္ဌပင်။
မာဂျေကား တစ်ရွာမပြောင်း သူကောင်းမဖြစ် စကားနှင့်အညီ တောတွင် မရှိတော့။
ရန်ကုန်သို့ ရောက်နေပေပြီ။
တစ်ရက် ဘကြီး ရန်ကုန် လာအလည်တွင် "ဘကြီးရယ် အသက်လည်း ကြီးလှပါပြီ၊ မနားသေးဘူး
လား။ ဒီလောက် စိတ်ညစ်စရာအလုပ်ကို ဘာကြောင့် ဆက်လုပ်နေတာလဲ"လို့ မေးမိရာ
သူက တိုတိုတောင်းတောင်းဖြင့် "အာဏာ ပေါ့ကွယ်"ဟုသာ ဖြေသွားသည်။
နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်သည်ကား အထက်မှလူများ
အသက်ကြီးသလောက် အလွန် အငယ်ကြိုက်သော ကာလဖြစ်သည်။
အသက် ၄၀ ကျော်လျှင် ဥက္ကဋ္ဌမလုပ်ရ ဆိုသဖြင့် ဘကြီးကား ရာထူးမှ အရာကျသွားသည်။
သို့သော် သားဖြစ်သူက ကျေးရွာအေး ချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဖြစ်လာသဖြင့်
အနေအစားတော့ ပျက်မသွား။
မာဂျေက ဘကြီးကို စချင်သဖြင့် ရန်ကုန်သို့ ဘုရားဖူးလာသော ဘကြီးကို - "အစိုးရအဖွဲ့ဝင်တွေက
ဘကြီးထက်တောင် အသက်ကြီးလို့ တုန်ချည့်နေကြပြီ။ သူတို့ကတော့ မနားကြဘူးနော်" ဟု
ဘကြီး၏ ပြောနေကျအဖြေ ကြားချင်သဖြင့် မေးလိုက်သည်။
ဘကြီးကား တစ်ခွန်းတည်းပင် ဖြေသွားသည်။ "အာဏာပေါ့ကွယ်" ယခုတော့ ဘကြီးလည်း
ဆုံးပါးသွားပြီ။ သူ့သားကား သူ့အရိုက်အရာကိုဆက်ခံပြီး ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ် နေလေပြီ။
သို့သော် လွှတ်တော်နှင့် အစိုးရအဖွဲ့ အငြင်းအခုံများကို မြင်ရတိုင်း၊ ဖွဘုတ်ပေါ်မှ နိုင်ငံရေး
အငြင်းအခုံများကို ဖတ်ရတိုင်း၊ သမ္မတလုပ်ချင်တယ်ဟု ပြောသူများကို မြင်ရတိုင်း၊ နိုင်ငံရေးသမား
တို့၏ အခမ်းအနား ပွဲလမ်းသဘင်များ၊ ဟောပြောပွဲများကိုမြင်ရတိုင်း ဘကြီးကို သတိရမိသည်။
သူသာ သက်ရှိထင်ရှား ရှိမည်ဆိုပါက ရုပ်သံမှ ထုတ်လွှင့်ပေးမည့် အဆိုပါအစီအစဉ်များကို
လက်ဖက်ရည်ကြမ်း သောက်ရင်း အိမ်ဦးခန်းမှ ကြည့်နေ ပေလိမ့်မည်။
ထိုအစီအစဉ်များကို ကြည့်ပြီး ငယ်ရွယ်သူ မြေးမြစ်များက "ဘ..အဲဒါ ဘာတွေလဲ၊ ဘာကြောင့်လဲ"
ဟု မေးလာခဲ့သော် သူ၏ မရိုးနိုင်သော လက်သုံးစကား ဖြစ်သည့် "အာဏာပေါ့ကွယ်" ဆိုသည့်
အဖြေနှင့် ကျေနပ်စေမည်ဆိုသည်ကိုကား မာဂျေ ယုံကြည်ဆဲပင်။
မာဂျေ

0 comments:
Post a Comment