‘စည်းကမ်းရှိမှ တိုးတက်မည်’ ဆိုတဲ့ ဆောင်ပုဒ်ကို ကျွန်တော်တို့ မှတ်မိကြမှာပေါ့။ ကုန်ခဲ့တဲ့ အနှစ် ၂၀ လောက်က အနီရောင်အောက်ခံမှာ အဖြူရောင် စာလုံးကြီးတွေနဲ့ မြို့ရွာ၊ ရပ်ကွက်တွေရဲ့ လမ်းဆုံလမ်းခွတွေမှာ စိုက်ထူထားတာကို။ ဒါပေမဲ့ ဘယ်သူမှ အဲဒီဆိုင်းဘုတ်ကို သဘောမကျကြဘူး။
သိတဲ့အတိုင်း အဲဒီဆိုင်းဘုတ်မှ မဟုတ်ဘူး။ အဲဒီတုန်းက အဲလို ဆိုင်းဘုတ်ကြီးတွေနဲ့ စိုက်ထူထားတဲ့ ဆောင်ပုဒ်တွေကိုလည်း သဘောမကျကြဘူးလေ။ သဘောမကျရတဲ့ အကြောင်းကလည်း ပြောနေစရာ မလိုဘူး။ ဆိုင်းဘုတ် နောက်မှာရှိတဲ့ လူတွေကို သဘောမှမကျတာ။ ‘ပုဂ္ဂိုလ်ခင်မှ တရားမင်’ လို့လည်း ဆိုထားတယ် မဟုတ်လား။
တချို့ကျ အဲဒီအဆင့်တင် မကတော့ဘူး။ အရွဲ့တိုက်ပြီး အဲဒီဆောင်ပုဒ်တွေနဲ့ ဆန့်ကျင်ဘက်တွေလုပ်ပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆန့်ကျင်ကြတယ်။ ဆိုလိုတာက အဲဒီအချိန်မှာ ကိုယ်မကြိုက်တာကို အခုကာလလို ဆန္ဒပြခွင့် မရှိဘူးလေ။ အဲတော့ ဆန့်ကျင်လို့ ရတဲ့နည်းနဲ့ ဆန့်ကျင်ရင်း စည်းကမ်းမဲ့သူတွေ ဖြစ်မှန်းမသိ ဖြစ်လာတယ်။
တင်းကျပ်တဲ့ ဖိနှိပ်မှုအောက်မှာ နေရတဲ့သူတွေဆိုတော့ စိတ်ထဲမှာ အောင့်အည်း မျိုသိပ်ထားတဲ့ မကျေနပ်မှုတွေကို ထွက်ပေါက်ပေးလို့ရတဲ့ နေရာမှာပေးရင်း အရွဲ့တိုက်တဲ့ဘက် ရောက်ကုန်တယ်။ ပြောရရင် မကြိုက်တာကို ဆန့်ကျင်ရင်း ကိုယ်ပါ စည်းပျက်ကမ်းပျက် ဖြစ်လာတာမျိုးပေါ့။
‘ကွမ်းတံတွေးမထွေးရ’ ဆိုင်းဘုတ်တပ်ထားတဲ့ နေရာတင်မက အဲဒီဆိုင်းဘုတ် ပေါ်ပါထွေးချပြီး ကန့်လန့်တိုက်တယ်။ ‘အမှိုက်မပုံရ’ ဆိုတဲ့နေရာမှာ အမှိုက်ပုံက မြင်မကောင်းဘူး၊ ‘ဈေးမရောင်းရ’ ဆိုတဲ့ ဆိုင်းဘုတ်ဘေးမှာတင် လမ်းဘေးဈေးသည်တွေ ပြည့်လို့။ ‘ဖြူနီကျားမရပ်ရ’ ဆိုတဲ့ စည်းကမ်းကလည်း သိသိချည်းနဲ့ ရပ်နေကြတာပဲ။ ‘ဆေးလိပ်မသောက်ရ’ ဆိုတဲ့ နေရာမှာလည်း ဘာထူးလဲ ဆေးလိပ်ခိုးငွေ့တွေ မွှန်ထူလို့။ ပြောချင်တာက ကျွန်တော်တို့တစ်တွေ အာဏာရှင်ကို အရွဲ့တိုက်ရင်း တိုက်ရင်း ကြာလာတော့ ကျွန်တော်တို့ရဲ့ အကျင့်စရိုက်တွေ မြေကြီးထဲ ရောက်သွား မတတ် ဖြစ်နေကြသလားလို့။
စည်းကမ်းရှိမှ တိုးတက်မယ်ဆိုတာ အာဏာရှင်ပြောလို့ ငါတော့ လိုက်မလုပ်နိုင်ဘူး။ “စည်းကမ်းမရှိတော့ ဘာလုပ်ချင်လဲကွာ”၊ “မဲ့တယ်ကွာဘာဖြစ်လဲ” ဆိုတဲ့ တုံ့ပြန်မှုနဲ့ဆို ကျွန်တော်တို့ ကိုယ်၌ရော၊ ကျွန်တော်တို့ ပတ်ဝန်းကျင်ရော၊ ကျွန်တော်တို့ လူ့အဖွဲ့အစည်းရော စည်းကမ်းမရှိတဲ့ အခြေအနေ ရောက်သွားမှာပေါ့။
စည်းကမ်းမရှိတဲ့ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်တယ်လို့များ ကြားဖူးကြသလား။ ဒီနေ့ ကမ္ဘာ့ထိပ်တန်း ဖွံ့ဖြိုးပြီး နိုင်ငံတွေကိုကြည့်။ ဘယ်နိုင်ငံများ စည်းပျက်ကမ်းပျက်နဲ့ တိုးတက်လာလဲလို့။
အခုဆိုရင် မြန်မာပြည်ရဲ့ နေရာတိုင်းမှာ စည်းကမ်းပျက်လာတာ သိပ်များလာတယ်။ ပြောရရင် ကုန်ခဲ့တဲ့ စနစ်ဆိုး ကာလထက်တောင် စည်းကမ်း ပိုပျက်လာသလိုပဲ။ ကားတွေရော၊ လူတွေရော၊ ကုမ္ပဏီတွေရော၊ အဖွဲ့အစည်းတွေရော၊ ကျောင်းသားတွေ၊ ဆရာတွေ၊ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ဆောက်လုပ်ရေး သမားတွေ တည်ဆဲ၊ ရှိဆဲ စည်းမျဉ်းစည်းကမ်းတွေ ဘယ်လောက် လိုက်နာ ကြလို့လဲ။
အစိုးရ အသုံးမကျတာချည်း ထိုင်ပြောနေပြီး ကျွန်တော်တို့ ကိုယ်၌တော့ စည်းကမ်းရှိအောင် အရင်မလုပ်နိုင်ရင် ကျွန်တော်တို့နိုင်ငံကို ဘယ်တော့မှ ဖွံ့ဖြိုးအောင် မလုပ်နိုင်ဘူးလေ။ အဲတော့ ဒီနေ့ ဒီအချိန်ကစပြီး ဘာမှ အပန်းတကြီး၊ နဖူးကချွေး ခြေမကျအောင် အင်အားစိုက်ထုတ်စရာ မလိုတဲ့ အသေးအဖွဲ စည်းကမ်းကအစ လိုက်နာကြည့်ပြီး ကျွန်တော်တို့ဘာသာ ကျွန်တော်တို့ ပြင်ကြည့် ကြရအောင်။
The Voice
0 comments:
Post a Comment