Sunday, September 29, 2013

စပါးစိုက်ပျိုး ချေးငွေနှင့် ဖုန်းဆင်းကတ်များ ချထားပေးမှုအပေါ် အမြတ်ထုတ်သော က၀မြို့နယ်၊ ကသစ်ပင်ကျေးရွာ အုပ်ချုပ်ရေးမှူးကို အရေးယူပေးရန် ဒေသခံများ တောင်းဆို

 Created on Sunday, 29 September 2013


ကလေးဝမြို့နယ်၊ ကသစ်ပင်ကျေးရွာမှ လယ်သမားများ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ-ကြည်နိုင်)

စပါးစိုက်ပျိုးငွေနှင့် ဖုန်းဆင်းကတ်များ ချထားပေးမှုအပေါ် အမြတ်ထုတ် ကိုယ်ကျိုးအတွက် အသုံးပြုသည်ဟုဆိုကာ ပဲခူးတိုင်းဒေသကြီး၊ က၀မြို့နယ်၊ ကသစ်ပင်ကျေးရွာ အုပ်ချုပ်ရေးမှူးကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ အရေးယူပေးစေလိုကြောင်း အဆိုပါ ကသစ်ပင်ကျေးရွာမှ ရွာသူရွာသားများက မြန်မာဂျာနယ်လစ် ကွန်ရက်တွင် စက်တင်ဘာ ၂၈ ရက်က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

"၂၀၁၃ ဇူလိုင်မှာ ရွာအတွက်ဆိုပြီး မြို့နယ်က ၁၅၀၀ တန် ဖုန်းဆင်းကတ် ငါးကတ်ချပေးပါတယ်။ ဒါကို ရွာသားတွေ မသိရဘဲ ကိုယ့်အကျိုးအတွက်ပဲ အသုံးပြုသွားပါတယ်။ ဒါ့အပြင် လယ်ယာမြေ ဥပဒေသစ်အရ လယ်ယာမြေ ပိုင်ဆိုင်ခွင့် လျှောက်ထားတဲ့အခါ အုပ်ချုပ်ရေးမှူးကို ငွေအဆမတန် ပေးရပါတယ်။ စိုက်ပျိုးစရိတ် ချေးငွေရဖို့ အတွက်လည်း စိုက်ပျိုးရေးဘဏ် စာအုပ်လုပ်တဲ့ အခါမှာလည်း ၃၀၀၀ ကျသင့်တာကို ၅၀၀၀ အထိ တောင်းပါတယ်။ ကျွန်တော်တို့ လယ်သမားအချို့ဟာ နိုင်ငံတော်က ချထားပေးတဲ့ စိုက်ပျိုးစရိတ်တွေကို မရတာ ဘာကြောင့်လဲမေးတော့ နိုင်ငံတော်က ချေးငွေချပေးတာ မလုံလောက်လို့လည်း ပြောတယ်။ ဒါပေမဲ့ သူနဲ့သိတဲ့ လူတွေကျတော့ ကိုးဧကပိုင်တဲ့သူက ၁၀ ဧကလောက် စပါးစိုက်ချေးငွေတွေ ရကြတယ်။ ကိုယ့်ရွာသား မဟုတ်ဘဲနဲ့ သူများရွာတွေက စပါးစိုက်ချေးငွေ ရသွားကြတဲ့ အဖြစ်အပျက်တွေလည်း ရှိပါတယ်" ဟု ကသစ်ပင်ကျေးရွာမှ ယခင်အုပ်ချုပ်ရေးမှူး ဦးမြင့်လှိုင်က ရွာသူရွာသားများကိုယ်စား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ကျေးရွာတွင် အိမ်ခြေ ၃၅၀၊ လူဦးရေ ၁၀၀၀၀ ကျော် နေထိုင်ကာ လယ်ဧက စုစုပေါင်း ၂၂၀၀ ခန့်ရှိပြီး စပါးစိုက်ပျိုး ချေးငွေအဖြစ် မြို့နယ်စိုက်ပျိုးရေးဘဏ်မှ တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ချေးငွေချပေးမည် ဖြစ်ကြောင်းနှင့် ထိုသို့ချေးငွေ ရရန်အတွက် လယ်ကွက်များကို မိမိနာမည် ပြောင်းထားရန် လိုအပ်ကြောင်း ဒေသခံ လယ်သမားများက ဆက်လက်ပြောကြားသည်။

ထိုသို့ လက်ရှိလုပ်ကိုင် ပိုင်ဆိုင်သော လယ်ကွက်များကို အမည်ပေါက်စာရင်း တင်သွင်းရန်အတွက် ကသစ်ပင်ကျေးရွာ အုပ်ချုပ်ရေးမှူးသည် ငွေကျပ်ငါးသောင်းအထိ တောင်းဆိုခဲ့ကြောင်း သိရသည်။

အဆိုပါက သစ်ပင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသက်နိုင်၏ ဖုန်းသို့ဆက်သွယ် မေးမြန်းခဲ့ရာ အမျိုးသမီးတစ်ဦးက ဦးသက်နိုင် အပြင်သို့ ရောက်ရှိနေကြောင်း ဖြေကြားခဲ့သည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...