Sunday, September 29, 2013

လွယ်လို့

(ဆောင်းပါးရှင်-မခိုင်)

ခုတလော သတင်းတွေထဲမှာ မူးယစ်ဆေးဝါး ဖမ်းဆီးရမိတဲ့ သတင်းတွေ၊ သုံးစွဲသူတွေ ဖမ်းမိတဲ့ သတင်းတွေကို တွေ့နေရတယ်။

မူးယစ်ဆေး သုံးစွဲသူများ အန္တရာယ် လျှော့ချရေး လုပ်ငန်းမှာ လုပ်နေတဲ့ဆရာ တစ်ယောက်ကတော့ ပြောပါတယ်။ ဒါမျိုးက ခုမှသတင်းတွေ ပွင့်လင်းလို့ သိရတာပါ။ အရင်ကတည်းက သုံးစွဲသူတွေကော ဖမ်းမိသူတွေပါ များနေတာပါတဲ့။

HIV/AIDS လုပ်ငန်းတွေထဲမှာ ၁၀ နှစ်ကျော် Volunteer လုပ်ခဲ့လေတော့ မူးယစ်ဆေး သုံးစွဲတဲ့လူတွေ၊ သုံးစွဲခဲ့တဲ့ လူတွေနဲ့ ရင်းရင်းနှီးနှီး အတူလက်တွဲလို့ အလုပ်တွေ လုပ်ခဲ့ရတယ်။

သူတို့နဲ့ သင်တန်းတွေ အတူတက်တော့ ဆွေးနွေးရတဲ့ အခါတိုင်း ဘာကြောင့်သုံးလဲဆိုတဲ့ မေးခွန်းမျိုးကို မကြာမကြာ ကြားရတယ်။

ကြားရတဲ့ အခါတိုင်းလည်း သူတို့တွေဖြေတာ တစ်ထပ်တည်းပါပဲ။ အဲဒါကတော့ "လွယ်လို့" ပါတဲ့။

မူးယစ်ဆေးသုံးတဲ့သူ အများစုဟာ အဓိက နံပါတ်တစ်ကတော့ လွယ်လွယ်ဝယ်လို့ ရလို့ဖြစ်ပြီး ဒုတိယ အနေနဲ့ကတော့ နောက်ခံဘ၀ ဇာတ်ကြောင်းတွေက အနာတွေနဲ့ဖြစ်တဲ့ လူတွေပါလို့ ဆွေးနွေးတဲ့ အခါတိုင်း ဒီလိုအဖြေ ထွက်လာတတ်တယ်။ ဒီတော့ မေးကြည့်ဖြစ်တယ်။

"လွယ်လို့" ဆိုတဲ့ စကားကိုပေါ့။ ဒီတော့ နှစ် ၂၀ နီးပါး မူးယစ်ဆေး သုံးစွဲတာဖြတ်ပြီး အစားထိုး မက်သာဒုံးဆေး သုံးနေတဲ့ သူငယ်ချင်းက "ကိုယ့်လမ်းထဲမှာ သရေစာဆိုင် မရှိရင် လူတွေက တော်ရုံသရေစာ စားဖြစ်မလား။ လမ်းထဲ သရေစာဆိုင် ဖွင့်လာမယ်။ လက်ထဲမှာလည်း ၀ယ်စားဖို့ ပိုက်ဆံရှိမယ်ဆိုရင် သရေစာကို တစ်ခါမဟုတ် တစ်ခါတော့ ၀ယ်စားဖြစ်မယ် မဟုတ်လား။ အဲဒီ သဘောပါပဲ" လို့ ရှင်းပြပါတယ်။

လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက လမ်းထဲက သူငယ်ချင်းတွေ စုပြီးတော့ သူကဦးဆောင်လို့ ဆေးဝယ်ပေးခဲ့ တာတွေကိုလည်း သိရပါတယ်။ အဲဒီအချိန်က သူငယ်ချင်းတွေထဲမှာ မိသားစုပြဿနာ ရှိတဲ့သူ တစ်ယောက်တည်းပဲ ဆေးကိုစွဲမြဲစွာ သုံးစွဲဖြစ်ခဲ့တယ်လို့လည်း သိရတယ်။

တက္ကသိုလ်တက်နေပြီး စိတ်ကြွဆေး (ATS အုပ်စု) သုံးနေတဲ့ တတိယနှစ် ကျောင်းသားလေးရဲ့ အဖေက သူ့သားကို ဘယ်လိုလုပ်ရမလဲလို့ အကြံဥာဏ် လာတောင်းပါတယ်။ ကလေးနဲ့ စကားပြောချင်တယ်လို့ ခွင့်တောင်းပြီး ကလေးကို စကားပြောကြည့်တော့ ကလေးမှာ မိသားစု ပြဿနာတွေ တွေ့ရတယ်။ သူ့အဖေနဲ့ အမေကွဲနေတာရယ်။ အဖေက နောက်မိန်းမ ထပ်ယူဖို့ လုပ်နေတာရယ်ကို တွေ့ရတယ်။ ဟုတ်ပါပြီ ဆေးသုံးဖို့ ဘယ်လိုဝယ်ရလဲ ဆိုတော့။ ၀ယ်စရာ မလိုပါဘူးတဲ့ ရောင်းတဲ့သူတွေက ကိုယ့်ဘေးနားမှာ ပွထနေတာ ပါပဲတဲ့လေ။ သူလွယ်လွယ်နဲ့ ၀ယ်လို့ရနေတာကို ပေါ့ပေါ့ပါးပါးနဲ့ ပြောနေတာကို တွေ့ရပါတယ်။

မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ပညာပေးတာတွေ၊ ဟောပြောပွဲတွေ လုပ်နေကြတာကို အားပေးပါတယ်။ မသုံးစွဲသေးတဲ့လူတွေ မသုံးဖြစ်အောင် တစ်ထောင့်တစ်နေရာကနေ တားဆီးပညာပေးတာမို့ အားပေးပါတယ်။ သုံးစွဲနေတဲ့ လူတွေအတွက် ဆေးဖြတ်စခန်းတွေ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ စတာတွေ လုပ်ပေးဖို့ကိုတော့ ဘာမှရေရေရာရာ မကြားရသေးပါဘူး။ သုံးတဲ့လူတွေကို ဖမ်းနေရုံနဲ့ မပြီးဘူးလို့လည်း အတွေ့အကြုံတွေအရ သိနေခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ UN က ဆရာတစ်ယောက်ကို မေးဖြစ်တယ်။ ဒီလုပ်ငန်းတွေက အစိုးရကော NGO တွေကော လူထုကော ပါဝင်မှ ရမယ်။ မလွယ်ဘူးတဲ့လေ။ ရေရှည် စီမံကိန်းတွေချပြီး ငွေကြေးအကုန်အကျ ခံရမှာ ဖြစ်သလို ဒေသတွင်း လူထုလက်ခံနိုင်အောင် ပညာပေးတာတွေ တစ်ဆက်တည်း လုပ်ရမယ်လို့ ပြောပါတယ်။

တစ်နေ့က အသက် ၃၀ အရွယ် အစိုးရ ၀န်ထမ်းတစ်ယောက်နဲ့ စကားပြောဖြစ်တယ်။ သူတို့ အောက်ခြေ၀န်ထမ်းတွေ တစ်လကို သုံးသိန်းလောက်သာရရင် လာဘ်စားတာတွေ အကြံအဖန်တွေ မလုပ်ပါဘူးတဲ့။ သူလုပ်နေရတာတွေက ရတဲ့လခနဲ့ မလောက်လို့ပါလို့ ရင်ဖွင့်လာပါတယ်။ ဒါနဲ့ တစ်ဆက်တည်း မေးဖြစ်တယ်။ ဘာလို့ ဒီလိုအကြံအဖန်တွေ လုပ်ဖြစ်နေတာလဲဆိုတော့ အဓိကကတော့ လွယ်လို့ပါတဲ့။

နောက်တစ်ချက်ကတော့ မိသားစု စားဝတ်နေရေး မလောက်လို့ပါတဲ့လေ။ လွယ်တာကို လုပ်တတ်ကြတာ သဘာဝကျပါတယ်။ မူးယစ်ဆေးကို လွယ်လို့သုံးနေတာကို မလွယ်အောင် လုပ်လိုက်လို့လည်း သုံးစွဲသူတွေက မသုံးဘဲ နေတော့မှာလားဆိုတာ စဉ်းစားစရာပါ။ ဆရာကြီး ဦးအုန်းက ပြောပါတယ်။

ပုပ္ပားတောင်ကြီး စိုပြည်ဖို့အတွက် လုပ်ဆောင်တဲ့အခါ ထင်းခုတ်ပြီး အသက်မွေးဝမ်းကျောင်းတဲ့ သူတွေကို ပညာပေးရတယ်။ သူတို့ မိသားစုဝင်တွေကို စားဝတ်နေရေးအတွက် အလုပ်အကိုင် ဖန်တီးပေးရတယ်။ ဒေသနဲ့ ကိုက်ညီတဲ့ အပင်တွေ စိုက်ရတယ်။ ရေထွက်ပေါက်တွေကို လေ့လာထိန်းသိမ်းရတယ်လို့ ပြောပါတယ်။ ဒီလိုပဲ မူးယစ်ဆေး သုံးစွဲသူတွေကို အပြစ်ပေး ဖမ်းဆီး ထောင်ချရုံနဲ့ မူးယစ်ကင်းစင်ရေး ဖြစ်သွားမလား။ ဖမ်းတာက လွယ်နေလို့ ဖမ်းပဲဖမ်းနေတာလား ဆိုတာကို စဉ်းစားမိနေပါတယ်။

၁၀ နှစ်ကျော် မူးယစ်ဆေးဝါး အန္တရာယ် လျှော့ချရေးမှာ ပါဝင်ကူညီခဲ့ပေမယ့် အရင်က အတိုင်းပဲလို့ ခံစားမိနေပါတယ်။ ဘာမှ မပြောင်းလဲသေးဘူးလို့ မြင်ပါတယ်။ သုံးစွဲတဲ့ ဆေးဝါးအမည်တွေ သုံးစွဲပုံတွေသာ ပြောင်းလဲသွားတယ်လို့ပဲ မြင်ပါတယ်။ လွယ်လို့လုပ်မိတဲ့ အလုပ်တွေကို ဆက်လုပ်နေကြဦးမယ် ဆိုရင်ဖြင့် ဘယ်လိုခေါင်းစဉ်တွေတပ်ပြီး လုပ်ဆောင်နေပါစေ ဘာမှမပြောင်းလဲနိုင်ဘူးလို့ မြင်နေမိပါတယ်။

Eleven

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...