Monday, September 9, 2013

ကျွန်တော် သစ္စာဖေါက်...


ဒီရက်ပိုင်း နယ်တွေကနေ ကျွန်တော့်ဆီရောက်လာတဲ့ သတင်းများထဲက (၂)ပုဒ်ကတော့ နယ်ဆေးရုံတွေရဲ့ သတင်းတွေဖြစ်ပါတယ်၊အဲဒီသတင်းတွေကိုကျွန်တော်ရေးသားဖေါ်ပြခြင်း မပြုပေမယ့် အဲဒီဆေးရုံတွေနဲ့ ပါတ်သက်ပြီး တာဝန်ရှိတဲ့ ဆရာဝန်ကြီးများကိုတော့ ၀န်ထမ်းများကို သတိပေးထားနိုင်ဖို့အသိ
ပေးစကားတော့ ပြောဖြစ်ခဲ့ပါတယ်၊ကျွန်တော်အနေနဲ့ ဒီသတင်းတွေကို နာမည်နဲ့တကွ အတိအကျ ဘာကြောင့် မရေးသလဲဆိုရင် ဒီသတင်းကြောင့် ဒုက္ခရောက်သွားနိုင်သူတွေဟာ ဆေးရုံတွေရဲ့ အနှိမ့်ဆုံးဝန်ထမ်းဖြစ်တဲ့ သန့်ရှင်းရေးလုပ်သားတွေဖြစ်နေကြလို့ပါပဲ၊ဒါဆို ဘာ့ကြောင့် စာတစ်တန် ပေတစ်ဖွဲ့ရေးနေရသေးလဲ ဆိုရင်တော့ သန့်ရှင်းရေးလုပ်သားများထက် ပိုမို တွေးတောနိုင် စွမ်းရှိတဲ့ တာဝန်ရှိဆရာဝန်များအနေနဲ့ ထိန်းသိမ်း ဆုံးမထားနိုင်အောင်လို့ပါ၊

နယ်ဆေးရုံတစ်ရုံရဲ့ ဖြစ်ရပ် ကတော့ သားဦးလေးကို မွေးဖွားမယ့် (၁၉)နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးကို ခွဲခန်းထဲ ၀င်ရမှာကြောက်ပြီး ငြင်းဆန်လို့ဆိုပြီးသန့်ရှင်းရေး အမျိုးသမီးက ပါး(၂)ချက်ရိုက်တဲ့ သတင်းပါ၊ကြားရခါစ ကတော့ လူနာအပေါ် ဒီလို ကိုယ်ထိလက်ရောက် စော်ကားမှုအတွက် သတင်းရေးပြီးတင်လိုက်မယ် စိတ်ကူးပြီး သတင်းမှန်ကန်မှုရှိ မရှိ စုံစမ်းတဲ့အခါ မှန်ကန်နေပေမယ့် သူရဲ့ လစာတစ်ခုထဲကို မှီခိုနေတဲ့ ကျောင်းသား ကျောင်းသူများရဲ့နောင်ရေးကို တွေးမိပြီး တာဝန်ရှိ ဆရာဝန်ကြီးကို အသိပေးဖြစ်ခဲ့ပါတယ်၊အလုပ်ထိခိုက်လောက်အောင်တော့ အရေးမယူဖို့နဲ့ သူ့အမှားကိုသူသိအောင်တော့ ဆိုဆုံးမပေးဖို့ကိုလည်း ဆရာဝန်ကြီးကို မေတ္တာ ရပ်ခံခဲ့ဖြစ်ပါတယ်၊

နောက်ဖြစ်ရပ်တစ်ခုကတော့ ဆေးရုံတစ်ရုံရဲ့ သန့်ရှင်းရေး ၀န်ထမ်းကိစ္စပါပဲ၊ ခွဲလူနာအမျိုးသမီး ကို ဆေးထည့်ပေးတဲ့အခါ လူနာအော်လို့ဆိုပြီး ဒူးခေါင်းကို ခေါက်လွန်းလို့လူနာခမြာ ဒူးခေါင်းတွေ ညိုမည်း နေတဲ့ဖြစ်စဉ်ပါ၊ဓါတ်ပုံကအစ ရခဲ့ပေမယ့် အထက်ကလိုပါပဲ၊သက်ဆိုင်ရာဆရာဝန်ကြီးကို အသိပေးပြီး ဆိုဆုံးမပေးဖို့ တောင်းပန်ခဲ့ပါတယ်၊

တတိယ သန့်ရှင်းရေး ၀န်ထမ်းကိစ္စကတော့ ဆေးရုံတိုင်းမှာလို ဖြစ်နေတဲ့ ကိစ္စပါ၊ ဆေးရုံသန့်ရှင်းရေး ၀န်ထမ်းက ၀ဒ်ထဲမှာ သူသန့်ရှင်းရေးလုပ်တဲ့အခါတိုင်း လူနာစောင့်တွေကို အော်ကြီးဟစ်ကျယ် ဆူဆဲ မောင်းထုတ်တဲ့ကိစ္စပါ၊သူ့ဘက်က အမှား အမှန် ပိုင်းခြားပြောဆိုတာထက် ဆေးရုံလာတက်တဲ့ လူနာရဲ့ စိတ်ကို အတော် စိတ် မချမ်းမသာ ဖြစ်စေတဲ့ ဖြစ်စဉ်မျိုးပါ၊ ဒီလိုဖြစ်စဉ်တွေမှာလည်း လူနာလာမေး တဲ့ သူတွေကို အားမနာရင်တောင် လူနာတွေရဲ့ စိတ်ဒါဏ်ရာကို ငဲ့ညာပေးကြဖို့ လိုအပ်လှပါတယ်၊
ကျွန်တော်ဒါတွေကို ရေးပြနေတယ်ဆိုတဲ့နေရာမှာ အချို့က ထင်နေကြသလို ကျွန်တော်တို့ သတင်းသမားတွေ ဟာ စာနာမှု မရှိဘဲ သတင်းဖြစ်တိုင်း ရေးနေကြတယ်ဆိုတဲ့ အတွေးမျိုး ရှိနေကြလို့ ပါပဲ၊အဲဒီလို မည်းမည်းမြင်ရန်သူဆိုတဲ့ သတင်းသမား မရှိဘူးလို့တော့ ကျွန်တော် မပြောလိုပါဘူး၊အနည်း အကျဉ်းတော့ ရှိကြမှာပါပဲ၊ ဒါပေမယ့် ကျွန်တော့်လို တွေးပြီး သတင်းဖြစ်တိုင်း မရေးတဲ့ သတင်းသမားတွေ က သေချာပေါက် ပိုများပါလိမ့်မယ်၊ နောက်တစ်ခု ကျွန်တော်ပြောချင်တာက ရဲတပ်ဖွဲ့ဝင်အချို့ဟာ ကျွန်တော်တို့ အပေါ်မှာ အမြင်စောင်းကြလေ့ရှိပါတယ်၊ရဲသတင်းဆိုရင် အလွတ်မပေးဘူးဆိုတဲ့ အမြင်မျိုးတွေပါ၊ အဲဒါကလည်း မဟုတ်ပါဘူး၊ ရလာတဲ့ သတင်းအပေါ်မှာ စုံစမ်းပြီး ရေးသင့်မှ ရေးကြတာ ပါ၊

ဒါနဲ့ပါတ်သက်ပြီးလည်း ရဲနဲ့ ပါတ်သက်ပြီး ကျွန်တော် မရေးဖြစ်ခဲ့တဲ့ သတင်းလေး တစ်ပုဒ်
ပြောပြချင်ပါသေးတယ်၊ တစ်ခါက နယ်တစ်နယ်ရဲ့ သတင်းတစ်ပုဒ် ကျွန်တော့်ဆီရောက်လာပါတယ်၊ သတင်းက အင်မတန်ကောင်းတဲ့ သတင်းပါ၊ နယ်သတင်းထောက်ရဲ့ ငွေတွေထည့်ထားတဲ့ လွယ်အိတ်ကို
ရဲတပ်ဖွဲ့ဝင်ရဲ့ သားတစ်ယောက်က ခိုးယူတဲ့ သတင်းပါ၊ ဒီလိုလေး ကျွန်တော်ရေးပြလိုက်တော့ ဒီလောက်ကောင်း တဲ့ သတင်းကို ဘာကြောင့်မရေးရတာလဲလို့ အပြစ်မြင်ချင်တဲ့သူတွေ ကို ပြောချင်တာ က အပြစ်မပြောခင်ကျွန်တော် အောက်က ဆက်ရေးပြမယ့် အကြောင်းအရာလေးကို ဆက်ဖတ်ကြည့်ကြပါ၊ သတင်းထောက် အိတ်ပျောက်တဲ့နေရာက အများသုံးအိမ်သာ အ၀င်ဝမှာ ငွေပါတဲ့ လွယ်အိတ်ကို ချိတ်ထားခဲ့ရင်း ပျောက်တာပါ၊ခိုးပါတယ်ဆိုတဲ့ ရဲတပ်ဖွဲ့ဝင်ရဲ့သားက ရေခဲချောင်းလည်ရောင်းရင်း လွယ်တာနဲ့ဖြုတ်ယူသွားတာပါ၊ လွယ်တာနဲ့ ဖြုတ်ယူတယ်ဆိုလို့ ယူစရာလားလို့ တွေးရင် မှန်နိုင်ပေမယ့်
ကလေးရဲ့ အသက်က(၁၂)နှစ်တောင် မပြည့်သေးတဲ့ ကျောင်းသားလေးပါ ၊ကျောင်းပိတ်တဲ့ ရက်တွေမှာ ရေခဲချောင်းရောင်းပြီး အပိုဝင်ငွေရှာရတာပါ၊ ခိုးတဲ့ကလေးရဲ့ အဖေဖြစ်တဲ့ရဲမိသားစု ကလည်း ဆင်းရဲချို့တဲ့လိုက်တာ တာတေကိုလန်လို့ပါပဲ၊ကျွန်တော် အဲဒီမိသားစုရဲ့ နှိမ့်ကျတဲ့ဘ၀ကို ဘယ်လို မညာမတာစိတ်မျိုးနဲ့ ဖြိုခွဲရက်ပါ့မလဲ၊ဒါပေမယ့် မရှိလို့ ခိုးတဲ့ဖြစ်ရပ်မျိုးကို နောင်ကျဉ်သွားအောင်တော့ သတင်းထောက်ရဲ့ ပျက်သွားတဲ့ ကင်မရာဘိုးနဲ့ အသံဖမ်းစက်ဘိုးကိုတော့ လျော်ပေး ခိုင်းခဲ့ပါတယ်၊ ကင်မရာဘိုးနဲ့ အသံဖမ်းစက်ဘိုးဆိုတာကဒီလိုပါ၊ ခိုးခံရတဲ့ အိတ်ထဲမှာ သတင်းထောက်ရဲ့ ကင်မရာနဲ့ အသံဖမ်းစက် ပါသွားခဲ့တဲ့နေရာမှာ ကလေးပီပီ ကင်မရာတွေနဲ့ ကိုယ့်ပုံတွေကိုယ်ရိုက်ရာကနေ ကင်မရာနဲ့ အသံဖမ်းစက်ပျက်သွားခဲ့တာပါ၊ကျွန်တော်ရဲ့ အဲဒီလိုဆောင်ရွက်လိုက်ချက်ဟာ စာနာတတ်တဲ့ သာမန်လူတစ်ယောက်အနေနဲ့ မှန်ပေမယ့် သတင်းအရ ကြည့်ရင်တော့ ကျွန်တော်ဟာ သတင်းအပေါ်
သစ္စာဖေါက်လိုက်တဲ့ သစ္စာဖေါက်တစ်ယောက်ပါပဲ၊ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ အဲဒီလို သစ္စာဖေါက်လိုက်ရတာကိုပဲ နှစ်ခြိုက်လျှက်ရှိနေဆဲဖြစ်ပါတော့တယ်ခင်ဗျား..။

(ဟာဂျူလီ-ကသာ)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...