Tuesday, October 1, 2013

ပြန်လည်တည်ဆောက်ရေးအတွက် ဒေါ်လာသန်း ၂၅၀ လိုအပ်ဟု ဆီးရီးယား ပြောကြား




အီရတ်နိုင်ငံ ဘဂ္ဂဒက်မြောက်ပိုင်း ၃၅၀ ကီလိုမီတာ အကွာရှိ အီအာဘေးမြို့ရှိ ဆီးရီးယား ဒုက္ခသည်စခန်း (Photo:AP)

စစ်ပွဲကြောင့် ပျက်စီးသွားမှုများကို ပြန်လည်တည်ဆောက်ရန် လာမည့်နှစ်အတွင်း နိုင်ငံတော် အသုံးစရိတ်မှ ဒေါ်လာသန်း ၂၅၀ (ဆီးရီးယားပေါင် ဘီလျံ ၅၀) သတ်မှတ်ခဲ့ကြောင်း ဆီးရီးယားဝန်ကြီးချုပ် ၀ါအယ်လ်ဟယ်လ်ကီ၏ ပြောကြားချက်ကို ကိုးကား၍ အစိုးရ လိုလားသည့် Al-Watan သတင်းစာက စက်တင်ဘာ ၂၃ ရက်တွင် ဖော်ပြခဲ့သည်။

၂၀၁၃ ခုနှစ် အတွင်းက အဆိုပါ ကဏ္ဍများအတွက် အသုံးစရိတ်ကို ပေါင် ၃၀ ဘီလျံ သတ်မှတ်ခဲ့ကြောင်း သိရသည်။ "အရေးပေါ် အကူအညီ ပေးရေးနဲ့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေအတွက် ၂၀၁၄ ခုနှစ် နိုင်ငံတော် အသုံးစရိတ်ကို ဆီးရီးယား ပေါင် ၅၀ ဘီလျံအထိ တိုးမြှင့်သတ်မှတ် ထားပါတယ်" ဟု ၀န်ကြီးချုပ်က ပြောကြားခဲ့သည်။

ဟယ်လ်ကီက "စားနပ်ရိက္ခာ၊ စွမ်းအင်နဲ့ ဆေးဝါးအန္တရာယ် ကင်းရှင်းရေးတို့ကို အဓိက ဦးစားပေး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။

ဆီးရီးယား စားနပ်ရိက္ခာ ပြတ်လပ်မှုသည် စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိနေကြောင်း ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်နှင့် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့တို့က ပြီးခဲ့သည့် တစ်ပတ်တွင် ပြောကြားခဲ့သည်။ လပေါင်း ၃၀ ကြာခဲ့ပြီဖြစ်သော ဆီးရီးယား ပဋိပက္ခတွင် လူ ၁၁၀၀၀၀ ကျော် သေဆုံးခဲ့ပြီး သန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ချမှတ်ရန် ရုရှားနှင့် အမေရိကန်တို့ လွန်ဆွဲနေချိန်တွင် ကျင်းပမည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အထွေထွေ ညီလာခံတွင် ဆီးရီးယားအရေးက အဓိက ဆွေးနွေးရမည့် အကြောင်းအရာတစ်ခု ဖြစ်သည်။ ဓာတုလက်နက် ဖျက်သိမ်းရေးကို မလိုက်နာပါက ဆီးရီးယားကို အရေးယူရန် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွင် ပါဝင်ဖွယ်ရှိကြောင်း ရုရှားသံတမန် တစ်ဦးက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...