Monday, October 28, 2013

ပဋိပက္ခဖြစ်စဉ်များ၊ လုံခြုံရေး ပြဿနာနှင့် စီးပွားရေး မတည်ငြိမ်မှု ဂယက်များကြားမှ မြန်မာဆီးဂိမ်းစ် ဘာလဲ . . . ဘယ်လဲ . . .

Monday, 28 October 2013


ဆီးဂိမ်းစ်ပွဲတော်အတွက် ပြင်ဆင်နေသည့် နေပြည်တော်ရှိ ဇေယျာသီရိ အားကစားကွင်းအား တွေ့ရစဉ်

-----သတင်းဆောင်းပါး-----

မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်များ၊ လုံခြုံရေး ပြဿနာများနှင့် စီးပွားရေး မတည်ငြိမ်မှု ဂယက်များကြားမှ မကြာမီ ပြုလုပ်မည့် မြန်မာဆီးဂိမ်းစ်၏ အလားအလာနှင့် အောင်မြင်နိုင်မှုအပေါ် နယ်ပယ်အသီးသီးမှ စိုးရိမ်မှုများနှင့် မေးခွန်းထုတ်လျက် ရှိနေကြသည်။

အစိုးရသစ်သက်တမ်း သုံးနှစ်နီးပါးခန့် ရှိပြီဖြစ်ပြီး ဒီမိုကရေစီ စနစ်သို့ အသွင်ကူးပြောင်းနေသော နိုင်ငံဖြစ်သော်လည်း လက်ရှိအချိန်တွင် စီးပွားရေးအရ ကြီးမားသည့် တိုးတက်ပြောင်းလဲမှု မရှိသေးသည့်အပြင် အခြေခံ လူတန်းစားများ၏ဘ၀ ပြောင်းလဲတိုးတက်မှု အတွက်လည်း မြန်မာနိုင်ငံ အနေဖြင့် စိန်ခေါ်မှုများ ရှိနေဆဲ ဖြစ်သည်။ ထို့ပြင် တစ်နှစ်ကျော် ကာလအတွင်း ဖြစ်ပွားခဲ့သည့် ဘာသာရေး ပဋိပက္ခ အသွင်ဆောင်သော အဓိကရုဏ်းများနှင့် မကြာသေးမီက တစ်နိုင်ငံလုံး အတိုင်းအတာအရ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုနှင့် ဗုံးလန့်မှု ဖြစ်စဉ်များကြောင့်လည်း နိုင်ငံတကာ၏ ဝေဖန်မှုများ သတိထား စောင့်ကြည့်မှုများနှင့် ရင်ဆိုင်ခဲ့ကြရသည်။ ယင်းသို့သော အခြေအနေ ဂယက်များက ရက်ပေါင်း ၃၀ ကျော် ကာလအတွင်း ကျင်းပတော့မည့် မြန်မာနိုင်ငံ၏ (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်အပေါ် သက်ရောက်မှု အနည်းနှင့်အများ ရှိလာမည်ဖြစ်သည်။


နှစ်ပေါင်း ၄၀ ကျော် ကြာပြီးနောက်

၁၉၆၉ ခုနှစ်တွင် ဆီးဂိမ်းစ်ပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီးနောက် နှစ်ပေါင်း ၄၀ ကျော် အကြာတွင်မှ အိမ်ရှင်အဖြစ် တစ်ကျော့ပြန် ကျင်းပခွင့် ရရှိခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က မြန်မာအားကစား အဖွဲ့မှာ နိုင်ငံအလိုက် ရပ်တည်မှုတွင် ထိပ်ဆုံး၌ ရှိခဲ့ပြီး အောင်မြင်မှု ရရှိခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် မြန်မာအားကစားမှာ ဆီးဂိမ်းစ်ပြိုင်ပွဲများတွင် အောင်မြင်မှုများနှင့် အလှမ်းဝေးခဲ့ပြီး ဒေသတွင်း ဖိလစ်ပိုင် နိုင်ငံကဲ့သို့ နိုင်ငံများ၏ ကျော်တက်ခြင်းကို ခံရကာ လာအို၊ ကမ္ဘောဒီးယား စသည့်နိုင်ငံများနှင့် နိုင်ငံအလိုက် ရပ်တည်မှုအတွက် ယှဉ်ပြိုင်ရသည်အထိ ဖြစ်ခဲ့သည်။ ယခု ၂၇ ကြိမ်မြောက် ဆီးဂိမ်းစ်တွင်တော့ ရွှေတံဆိပ် ၁၀၀ ခန့် ရရှိအောင် ကြိုးစားမည်ဖြစ်ပြီး နိုင်ငံအလိုက် ရပ်တည်မှုတွင် ထိပ်ဆုံး (၃) နေရာ ရရှိအောင် ပစ်မှတ်ထားမည်ဟု မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌက ပြောကြားထားသည်။


ဆီးဂိမ်းစ်နှင့် စီးပွားရေး

ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် နိုင်ငံတော် အနေဖြင့် ကျပ်ဘီလျံပေါင်းများစွာ ကုန်ကျခံပြီး နေပြည်တော်ဇုန်တွင် အဓိက အကောင်အထည် ဖော်ခဲ့သည်။ ဆီးဂိမ်းစ်ဖွင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားအတွက် လူအင်အား တစ်သောင်းကျော် အသုံးပြုမည်ဖြစ်ပြီး ကျပ်ငွေခုနစ်ဘီလျံ သုံးစွဲရန် လျာထားကြောင်း သိရသည်။ ပြည်တွင်းပြည်ပမှ ကုမ္ပဏီ စပွန်ဆာ စာချုပ်များ ရှာဖွေနိုင်မှုအတွက် အမေရိကန်ဒေါ်လာ နှစ်သန်းရရှိအောင် စီစဉ်ထားသော်လည်း နိုင်ငံစီးပွားရေး တည်ငြိမ်မှု မရှိသေးသည့် အချိန်တွင် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ကုန်ကျသည့် ဆီးဂိမ်းစ်ပြိုင်ပွဲနှင့် ပြိုင်ပွဲ၏ နောက်ဆက်တွဲအဖြစ် ပြည်သူများအတွက် အကျိုးခံစားရမှုအပေါ် သုံးသပ်မှုများ ရှိနေသည်။ အခြားနိုင်ငံများတွင် စီးပွားရေး တည်ငြိမ်လျက်ရှိပြီး နိုင်ငံအတွက် ဂုဏ်သိက္ခာ မြင့်စေမည့် နိုင်ငံတကာ ပြိုင်ပွဲများကို နိုင်ငံအတွက် ကျင်းပခြင်းမှာ အားကျစရာ ဖြစ်သော်လည်း ဒီမိုကရေစီ အသွင်ကူးပြောင်းစ နိုင်ငံတစ်နိုင်ငံအတွက် အဘက်ဘက်မှ ရင်ဆိုင်နေရသော ဂယက်များနှင့်အတူ ဘဏ္ဍာငွေများစွာ ရင်းနှီးမတည် ပြုလုပ်ရသည့် နိုင်ငံတကာအဆင့် ပြိုင်ပွဲများ အတွက်မူ စိုးရိမ်စရာဖြစ်ကြောင်း ထောက်ပြမှုများလည်း ရှိနေသည်။

ကိုယ့်နိုင်ငံမှာ ဒီလိုပွဲတွေ ကျင်းပတော့ ကိုယ့်နိုင်ငံကို ကမ္ဘာ့နိုင်ငံကလူတွေ ပိုသိလာတယ်ပေါ့။ စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေကြ သူတွေကတော့ ကိုယ့်လုပ်ငန်းကို ကြော်ငြာကြတယ်။ အားကစားသမားတွေကို ပံ့ပိုးမှုတွေ လုပ်တယ်ဆိုတဲ့ သူတို့ရဲ့ network တွေတော့ ပိုကျယ်ပြန့်လာတယ်။ ကျွန်တော်တို့ကတော့ အရမ်းအများကြီး သိပ်စိတ်မ၀င်စားဘူး . . . . .


အခြေခံ လူတန်းစားများ အနေဖြင့် စီးပွားရေး အဆင်မပြေမှုများ ရှိနေခြင်းနှင့် နိစ္စဓူဝ လှုပ်ရှားရုန်းကန် နေရခြင်းများကြောင့် ယခုကဲ့သို့ နိုင်ငံတကာ ပြိုင်ပွဲများအပေါ် စိတ်ဝင်စားမှု နည်းပါးပြီး နိုင်ငံအသင်းအတွက် အားပေးမှု လျော့နည်းနေရခြင်း ဖြစ်ကြောင်း သိရသည်။

"SEA Games မှာ သိပ်တော့ဖြစ်ဖြစ်မြောက်မြောက် ဖြစ်မယ်မထင်ပါဘူးဗျာ။ ဘာကြောင့်လဲဆိုရင် အများစုက အခြေခံ လူတန်းစားတွေလေ။ လူတွေရဲ့ စားဝတ်နေရေးမှ အဆင်မပြေရင် ဒါတွေလည်း စိတ်မ၀င်စားနိုင်ဘူး။ လူတချို့လောက်ပဲ စိတ်ဝင်စားမယ်လို့ ထင်ပါတယ်" ဟု ကျောက်ပန်းတောင်းမြို့ခံ တစ်ဦးက ပြောကြားခဲ့သည်။

ဆီးဂိမ်းစ်ပြိုင်ပွဲကို နေပြည်တော်ဇုန်တွင် အဓိက ကျင်းပမည်ဖြစ်ရာ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ပရိသတ် အားပေးမှု ရရှိရန်မှာလည်း များစွာအခက်အခဲ ရှိလိမ့်မည် ဖြစ်သည်။ စရိတ်စကနှင့် သွားလာရေး အခက်အခဲများကြောင့် နေပြည်တော်တွင် ကျင်းပမည့် ပြိုင်ပွဲများ၌ ကျောင်းသားလူငယ် ပရိသတ်များသာ ခေါ်ယူကြည့်ရှု အားပေးခွင့် ပိုမိုရရှိ လိမ့်မည်ဟု ခန့်မှန်းမှုများလည်း ရှိနေသည်။

"အရှင်းဆုံး ပြောရရင် အားတက်သရော မရှိတာတော့ အမှန်ပဲ။ ဒါပေမဲ့ အမျိုးသား ကျန်းမာရေး ရှုထောင့်က ကြည့်မယ်ဆိုရင်တော့ ကောင်းတဲ့အလားအလာတွေပါ။ နောက်တစ်ချက်က ကိုယ့်နိုင်ငံမှာ ဒီလိုပွဲတွေ ကျင်းပတော့ ကိုယ့်နိုင်ငံကို ကမ္ဘာ့နိုင်ငံကလူတွေ ပိုသိလာတယ်ပေါ့။ စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေကြ သူတွေကတော့ ကိုယ့်လုပ်ငန်းကို ကြော်ငြာကြတယ်။ အားကစားသမားတွေကို ပံ့ပိုးမှုတွေ လုပ်တယ်ဆိုတဲ့ သူတို့ရဲ့ network တွေတော့ ပိုကျယ်ပြန့်လာတယ်။ ကျွန်တော်တို့ကတော့ အရမ်းအများကြီး သိပ်စိတ်မ၀င်စားဘူး" ဟု ရန်ကုန်မြို့ခံ တစ်ဦးက ကျင်းပတော့မည့် ဆီးဂိမ်းစ်နှင့် ပတ်သက်ပြီး ပြောကြားခဲ့သည်။


လုံခြုံရေး ပြဿနာနှင့် လွှမ်းမိုးနေသည့် ဂယက်များ

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများနှင့် ဗုံးလန့်မှု ဖြစ်စဉ်များကြောင့် ပြည်သူများ အကြားတွင် စိုးရိမ်ထိတ်လန့် မှုများနှင့်အတူ မကြာမီ ကျင်းပတော့မည့် ဆီးဂိမ်းစ်ပြိုင်ပွဲ အတွက်ပါ မေးခွန်းထုတ်မှုများ ရှိလာခဲ့သည်။ ဒေသတွင်း နိုင်ငံများကလည်း မြန်မာနိုင်ငံ၏ လက်ရှိပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအတွင်း အားနည်းချက်များ၊ ပဋိပက္ခများ၊ လုံခြုံရေး အခြေအနေ တည်ငြိမ်မှု မရှိခြင်းများအပေါ် စောင့်ကြည့်ဝေဖန် ပြောဆိုမှုများလည်း ရှိလာကြသည်။ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ဖိလစ်ပိုင်နိုင်ငံကလည်း ဗုံးပေါက်ကွဲမှုများ ရှိခဲ့သော မြန်မာနိုင်ငံ၏ တည်ငြိမ်မှုအပေါ် မေးခွန်းထုတ်ခဲ့ ကြသည်။

"မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားက မဖွံ့ဖြိုးသေးတဲ့ အချိန်မှာ ဆီးဂိမ်းစ်အတွက်က ကုန်ကျစရိတ်တွေ တော်တော်များပါတယ်။ ဒါကလည်း အာဆီယံ နိုင်ငံတွေကိုပြဖို့ လုပ်နေတယ်လို့ မြင်တယ်။ ဗုံးကွဲတဲ့ အနေအထားအပေါ်မှာလည်း သဲသဲကွဲကွဲ စွပ်စွဲဖို့ခက်တဲ့ အနေအထားမှာ ရှိတယ်။ ဘယ်လိုအဖွဲ့အစည်းတွေက လုပ်နေတာလဲ။ အဲဒီလို အနေအထားမျိုးမှာ နိုင်ငံတကာ အားကစားသမားတွေအတွက် လုံခြုံရေးကို ပေးနိုင်မလား ဆိုတာလည်း ပြဿနာရှိတယ်။ တချို့နိုင်ငံတွေကလည်း စိုးရိမ်မှုတွေ ရှိနေကြတယ်လို့ ကြားရတယ်။ ဘာပဲဖြစ်ဖြစ် ဒီအစိုးရကတော့ ဆီးဂိမ်းစ်ကို ဖြစ်အောင်လုပ်မယ့် သဘောမှာတော့ ရှိပါတယ်" ဟု ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားခဲ့သည်။



၂၀၁၃ ခုနှစ် သြဂုတ် ၄ ရက်က နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိကွင်းတွင် ကျင်းပခဲ့သော နေပြည်တော်-ရန်ကုန် MNL ပြိုင်ပွဲတွင် ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားနေသည်ကို တွေ့ရစဉ်

မြန်မာနိုင်ငံတွင် ဆက်တိုက်ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုနှင့် ဗုံးလန့်မှု အခြေအနေများကြောင့် ဆီးဂိမ်းစ်ပြိုင်ပွဲကြီး စည်ကားသိုက်မြိုက်မှုနှင့် ပြည်တွင်းပြည်ပ စိတ်ဝင်စားမှုအပေါ် သက်ရောက်နိုင်မှုများ အတွက်လည်း ပြည်သူများအကြား ပြောဆိုမှုများ ရှိနေသည်။

"ကိုယ့်မြေပေါ်မှာလုပ်တဲ့ SEA Games ဆိုတော့ အထူးသဖြင့် ဘောလုံးပွဲတွေမှာ ကိုယ်တိုင်သွားကြည့်ချင်တယ်။ ဒါပေမဲ့ ရန်ကုန်ကို လာလည်းမကြည့်ရဲဘူး" ဟုလည်း နတ္တလင်းမြို့မှ ဒေသခံ တစ်ဦးက ပြောကြားခဲ့သည်။

"ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေ၊ ပဋိပက္ခတွေကြောင့် ဆိုရင်တော့ စည်ကားတဲ့ ပွဲတစ်ခုဖြစ်ဖို့ကို အနည်းအကျဉ်းတော့ ထိခိုက်မှု ရှိမှာပေါ့။ ဒါကတော့ တခြားတိုင်းပြည်တွေမှာ ဆိုရင်လည်း ဒီလိုပွဲမျိုးတွေမှာ အနှောင့်အယှက် ဆိုတာမျိုးကတော့ ရှိတာပေါ့။ တချို့လည်း ဒါတွေကြောင့် ပိုပြီးသတိထားကြ တာမျိုးတွေတော့ ရှိမှာပေါ့လေ။ ဒါပေမဲ့ အရမ်းကြီးကြီးမားမားတော့ ထိခိုက်မှု ရှိမယ်လို့တော့ မထင်မိဘူး" ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေကလည်း ပြောကြားခဲ့သည်။

ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် တာဝန်ရှိသူများ အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာအရ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေး ကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီး ရန်ကုန်မြို့ အပါအ၀င် နိုင်ငံတစ်ဝန်း အမျိုးသားအဆင့် သတ်မှတ်ကာ နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် လုံခြုံရေးပိုင်းဆိုင်ရာနှင့် ပတ်သက်ပြီး နည်းပညာ အထောက်အကူပြု ပစ္စည်းများအတွက် ငွေကျပ် ခြောက်ဘီလျံခန့် အသုံးပြု အကောင်အထည် ဖော်သွားမည်ဟု ရဲတပ်ဖွဲ့ အကြီးအကဲက ထုတ်ဖော်ပြောကြား ထားပါသည်။

ကိုယ့်တစ်ယောက်တည်း အနေအထားနဲ့ ကြည့်မယ်ဆိုရင်တော့ ဒီဆီးဂိမ်းစ် အိမ်ရှင်အဖြစ် ကျင်းပလို့ အားလုံးရဲ့ ပူးပေါင်းပါဝင်မှု စိတ်ဝင်စားမှု အပိုင်းက ၁၀၀ ရှိရမယ်ဆိုရင် လက်ရှိအနေအထားကို သုံးသပ်တာကတော့ ၁၀၀ အပြည့် မရှိပါဘူး။ ၇၀ နဲ့ ၈၀ ကြားလောက်ပဲ ရှိမယ်လို့ ခန့်မှန်းပါတယ် . . . . .


လာမည့် ဆီးဂိမ်းစ်ပြိုင်ပွဲတွင်လည်း နိုင်ငံတကာနှင့် ပူးပေါင်းကာ လုံခြုံရေး ဆောင်ရွက်မှုများ တိုးမြှင့်ထားပြီး ပြိုင်ပွဲကာလအတွင်း တည်ငြိမ်မှု ရရှိအောင် အစီအစဉ်များ ချမှတ်ထားကြောင်းလည်း သိရသည်။

"မြန်မာနိုင်ငံမှာ ဆီးဂိမ်းစ်ကျင်းပဖို့ ပြည်တွင်းမှာရော၊ နိုင်ငံတကာမှာရော သတ်မှတ်ပြီးသွားပြီ။ Plan တွေလည်း ဆွဲပြီးသွားပြီ။ ဒါကြောင့် ပြိုင်ပွဲကျင်းပမယ့်ရက်ကို ရွှေ့သွားမှာလည်း မဟုတ်ဘူး။ ပြိုင်ပွဲကို အောင်မြင်အောင် ကျင်းပဖို့ ကော်မတီတွေ၊ လုံခြုံဆပ်ကော်မတီတွေနဲ့ အခြားဌာနဆိုင်ရာတွေ ပူးပေါင်းပြီးတော့ အကောင်းဆုံး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဆီးဂိမ်းစ်ပြိုင်ပွဲ လုံခြုံရေးအတွက် ပြည်တွင်းရဲတပ်ဖွဲ့အပြင် နိုင်ငံတကာ ရဲတပ်ဖွဲ့ဝင်တွေကပါ လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက် သွားမှာပါ" ဟု အားကစား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဇော်ဝင်းက Weekly Eleven သို့ ပြောကြားခဲ့သည်။

"ဆီးဂိမ်းစ်မှာ လုံခြုံရေးကတော့ အဓိကပါ။ အားပေးကြတဲ့ အားကစားသမားတွေအပြင် လာရောက်အားပေးတဲ့ ပရိသတ်တွေ အတွက်လည်း လုံခြုံရေးက အရေးကြီးပါတယ်။ ဒီလို လုံခြုံရေးတွေကို စနစ်တကျ ဆောင်ရွက်မှုတွေ ပြုလုပ်နိုင်အောင်လည်း ၀ိုင်းဝန်းအားပေး ကြရမှာပါ။ ဘယ်သူမဆို ဒီလိုဗုံးလှန့်မှုတွေ၊ ပြဿနာတွေ ဖြစ်တာကိုတော့ မလိုချင်ကြပါဘူး။ အေးအေးချမ်းချမ်းနဲ့ပဲ ပွဲကို ပါဝင်ချင်ကြပါတယ်။ ဒီလို ပြဿနာတွေ၊ ဗုံးလှန့်မှုတွေ ရှိနေတဲ့အတွက် လုံခြုံရေး ထားရှိရုံတင် မဟုတ်ဘဲ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာ ဖြစ်တဲ့အတွက် အဓိကကတော့ တာဝန်ရှိသူတွေနဲ့ အားကစားသမားတွေမှာ အမြဲတမ်း သတိရှိဖို့တော့ လိုအပ်ပါတယ်" ဟု ဒေါက်တာအောင်ထွန်းသက် (နိုင်ငံတော် သမ္မတရုံး၊ စီးပွားရေး အကြံပေး)က ပြောကြားခဲ့သည်။

နိုင်ငံ၏ လက်ရှိစီးပွားရေး အခြေအနေနှင့် ကျပ်တည်းမှုများ ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်များ၊ လုံခြုံရေး ပြဿနာများကြောင့် ဆီးဂိမ်းစ်ပြိုင်ပွဲအပေါ် စိတ်ဝင်စားမှု မြင့်မားနိုင်ဖွယ် မရှိကြောင်း ပြည်သူများ အကြားတွင် ပြောဆိုမှုများလည်း ရှိနေသည်။

"ဆီးဂိမ်းစ်နဲ့ ပတ်သက်ပြီး အားလုံးစိတ်ဝင်စားမှု အပိုင်းကတော့ ပြည်တွင်းက ခါတိုင်းအားကစား ပွဲတွေထက်စာရင် များမယ်ဆိုတာကိုတော့ လက်ခံရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ့်တစ်ယောက်တည်း အနေအထားနဲ့ ကြည့်မယ်ဆိုရင်တော့ ဒီဆီးဂိမ်းစ် အိမ်ရှင်အဖြစ် ကျင်းပလို့ အားလုံးရဲ့ ပူးပေါင်းပါဝင်မှု စိတ်ဝင်စားမှု အပိုင်းက ၁၀၀ ရှိရမယ်ဆိုရင် လက်ရှိအနေအထားကို သုံးသပ်တာကတော့ ၁၀၀ အပြည့် မရှိပါဘူး။ ၇၀ နဲ့ ၈၀ ကြားလောက်ပဲ ရှိမယ်လို့ ခန့်မှန်းပါတယ်" ဟု မြန်မာနိုင်ငံ စစ်တုရင် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမောင်မောင်လွင်က ပြောကြားခဲ့သည်။

ထို့အပြင် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေး အခြေအနေနှင့် နိုင်ငံရေး ဖြစ်စဉ်များက အားကစားပြိုင်ပွဲများ အတွက်လည်း အကျိုးသက်ရောက်မှုနှင့် ထင်ဟပ်မှု ရှိနေရာ လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေမှာ နိုင်ငံတကာ အားကစား ပြိုင်ပွဲကြီးများအတွက် အဆင်သင့်ဖြစ်မှု ရှိမရှိအပေါ် မေးခွန်းထုတ် ဆန်းစစ်ရန် လိုအပ်မည် ဖြစ်သည်။

"ကမ္ဘာပေါ်မှာက အားကစားပွဲတွေမှာ နိုင်ငံရေး အကျိုးသက်ရောက်မှုက ထင်ဟပ်နေတယ်။ ဥပမာ ဘရာဇီးမှာ လုပ်သွားတဲ့ ကွန်ဖက်ဒရေးရှင်း ဖလားပြိုင်ပွဲ ကျင်းပနေတဲ့ ကာလမှာဆိုရင် ပြည်သူတွေက အလုပ်အကိုင်၊ စားဝတ်နေရေး အကျပ်အတည်းတွေကြောင့် သပိတ်မှောက်တာတွေ ရှိခဲ့တယ်။ ဒီမှာ အလားတူ ဖြစ်ရပ်မျိုး ဖြစ်မယ်လို့ ကျွန်တော်ဆိုလိုတာ မဟုတ်ဘူး။ အခုက ကျွန်တော်တို့ ပြည်သူတွေမှာက လိုအပ်ချက်တွေ အများကြီး ရှိနေတယ်။ တိုင်းပြည်အခြေအနေကလည်း ကျွန်တော်တို့ မျှော်လင့်ထားသလောက် မကောင်းသေးဘူး။ အဲလို အချိန်မှာ နိုင်ငံတကာကို မျက်နှာပြကောင်းရုံလောက်နဲ့ အကုန်အကျ အများကြီးခံပြီး လုပ်မယ်ဆိုရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်။ အောင်မြင်နိုင်ဖို့လည်း ခက်လိမ့်မယ်လို့ ထင်တယ်။ တစ်ခြားနိုင်ငံတွေမှာ လုပ်တယ်ဆိုတာက တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးပြီး အခြေအနေမှာ လုပ်တာမျိုးဖြစ်လို့ အောင်မြင်တယ် ဆိုတာမျိုးက လက်ခံလို့ ရတယ်။ ကျွန်တော်တို့ နိုင်ငံမှာကျတာ့ တိုင်းပြည်ရဲ့ ဂျီဒီပီ အခြေအနေ၊ ပြည်သူတွေရဲ့ ၀င်ငွေတွေကလည်း မကောင်းသေးတဲ့အချိန်၊ ပြီးတော့ လမ်းပန်းဆက်သွယ်ရေးတွေလည်း မကောင်းတဲ့ အချိန်မှာ နေပြည်တော်အထိ သွားအားပေးရမယ့် အခြေအနေ မျိုးတွေမှာ ပြည်သူတွေရဲ့ အားပေးမှုကို ထင်သလောက် မျှော်လင့်ထားလို့ မရနိုင်ဘူး" ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ) ဥက္ကဋ္ဌ ကျော်ကိုကိုက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များ အပြီးတွင် နိုင်ငံခြား ရင်းနှီိးမြှုပ်နှံမှုများနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ထိခိုက်မှု ကြီးမားစွာ မရှိသော်လည်း နိုင်ငံပေါ် နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ စိတ်ဝင်စားမှုမှာ အတိုင်းအတာ တစ်ခုအထိ ကျဆင်းမှုနှင့်အတူ နိုင်ငံခြားသား ခရီးသွား ၀င်ရောက်မှု တိုးတက်ရေး အတွက်လည်း အနှောင့်အယှက် ဖြစ်စေခဲ့သည်။ ယင်းအပြင် နိုင်ငံတကာမှ ခရီးသွား ဧည့်သည်များ ဒေသတွင်း ခရီးသွား ဧည့်သည်များ အနေနှင့်လည်း ဆီးဂိမ်းစ်ပြိုင်ပွဲနှင့်အတူ မြန်မာနိုင်ငံသို့ လာရောက်လိုမှု ပိုင်းတွင်လည်း ထိခိုက်မှုများ ရှိခဲ့သည်။

"အခုနှစ် ခရီးသွားက မနှစ်ကလိုပဲ တိုးလာမယ်။ ဗုံးသာ မကွဲခဲ့ရင် ဒီထက်ပိုပြီး တိုးလာမယ်။ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တော့ လုံခြုံမှု မရှိဘူးဆိုတဲ့ အမြင်မျိုး ဖြစ်သွားတော့ တိုးမှာက ၁၀၀ ရာခိုင်းနှုန်းက ၅၀ လောက်ပဲ ဖြစ်သွားတယ်။ ဒါပေမဲ့ သက်ဆိုင်ရာတွေက ဘယ်လိုမြင်လဲဆိုတော့ ဗုံးကွဲပေမယ့် ဧည့်သည်တိုးတာပဲဟဆိုတော့ ဗုံးကွဲတာနဲ့ ဘာမှမထိခိုက်ဘူးလို့ ဖြစ်သွားတယ်။ ထိခိုက်တာပေါ့ မနှစ်က လာတာက ၅၀ ဆိုရင် အခုလာမှာက ၁၀၀ လောက်ဆို ၁၅၀ ဖြစ်မှာလေ။ အခုတော့ မနှစ်ကထက် တိုးလာတယ်ဖြစ်ပြီး ခရီးသွား အ၀င်ကောင်းလာတယ်ပဲ ဖြစ်သွားတယ်။ နောက်တစ်ခု တကယ်လို့သာ ခရီးသွားတွေ ၁၀၀ ရာခိုင်နှုန်း အကုန်သာ ၀င်လာရင် ထားစရာနေရာ မရှိဘူး။ ဧည့်သည်တွေ နေစရာမရှိဘဲ အမှန်တကယ် ဒုက္ခရောက်မှာ။ အခု ၅၀ ရာခိုင်နှုန်းလောက်ပဲဆိုတော့ ဟိုတယ်ခန်းတွေ မလုံမလောက်တော့ဖြစ်မယ် ဒါပေမဲ့ သိပ်ပြီးတော့ ရုပ်ပျက်ဆင်းပျက် မဖြစ်ဘူးပေါ့။ လေကြောင်းတွေကလည်း ထိုနည်းလည်းကောင်းပဲ။ နေရာမရဘူး။ လိုချင်တဲ့ရက် မရဘူး။ ဒါမျိုးတွေပေါ့။ သူများနိုင်ငံတွေမှာလည်း ပြဿနာတွေဖြစ်ရင် အတူတူ ၀ိုင်းဝန်းဖြေရှင်း နေကြတာပါပဲ။" ဟု Ruby Land ခရီးသွား ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးအေးကျော်က သုံးသပ်ပြောကြားသည်။



ဝဏ္ဏသိဒ္ဓိကွင်းအတွင်း ဆီးဂိမ်းစ်အကြို ဖွင့်ပွဲပိတ်ပွဲ အခမ်းအနား ကျင်းပနေစဉ်

ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ဒေသတွင်းမှ ဘာသာခြား နိုင်ငံများလည်း ပါဝင်လာမည်ဖြစ်ပြီး ၎င်းတို့၏ လုံခြုံရေးမှာလည်း အရေးပါလာပြီ ဖြစ်သည်။ ထိုသို့သော အခြေအနေမျိုးတွင် ဖြစ်ပွားခဲ့ပြီးသည့် ဘာသာရေး ပဋိပက္ခ အသွင်ဆောင်သော အဓိကရုဏ်းများ၏ ဂယက်မှာ စိုးရိမ်စရာ အနေအထားတွင် ရှိနေဆဲပင် ဖြစ်သည်။

"ဒီပွဲကြီး အောင်မြင်နိုင်မလား ဆိုတာနဲ့ ပတ်သက်ရင်တော့ စိုးရိမ်မှု ရှိတယ်။ အခုဆိုရင် ဗုံးပေါက်ကွဲမှုတွေ၊ အကြမ်းဖက်မှုတွေ ဆက်တိုက်ဖြစ်နေတဲ့ အနေအထား မျိုးတွေမှာတော့ စည်ကားဖို့ဆိုတာ သံသယရှိစရာ တော်တော်ကောင်းတယ်။ စိုးရိမ်မှုတွေ ရှိနေကြတဲ့ အနေအထားမှာ စည်ကားမယ်လို့ တပ်အပ်ပြောလို့ မရဘူး။ အဲဒီ စိုးရိမ်မှုတွေ ဒီကာလ အတွင်းပိုင်းမှာ ဘယ်လိုပြေပျောက်သွားအောင် လုပ်နိုင်မလဲ ဆိုတာကတော့ အစိုးရရဲ့ စွမ်းရည်နဲ့ ဆိုင်ပါတယ်" ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုဂျင်မီက ပြောကြားခဲ့သည်။

မည်သို့ပင်ဆိုစေ မကြာမီ ကျင်းပတော့မည့် ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ပဋိပက္ခဖြစ်စဉ်များ လုံခြုံရေး ပြဿနာနှင့် စီးပွားရေး မတည်ငြိမ်မှု ဂယက်များအကြားတွင် စိန်ခေါ်မှုနှင့်အတူ မြန်မာ့ဆီးဂိမ်းစ်ရဲ့ အလားအလာ၊ အောင်မြင်မှု ရှိမရှိ ဆိုသည့်အပေါ် စိုးရိမ်စရာ ရှိနေသည်ဟု ဆိုရမည် ဖြစ်သည်။

ဆီးဂိမ်းစ်ပြိုင်ပွဲ ကျင်းပမည့် နေရာများ၊ ကစားနည်းများနှင့် ချီးမြှင့်မည့် ဆုများ

နေပြည်တော်
ဖွင့်ပွဲအခမ်းအနား- ၁၁-၁၂-၁၃/ပိတ်ပွဲအခမ်းအနား-၂၂-၁၂-၁၃

စဉ် အားကစားနည်း ကျင်းပမည့်နေရာ စရက် ဆုံးရက် ရွှေဆု
၁။ ပြေးခုန်ပစ် ၀ဏ္ဏသိဒ္ဓိ အားကစားကွင်း ၁၅ ၁၉ (ရွှေ-၄၆)
၂။ ရေကူး/ဒိုင်ဗင်/၀ါတာပိုလို ၀ဏ္ဏသိဒ္ဓိ၊ ဇေယျာသီရိ ရေကူးကန် ၁၂ ၁၆
(ရွှေ-၄၁)
၃။ မြားပစ် ၀ဏ္ဏသိဒ္ဓိ မြားပစ်ကွင်း ၁၃ ၁၇ (ရွှေ-၁၀)
၎။ ကြက်တောင် ၀ဏ္ဏသိဒ္ဓိ အားကစားရုံ - ဃ ၁၀ ၁၄ (ရွှေ-၅)
၅။ ဘတ်စကတ်ဘော ဇေယျာသီရိ အားကစားရုံ ၈ ၁၆ (ရွှေ-၂)
၆။ ဘိလိယက်/စနူကာ ၀ဏ္ဏသိဒ္ဓိ ဘိလိယက်ခန်းမ ၁၃ ၂၀ (ရွှေ-၁၂)
၇။ ဘောလုံး ၀ဏ္ဏသိဒ္ဓိ၊ ဇေယျာသီရိ အားကစားကွင်း ၁ ၂၁ (ရွှေ-၁)

ဖူဆယ်(အမျိုးသား) ၀ဏ္ဏသိဒ္ဓိ ဖူဆယ်ရုံ ၁၂ ၂၁ (ရွှေ-၁)

ဖူဆယ်(အမျိုးသမီး) ၀ဏ္ဏသိဒ္ဓိ ဖူဆယ်ရုံ ၉ ၂၀ (ရွှေ-၁)
၈။ ၀ူရူး ၀ဏ္ဏသိဒ္ဓိ အားကစားရုံ ၆ ၁၀ (ရွှေ-၂၃)
၉။ ပိုက်ကျော်ခြင်း ၀ဏ္ဏသိဒ္ဓိ အားကစားရုံ ၁၀ ၂၂ (ရွှေ-၁၀)

ခြင်းလုံး ၀ဏ္ဏသိဒ္ဓိ အားကစားရုံ ၄ ၉ (ရွှေ-၈)
၁၀။ ကရာတေးဒို ၀ဏ္ဏသိဒ္ဓိ အားကစားရုံ ၁၃ ၁၅ (ရွှေ-၁၇)
၁၁။ တိုက်ကွမ်ဒို ၀ဏ္ဏသိဒ္ဓိ အားကစားရုံ ၁၈ ၂၁ (ရွှေ-၂၁)
၁၂။ လက်ဝှေ့ ၀ဏ္ဏသိဒ္ဓိ လက်ဝှေ့ရုံ ၇ ၁၅ (ရွှေ-၁၄)
၁၃။ မွေ ၀ဏ္ဏသိဒ္ဓိ လက်ဝှေ့ရုံ ၁၅ ၂၁ (ရွှေ-၁၄)
၁၄။ စက်ဘီး Mount Plesant စက်ဘီးကွင်း ၁၆ ၁၉ (ရွှေ-၁၃)
၁၅။ မြင်းစီး ၀ဏ္ဏသိဒ္ဓိ မြင်းစီးကွင်း ၁၂ ၁၈ (ရွှေ-၆)
၁၆။ ပီတန်း ၀ဏ္ဏသိဒ္ဓိ ၁၂ ၂၁ (ရွှေ-၁၁)
၁၇။ ဘော်လီဘော ဇေယျာသီရိ အားကစားရုံ ၁၃ ၂၀ (ရွှေ-၂)
၁၈။ ဗိုဗီနမ် ဇေယျာသီရိ အားကစားရုံ ၁၈ ၂၁ (ရွှေ-၁၈)
၁၉။ ဂျူဒို ဇေယျာသီရိ အားကစားရုံ ၁၈ ၂၁ (ရွှေ-၁၈)
၂၀။ ပန်ကြပ်ဆီလတ် ဇေယျာသီရိ အားကစားရုံ ၁၀ ၁၅ (ရွှေ-၁၅)
၂၁။ စစ်တုရင် ဇဗ္ဗူသီရိ ဟိုတယ် ၁၂ ၂၁ (ရွှေ-၁၈)
၂၂။ ဂေါက်သီး Royal Myanmar Golf Club ၁၅ ၁၈ (ရွှေ-၄)
၂၃။ ကနူး/ကယက် ငလိုက်ဆည် ၁၀ ၁၃ (ရွှေ-၁၆)
၂၄။ အနောက်တိုင်းလှေ ငလိုက်ဆည် ၁၄ ၁၇ (ရွှေ-၉)
၂၅။ ရိုးရာလှေ ငလိုက်ဆည် ၁၈ ၂၂ (ရွှေ-၁၇)
၂၆။ စားပွဲတင်တင်းနစ် ၀ဏ္ဏသိဒ္ဓိ အားကစားရုံ - ဃ ၁၇ ၂၁ (ရွှေ-၄)


ရန်ကုန်

စဉ် အားကစားနည်း ကျင်းပမည့်နေရာ စရက် ဆုံးရက် ရွှေဆု

ဘောလုံး (အမျိုးသား) (သုဝဏ္ဏကွင်း)



၂၇။ ကမ်ပို (သုဝဏ္ဏ အားကစားရုံ) ၁၆ ၂၁ (ရွှေ-၁၈)
၂၈။ နပန်း (သုဝဏ္ဏ အားကစားရုံ) ၉ ၁၃ (ရွှေ-၂၁)
၂၉။ သေနတ်ပစ် (မ/ဒဂုံ သေနတ်ပစ်ကွင်း) ၁၂ ၁၈ (ရွှေ-၁၂)
၃၀။ ဟော်ကီ (သိမ်ဖြူဟော်ကီကွင်း) ၁၃ ၂၁ (ရွှေ-၂)
၃၁။ ကာယဗလ (MCC Hall) ၁၂ ၁၅ (ရွှေ-၅)
၃၂။ အလေးမ (သိမ်ဖြူခန်းမ) ၁၃ ၁၆ (ရွှေ-၁၁)


မန္တလေး

စဉ် အားကစားနည်း ကျင်းပမည့်နေရာ စရက် ဆုံးရက် ရွှေဆု

ဘောလုံး(အမျိုးသမီး) (မန္တလေး အဆင်မြင့်ကွင်း) ၉ ၂၀ (ရွှေ-၁)


ငွေဆောင်

စဉ် အားကစားနည်း ကျင်းပမည့်နေရာ စရက် ဆုံးရက် ရွှေဆု
၃၃။ ရွက်လှေ (ငွေဆောင်ကမ်းခြေ) ၁၃ ၂၀ (ရွှေ-၁၃)


ချီးမြှင့်မည့် ဆုတံဆိပ် စုစုပေါင်း ရွှေ-၄၆၀၊ ငွေ-၄၆၀၊ ကြေး-၆၃၇

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...