Monday, October 28, 2013

တရုတ်နိုင်ငံမှ ထုတ်ပြန်သော စာရင်းအရ တစ်လအတွင်း အမေရိကန်ဒေါ်လာ ၁၇ သန်းကျော် တန်ဖိုးရှိ သစ်တောထွက် ပစ္စည်းများကို ဇုန်ရှောင်ကွင်းလမ်းများမှ မှောင်ခိုတင်ပို့မှု ရှိခဲ့ကြောင်း သိရ


Monday, 28 October 2013


ရန်ကုန်ဆိပ်ကမ်း အတွင်းရှိ သစ်လုံးတင်ယာဉ် တစ်စီးအား တွေ့ရစဉ်

တရုတ်နိုင်ငံမှ ထုတ်ပြန်ပေးသော ကုန်သွယ်မှု စာရင်းများအရ တစ်လအတွင်း အမေရိကန်ဒေါ်လာ ၁၇ သန်းကျော် တန်ဖိုးရှိ သစ်တောထွက် ပစ္စည်းများကို ဇုန်ရှောင်ကွင်း လမ်းများမှတစ်ဆင့် မှောင်ခိုတင်ပို့မှု ရှိခဲ့သည်ဟု သိရကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံဘက်မှ တရားဝင် လိုင်စင်ရယူ၍ တင်ပို့ခဲ့သည့် ပမာဏမှာ အမေရိကန်ဒေါ်လာ သုံးသောင်းကျော်သာရှိပြီး တရုတ်နိုင်ငံ (ရွှေလီ+၀မ်တိန်) ၏ သွင်းကုန်စာရင်းတွင်မူ သစ်တောထွက်ပစ္စည်း တင်သွင်းမှု ပမာဏ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၅ သန်းကျော် ရှိခြင်းကြောင့် နှစ်နိုင်ငံ ကုန်သွယ်မှု စာရင်းများ ကွာဟနေခြင်း ဖြစ်သည်။

အဆိုပါ ပစ္စည်းများကို မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတစ်လျှောက်ရှိ စစ်ဆေးရေး ဂိတ်များကိုရှောင်ကာ ဇုန်ရှောင်ကွင်း လမ်းများမှတစ်ဆင့် တင်ပို့ခဲ့ခြင်း ဖြစ်သည်ဟု သုံးသပ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။

မြန်မာနိုင်ငံ အနေဖြင့် တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှ တစ်ဆင့်တင်ပို့သည့် အဓိက ပို့ကုန်များဖြစ်သည့် ဆန်အပါအ၀င် လယ်ယာထွက်ကုန် ပစ္စည်းအချို့ကိုမူ တစ်ဖက်နိုင်ငံဘက်မှ အကန့်အသတ်ဖြင့် တင်ပို့ခွင့်ပြုခြင်းနှင့် ကျန်းမာရေး ထောက်ခံချက် ရယူရန် ခက်ခဲခြင်းတို့ကြောင့် တရုတ်နိုင်ငံတွင်းသို့ တရားမ၀င် မှောင်ခိုပြန်လည် တင်သွင်းမှုများ ပြုလုပ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည့် တရုတ်နှင့် ထိုင်းနိုင်ငံများဖြင့် ကုန်သွယ်မှု အများဆုံး ပြုလုပ်နေခြင်းဖြစ်ပြီး ထိုင်းနိုင်ငံဖြင့် ကုန်သွယ်ရာ၌လည်း နှစ်ဖက်စီးပွားရေး ဌာနများမှ ထုတ်ပြန်သော စာရင်းများအရ ကုန်သွယ်မှု စာရင်းများ ကွာဟနေပြီး တစ်လအတွင်း၌ပင် မြ၀တီနှင့် တာချီလိတ် ကုန်သွယ်မှု လမ်းကြောင်းတွင် အမေရိကန်ဒေါ်လာ သန်း ၁၃၀ ကျော်ဖိုးအား တရားမ၀င် ကုန်သွယ်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ မူဆယ်-မန္တလေး လမ်းကြောင်း၊ မြ၀တီ-ရန်ကုန် လမ်းကြောင်း၊ မူဆယ်၊ တာချီလိတ်၊ တမူး၊ ကန်ပိုက်တီး၊ ရှမ်း၊ ပဲခူး၊ စစ်ကိုင်း စသည့်နေရာများရှိ ကုန်စည်စီးဆင်း နေမှုများအား စစ်ဆေးခဲ့ရာ ကျပ် ၆ ဒသမ ၇ ဘီလျံကျော် တန်ဖိုးရှိ တရားမ၀င် ကုန်သွယ်မှု ပြုလုပ်နေသည့် ကုန်စည်များအား ဖမ်းမိခဲ့ကြောင်း သိရသည်။
EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...