Monday, October 28, 2013

ပဲခူးတိုင်း ဒေသကြီးရှိ မြေဧက ၈၀ ခန့်ပေါ်တွင် Nissan ကားထုတ်လုပ်သည့်စက်ရုံ လာရောက်တည်ဆောက်မည်

Monday, 28 October 2013



ကမာရွတ်မြို့နယ်၊ ပြည်လမ်းပေါ်တွင် ဖွင့်လှစ်ထားသည့် Nissan ကားအရောင်းစင်တာအား တွေ့ရစဉ်

ပဲခူးတိုင်းဒေသကြီးရှိ မြေဧက ၈၀ ခန့်ပေါ်တွင် Nissan (နစ်ဆန်း) ကားထုတ်လုပ်သည့်စက်ရုံ ဆောက်ရန် စီစဉ်နေကြောင်း သိရသည်။

၂၀၁၃ ခုနှစ်၊ ဇူလိုင်လ အတွင်း၌ မြန်မာနိုင်ငံတွင် Nissan တံဆိပ် မော်တော်ကားများ ဖြန့်ချိခွင့် ကိုယ်စားလှယ်ကို United Diamond Motor ကုမ္ပဏီမှ ရရှိခဲ့ပြီး ယခုအခါ စက်ရုံလာရောက် တည်ထောင်၍ တိုက်ရိုက်ဖြန့်ဖြူး ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ မလေးရှား အခြေစိုက် ETC(MM) Pte Ltd အား ပဲခူးတိုင်းဒေသကြီး အတွင်း၌ Nissan တံဆိပ် မော်တော်ကားများ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းကို ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအဖြစ် လုပ်ကိုင်ရန် ၂၀၁၃ ခုနှစ်၊ သြဂုတ် ၁၅ ရက်တွင် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး စက်ရုံတည်ဆောက်ခြင်း လုပ်ငန်းကို ၂၀၁၅ ခုနှစ်တွင် အပြီးသတ် ဆောက်ရွက်သွားမည်ဟု သိရသည်။

"Nissan က မြန်မာနိုင်ငံမှာ ကားထုတ်တဲ့စက်ရုံ လာထောင်မယ်။ စက်ရုံတည်ဆောက် ပြီးတာနဲ့ ဈေးကွက်စဖြန့်မယ်လို့ သိရပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီကို မြန်မာနိုင်ငံမှာ Nissan ကားဖြန့်ချိခွင့် ကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားတာ ဖြစ်တဲ့အတွက် စက်ရုံဆောက်လုပ်ပြီးလို့ ဈေးကွက်စဖြန့်တဲ့ အချိန်မှာ ကျွန်တော်တို့နဲ့ ပူးပေါင်းလုပ်ကိုင်မှာလား၊ သူတို့ပဲ တိုက်ရိုက်ဖြန့်မှာလား ဆိုတာကို သေချာဆွေးနွေးမှု မလုပ်ရသေးပါဘူး" ဟု United Diamond Motor ကုမ္ပဏီမှ ဦးအေးထွန်းက ပြောကြားသည်။

မလေးရှား အခြေစိုက် Tan Choung Group သည် အရှေ့တောင် အာရှတွင် ဂျပန်ရှိ Nissan အုပ်စုနှင့် အဓိကချိတ်ဆက် လုပ်ကိုင်နေသော ကုမ္ပဏီတစ်ခုဖြစ်ပြီး မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံတို့တွင် ကားဝန်ဆောင်မှု စင်တာများ၊ ရောင်းချရေး စင်တာများနှင့် မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ရေး စက်ရုံများကို တည်ထောင်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...