Tuesday, October 8, 2013

မိမိကိုယ် မိမိ ဆင်ခြင် သုံးသပ်ခြင်း

လွန်ခဲ့တဲ့ တစ်လကျော် လောက်ကစပြီး ဆရာ ဟောပြောပွဲတွေ ကျင်းပတိုင်း နိဂုံးချုပ်တဲ့အခါ ပရိသတ်တွေကို ဆင်ခြင်သင့်တဲ့ အကြောင်းအချက်တွေကို အမြဲလိုလို သတိပေး မိပါတယ်။ ဒီဆင်ခြင် မှုတွေကို မြဝတီသတင်းစာ ဖတ်သူများကိုလည်း မျှဝေချင်ပါတယ်။


ပထမဦးဆုံးက နားထောင်မှုနဲ့ ပတ်သက်လို့ဖြစ်တယ်။ ဆရာတို့ရဲ့ မျက်နှာမှာကြည့်ရင် နားနှစ်ဖက်နဲ့ ပါးစပ် တစ်ပေါက် ပါတယ်။ နားက နားထောင်ဖို့ဖြစ်ပြီး ပါးစပ်က ဟောပြောဖို့၊  ပုံသေနည်းနဲ့ တွက်ဆရင် ပြောတာထက် နားထောင်တာနှစ်ဆဖြစ်ရမယ်။ နည်းနည်းပြောပြီး များများ နားထောင်ရမှာ၊ လက်တွေ့မှာ ဒီလိုမဖြစ်တာ တွေ့ရတယ်။

ကိုယ်ပြောချင်တာ ပဲသိပြီး  သူများပြောတာကို နားမထောင် လိုကြဘူး။   ဒါကို အမြဲသတိ ပြု ဆင်ခြင် သင့်ပါတယ်။ နားထောင်တဲ့ နေရာမှာ နားလည်အောင် နားထောင်ဖို့လဲ အလွန် အရေးကြီး လှပါတယ်။ သူများ ပြောနေတဲ့အခါ မှာစကားကို ဝင်ဖြတ်ပြီးပြောလိုတတ်ကြတယ်။ စိတ်မရှည်ကြဘူး။ ဖြတ်ပြီး ဝင်မပြောဘဲ ဆုံးတဲ့ အထိ နားထောင်စေချင်ပါတယ်။

ဒုတိယတစ်ခုက မိမိ ပြောဆိုမှုကို သတိထားဖို့ ဖြစ်ပါတယ်။ ပြောတဲ့နေရာမှာ သူတစ်ပါးကို စွပ်စွဲတာမျိုး မဖြစ်အောင် သတိပြု စေချင်ပါတယ်။ ဆရာ ဂျာနယ်တွေဖတ်ရှု တဲ့အခါ ဝမ်းနည်း ရပါတယ်။ ရေးသားမှုတွေဟာ တစ်ဖက်သားကို စွပ်စွဲမှုတွေများနေတာ တွေ့ရတယ်။ ပြစ်တင်ဝေဖန်နေကြတယ်။ လွတ်လွတ်လပ်လပ်ရေး ခွင့်ပြောခွင့် ရှိတဲ့အခါ ပိုပြီး သတိပြုရမှာ ဖြစ်ပါတယ်။ ပြစ်တင်မှုတွေ၊ ဝေဖန်မှုတွေဟာ ဘယ်သူ့အတွက်မှ အကျိုးမဖြစ် စေနိုင်ပါဘူး။ စွပ်စွဲတဲ့ နေရာမှာလည်း ခိုင်လုံတဲ့ အထောက်အထားတွေ ရှိသင့်ပါတယ်။ ပြောချင်တာတွေ ပြောမယ်၊ ရေးချင်တာတွေ ရေးမယ်ဆိုလို့ မဖြစ်ပါဘူး။ ပြစ်တင်တာက လွယ်ပါတယ်။ သူများကို စွပ်စွဲတဲ့အခါ ကိုယ်ကရော အပြစ်ကင်းရဲ့လားလို့ ဆင်ခြင်သင့်ပါတယ်။

နောက်တစ်ချက် ကတော့ ပေးဝေမှုဖြစ်ပါတယ်။ ဆရာတို့ မြန်မာလူမျိုးတွေဟာ  အလှူဒါန လက်နဲ့မကွာဆိုတဲ့အတိုင်း အပေးအကမ်း ရက်ရောကြတယ်။ ဒီလိုပေးကမ်းတဲ့ နေရာမှာ လုံးဝ မတွန့်တိုဖို့ လိုပါတယ်။ ဆရာဝန်တစ်ဦးဟာ လူနာတစ်ဦးကို ကြည့်ရှုတဲ့နေရာမှာ တတ်သလောက် ဂရုစိုက်ပြီး ကုသပေးသင့် ပါတယ်။ ဒီလိုပဲ ကျောင်းဆရာတစ်ဦးဟာ စာသင်ကြားတဲ့ နေရာမှာ မိမိတတ်တာတွေ အားလုံးကို အစွမ်းကုန် ထုတ်ပြီး ပို့ချဖို့လိုပါတယ်။  ဆရာ စားချန်တဲ့ အပြုအမူမျိုး မရှိသင့်ပါဘူး။ မိမိမှာ ဘာမှမကျန်အောင် လှူနိုင်ပေးနိုင်ဖို့ အရေးကြီးလှပါတယ်။

ဘာသာတိုင်းမှာလည်း ရှိခိုးခြင်း ဆိုတာရှိပါတယ်။ ရှိခိုးခြင်း ပုံစံတွေကတော့ မတူကြပါဘူး။  ဗုဒ္ဓဘာသာဝင်တွေ အထဲမှာ တိဗက်က ရှိခိုးပုံ၊ ထိုင်းလူမျိုးတွေရှိခိုးပုံနဲ့ မြန်မာတွေ ရှိခိုးပုံ ကွဲပြား ကြပါတယ်။ ခရစ်ယာန် ဘာသာတွေ အထဲမှာလည်း ရှိခိုးတဲ့ပုံစံ မတူကြပါဘူး။ ရှိခိုးခြင်း ဟာ အရိုအသေပြုခြင်း ဖြစ်တယ်။ ရှိခိုးမှု နှင့်အတူ ဆုတောင်းခြင်းလည်း ပါဝင်ပါတယ်။ ဆုတောင်းတာ ကတော့ မိမိရဲ့စိတ်ထဲရှိတဲ့အတိုင်း ဆုတောင်းကြတာသာဖြစ်တယ်။ ရှိခိုး ဆုတောင်းမှုကို အမြဲ လုပ်စေချင်ပါတယ်။  မိမိယုံကြည် ကိုးကွယ်တဲ့ ဘုရားကို တိုင်တည်ပြီး ရှိခိုး ဆုတောင်း ကြတာမို့ ဆုတောင်းခြင်းကို မပြတ်လုပ်စေချင်တယ်။ ဆုတောင်းပြည့်ခြင်း၊ မပြည့်ခြင်း ဆိုတာကတော့ အတတ်မပြောနိုင်ပါဘူး။  ဆရာဆိုရင် အမြဲ ဆုတောင်းပါတယ်။  မိမိအတွက်၊  မိသားစုအတွက်၊ ပတ်ဝန်းကျင် အတွက်နဲ့ နိုင်ငံ အတွက်ပါ အမြဲ ဆုတောင်းလျက် ရှိပါတယ်။

အဖြေပေးတဲ့ အခါ မငြင်းဖို့ သတိထားပါ။ ဆရာတို့ တစ်တွေဟာ အဖြေပေးတဲ့ အခါမှာ ပွင့်ပွင့်လင်းလင်း မရှိဘဲ ငြင်းခုံတတ်ကြတယ်။ ကိုယ်ဘယ်လောက် မှန်တယ် ဆိုတာကို ရှေ့တန်း တင်ပြီး ပြောဆိုတတ်ကြတယ်။ တစ်ဖက်သားရဲ့ အမြင်ကို လျစ်လျူရှုတတ်ကြ ပါတယ်။

လူတွေဟာ ဟန်ဆောင်တတ်ကြတယ်။ မိမိမှာ မရှိတာကို ရှိသလိုပုံဖမ်းပြီး သူများ အထင်ကြီး အောင် လုပ်တတ်ကြတယ်။ ဟန်ဆောင်မှုဟာ အစစ်အမှန် မဟုတ်ပါဘူး။ ကိုယ့်အကြောင်း ကိုယ် အသိဆုံး ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် မလေးစားနိုင်ရင် သူများလေးစားမှုကို မျှော်လင့်လို့ မဖြစ်ပါဘူး။ ဆရာကတော့ လူငယ်တွေကို တွန်းအားပေးချင်ပါတယ်။ အတုအယောင်တွေနောက် မလိုက်ပါနဲ့။ အထင်မကြီး ပါနဲ့။ စစ်မှန်တဲ့ လေးနက်တဲ့ တန်ဖိုး ထားမှု တွေကို မြတ်နိုးနိုင်အောင်ကြိုးစား ကြစေချင်ပါတယ်။ လူ့ဘဝဟာ ပင်ပန်းလှပါတယ်။ လူတိုင်းဟာ ပုံစံ အမျိုးမျိုးနဲ့ ရုန်းကန် နေကြတာ ဖြစ်ပါတယ်။ ချမ်းသာတဲ့ သူရော၊ ဆင်းရဲတဲ့ သူတွေပါ လှုပ်ရှား နေကြရတယ်။ ဒီလိုပင်ပန်း နေတဲ့အခါ အခွင့်အလမ်း ပေါ်ရင် မိမိမှာရှိတဲ့ ကောင်းချီး ပေးမှုတွေကို ရေတွက်စေချင်ပါတယ်။ ဘဝကိုပျော်ပျော်ကြီး ရင်ဆိုင်နိုင်အောင် ကြိုးစားပါ။

လူတစ်ဦးနဲ့ တစ်ဦး အတွင်းဖြစ်စေ၊ အသိုင်းအဝိုင်း မှာဖြစ်စေ၊ နိုင်ငံ အတွင်းမှာဖြစ်စေ အလွန်အ ရေးကြီးတဲ့ အချက်ကတော့ ယုံကြည်မှုပဲဖြစ်တယ်။ ယုံကြည်မှု တည်ဆောက်ခြင်း ဟာ လူသားတိုင်းအတွက် တာဝန်တစ်ရပ် ဖြစ်ပါတယ်။

မိသားစု အတွင်းမှာရော၊ လုပ်ငန်းခွင်မှာရော၊ နိုင်ငံ အတွင်းမှာရော ယုံကြည်မှုရှိဖို့ အရေးကြီး လှပါတယ်။ ယုံကြည်မှု ပျက်ပြားသွားရင် လုပ်ရကိုင်ရ ဆက်ဆံရတာတွေ အားလုံး အဟန့် အတား ဖြစ်နိုင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုပျက်ပြားသွားရင် ပြန်လည် တည်ဆောက်ဖို့ ခဲယဉ်း လှပါတယ်။ ယုံကြည်မှုနဲ့ ပတ်သက်လာရင် သံသယမရှိ ယုံကြည်မှု ရှိစေချင်ပါတယ်။ သံသယရှိ နေသရွေ့ ယုံကြည်မှု တည်ဆောက်ဖို့ ခဲယဉ်းမှာ ဖြစ်ပါတယ်။ ဆရာတို့ နိုင်ငံမှာ ငြိမ်းချမ်းရေးကို လူတိုင်းလိုလားကြတယ်။ မျှော်လင့်ကြတယ်။ ကြိုဆိုလိုကြတယ်။ နိုင်ငံသား အချင်းချင်း ပဋိပက္ခတွေ ပေါ်ပေါက် နေတာဟာ ယုံကြည်မှု အားနည်း ခဲ့လို့၊ အားနည်းနေလို့ ဖြစ်ပါတယ်။ တစ်ယောက်  နဲ့တစ်ယောက်၊ တစ်ဖက်နဲ့ တစ်ဖက် ယုံကြည်မှု မရှိကြတာမို့၊ သံသယစိတ်တွေနဲ့ လွှမ်းခြုံထားတာမို့ အရာရာ ခက်ခဲ လှပါတယ်။ ယုံကြည်မှု တည်ဆောက်ရာမှာ မိမိကိုယ်မိမိ ယုံကြည်ထိုက်တဲ့သူဖြစ်အောင် ပြုစု ပျိုးထောင်ရမှာ ဖြစ်တယ်။ လူအချင်းချင်း လူမျိုးမတူ၊ ဘာသာမတူ၊ အယူအဆ မတူကြတာကို အခြေခံပြီး ယုံကြည်မှု လျော့နည်းတာ ကိုတော့ ရှောင်ရှား သင့်ပါတယ်။ တချို့က မျက်စိမှိတ်ပြီး ယုံကြည် သင့်သလားလို့ မေးကြတယ်။ ''ယုံမှတ်လို့ ပုံအပ်မိပါတယ်'' ဆိုတဲ့ ဒေါ်မာမာအေး သီချင်းထဲမှာလို ဆရာကတော့ ပုံအပ်စေချင်တယ်။ သံသယရှေ့ထားပြီး မနေ ထိုင်ကြပါနဲ့။ တစ်ယောက်နဲ့တစ်ယောက်၊ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုကို ရှေ့တန်းတင်ကြစေချင်ပါတယ်။ တောင်အာဖရိက ခေါင်းဆောင်ကြီး Nelson Mandela ဟာ နှစ်ပေါင်း  ၂၇ နှစ် တစ်သက် တစ်ကျွန်း အကျခံ ခဲ့ရတယ်။

လူမည်းတွေရဲ့ လူ့အခွင့်အရေး တိုက်ပွဲ ဝင်ခဲ့တာမို့ အခုလို မတရား နှိပ်စက် ညှဉ်းပန်းခြင်းကို အလူးအလိမ့် ခံခဲ့ရပါတယ်။ ဒါပေမဲ့ Mandela အကျဉ်းထောင်က လွတ်လာတဲ့နေ့မှာပြောတဲ့ မိန့်ခွန်း ဟာ မှတ်သားဆင်ခြင်ရမယ့် စကားလုံးတွေ ဖြစ်ပါတယ်။ ''ငါမမေ့နိုင်ဘူး၊ ဒါပေမဲ့ ငါခွင့်လွှတ် နိုင်ပါတယ်'' တဲ့။ အင်မတန်မှ ကြည်ညို လေးစားရတဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်ပါ တယ်။ မတရား လုပ်တာကို မေ့လို့ မဖြစ်ပါဘူး။ မမေ့သင့်ပါဘူး။ မေ့နိုင်တယ် ဆိုတာ သဘာဝ မကျပါဘူး။ ကိုယ့်ကို ခုလို မတရား လုပ်ထားတာကို မေ့ပစ်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ခွင့်လွှတ်ခြင်း ဆိုတာကိုတော့ ဆောင်ရွက်နိုင် ပါတယ်။ ဆရာကြီး ဂန္ဒီက အခုလို ပြောခဲ့ ပါတယ်။ ''အားကြီးတဲ့ သူတွေသာ ခွင့်လွှတ်နိုင်တဲ့ သူတွေဖြစ်တယ်၊  အားငယ်တဲ့ သူတွေမှာ ခွင့်လွှတ်နိုင်တဲ့ သတ္တိတွေ မရှိပါဘူး'' ခွင့်လွှတ်ခြင်း တရားကို ဆရာတို့ အားလုံး ဆုပ်ကိုင် ထားသင့် ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ အတွက်တော့ အခုလို ညှဉ်းပန်းနှိပ်စက်ခြင်းခံရတာ ဟာ နှိပ်စက်သူရဲ့အပြစ်မဟုတ်ဘဲ မိမိရဲ့ကုသိုလ် ကံကြောင့်လို့ ဖြေကြတယ်။ ခရစ်ယာန် ဘာသာဝင်တွေကတော့ ဘုရားသခင် အလိုတော် ဖြစ်တယ်လို့ ယူဆကြပါတယ်။

နောက်ဆုံး ဆင်ခြင်ရမယ့် အချက်က ကတိပေးမှုပဲ ဖြစ်ပါတယ်။ ယခုခေတ်မှာ ဂျာနယ်တွေထဲ၊ ကာတွန်းတွေထဲမှာ မကြာခဏပါတဲ့ အချက်ဖြစ်တယ်။ တာဝန်ရှိသူတွေဟာ ကတိ အမျိုးမျိုး ပေးကြတယ်။ အခုလို ကတိပေးခဲ့တာတွေကို ကြားရတော့ လူတေ စိတ်ချမ်းသာ ကြတယ်။ ပျော်ရွှင်ကြတယ်။ ဒါပေမဲ့ ပေးထားတဲ့ကတိတွေကို မမေ့ဖို့ အရေးကြီးလှပါတယ်။ ကတိ တည်တဲ့ သူဖြစ်အောင် အမြဲဆင်ခြင်ရမှာဖြစ်တယ်။ ကတိကိုလွယ်လွယ်ပေးပြီး လွယ်လွယ် မေ့ပျောက် လို့တော့ မဖြစ်ဘူး။
ကတိတစ်ခုကို လွယ်လွယ်နဲ့မပေးသင့်ဘူး။ လွယ်လွယ်ပေးပြီး ပေးထားတဲ့အတိုင်း မဆောင် ရွက် နိုင်ခြင်းဟာ ရိုးသားမှု မရှိခြင်းသာ ဖြစ်တယ်။ တစ်ဖက်သား ခဏတစ်ဖြုတ် စိတ်ချမ်းသာ အောင် ကတိလွယ်လွယ်ပေးပြီး လွယ်လွယ် မေ့ပစ်လို့ မဖြစ်နိုင်ဘူး။ ပြောတဲ့ အတိုင်း လုပ် တယ်၊ လုပ်တဲ့ အတိုင်းပြောတယ်ဆိုတဲ့ ဖြောင့်မှန်မှုရှိရမယ်။ ဆရာကတော့ လူတိုင်း ရဲ့ အတွေး၊ အပြောနဲ့ အလုပ်တွေ ညီစေချင်ပါတယ်။ တွေးတာက တစ်မျိုး၊ ပြောတာက တစ်ခု၊ လုပ်တာက တခြား ဆိုတာမျိုးကိုတော့ ရှောင်ရမှာသာဖြစ်ပါတယ်။

ဆရာ တင်ပြခဲ့တဲ့ အချက်အလက်တွေကို အသေအချာ သုံးသပ်ပြီး မိမိကိုယ်မိမိ ဆင်ခြင် နိုင်ပါစေလို့ ဆန္ဒပြုမိပါတယ်။  

မြဝတီ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...