Tuesday, October 8, 2013

ကမ္ဘာ့ဝိပဿနာ တရားပြ ဆရာကြီး ဦးဂိုအင်ကာ၏ အရိုးပြာ ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး ယနေ့တွင် အရိုးပြာ အချို့ကို ရန်ကုန်မြစ်အတွင်း ရေမျှောမည်

 Created on Monday, 08 October 2013


ကမ္ဘာ့ဝိပဿနာ တရားပြ ဆရာကြီး ဦးဂိုအင်ကာ၏ အရိုးပြာ အောက်တိုဘာ ၇ ရက် နံနက်ပိုင်းက ရန်ကုန်မြို့သို့ ရောက်ရှိလာစဉ်

ကမ္ဘာ့ဝိပဿနာ တရားပြဆရာကြီး ဦးဂိုအင်ကာ၏ အရိုးပြာအား အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှ လေကြောင်း ခရီးစဉ်ဖြင့် သယ်ဆောင်ခဲ့ရာ အောက်တိုဘာ ၇ ရက် နံနက်တွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာခဲ့ပြီး ယနေ့တွင် အရိုးပြာ အချို့ကို ရန်ကုန်မြစ်အတွင်း၊ အရိုးပြာ အချို့ကို အောက်တိုဘာ ၉ ရက်နှင့် ၁၀ ရက်နေ့ များတွင် ဧရာဝတီမြစ် အတွင်းသို့ ရေမျှောမည် ဖြစ်ကြောင်း သိရသည်။

ဆရာကြီး ဦးဂိုအင်ကာ၏ အရိုးပြာအား ရန်ကုန်မြို့ ဗဟန်းမြို့နယ် ငါးထပ်ကြီး ဘုရားလမ်းရှိ ဓမ္မဇောတိ ၀ိပဿနာရိပ်သာတွင် ထားရှိကာ အရိုးပြာ အချို့ကို အောက်တိုဘာ ၈ ရက် နံနက် ၁၀ နာရီခွဲတွင် ဗိုလ်တထောင် ဆိပ်ကမ်းမှတစ်ဆင့် ရန်ကုန်မြစ်အတွင်း ရေမျှောမည် ဖြစ်ကြောင်း၊ ယင်းနေ့ မွန်းလွဲ ၃ နာရီမှ ၅ နာရီအထိ ရန်ကုန်မြို့ ဒဂုံမြို့နယ် အလံပြ ဘုရားလမ်းရှိ (Park Royal Hotel) တွင် ဦးဂိုအင်ကာ မိသားစုနှင့် ယောဂီများ၊ ဆွေမျိုးများနှင့် မိတ်ဆွေများအားလုံး ဂါရ၀ပြုနိုင်ရန် ထားရှိမည်ဖြစ်သည်။ အောက်တိုဘာ ၉ ရက် နေ့လယ်ပိုင်းတွင် အရိုးပြာ အချို့အား မြန်မာ့လေကြောင်းဖြင့် မြစ်ကြီးနားသို့ သယ်ဆောင်ကာ မြစ်ကြီးနားရှိ ဧရာဝတီမြစ် အတွင်းသို့ ရေမျှောမည် ဖြစ်သည်။



ဆရာကြီး ဦးဂိုအင်ကာ၏ အရိုးပြာအား ရန်ကုန်မြို့တွင်း သယ်ဆောင်လာသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဇာလီမြင့်ဦး)

ထိုမှတစ်ဆင့် အရိုးပြာအိုးအား မန္တလေးသို့ သယ်ဆောင်ကာ ရေတံခွန်တောင် ရိပ်သာသို့ ယူဆောင်သွားမည် ဖြစ်ကြောင်းနှင့် အောက်တိုဘာ ၁၀ ရက် နံနက်တွင် သီတဂူ ဆရာတော် အရှင်ဥာဏိဿရ၏ အစီအစဉ်ဖြင့် ဆရာကြီး ဦးဂိုအင်ကာ၏ မွေးရပ်ဇာတိဖြစ်သော မန္တလေးမြို့၏ ဧရာဝတီမြစ် အတွင်းသို့ အရိုးပြာအားလုံးကို ရေမျှောမည် ဖြစ်သည်။

ဆရာကြီး ဂိုအင်ကာသည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ''ဓမ္မနိုင်ငံမှာ ၁၃၅ နှစ်ကြာ'' ခေါင်းစဉ်ဖြင့် ဓမ္မဟောပြောပွဲ ကျင်းပခဲ့ရာ နိုင်ငံတကာမှ ယောဂီများ၊ ပြည်တွင်းပြည်ပမှ ယောဂီများစွာ တက်ရောက်ခဲ့ကြသည်။

ထိုသို့လာရောက်စဉ် ဆရာကြီး ဂိုအင်ကာက ၀ိပဿနာ တရားတော်နှင့် ပတ်သက် ပြီး ''၀ိပဿနာ တရားအားထုတ်တယ် ဆိုတာ ဘာသာတရား တစ်ခုက နောက်ဘာသာ တစ်ခုကို ကူးပြောင်းခိုင်းတာ မဟုတ်ပါဘူး။ ဒီအတွက်ကြောင့် လူ့အဖွဲ့အစည်း အသီးသီးက လူပုဂ္ဂိုလ်တွေဟာ ၀ိပဿနာ တရားကို အခက်အခဲမရှိ အားထုတ်နိုင်တာ ဖြစ်ပါတယ်။ ၀ိပဿနာ တရားဆိုတာ သီလကောင်းမွန်အောင် ကျင့်ကြံအားထုတ်ခြင်းနဲ့ စိတ်ကိုထိန်းသိမ်း နိုင်အောင် လေ့ကျင့်ခြင်း၊ စိတ်ကိုဖြူစင် သန့်ရှင်းအောင် ကျင့်ခြင်းတို့ပဲ ဖြစ်ပါတယ်'' ဟု ရှင်းပြခဲ့သည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...