Tuesday, October 15, 2013

အလုပ်သမား ခေါင်းဆောင် သုံးဦးအား အလုပ်ထုတ်ခဲ့သည့် အတွက် မင်္ဂလာဒုံ စက်မှုဇုန်ရှိ ဖာမိုဆို (အထည်ချုပ်) စက်ရုံဝန်ထမ်း ၇၀၀ ကျော်ခန့် အလုပ်မဆင်းဘဲ ဆန္ဒပြ

Created on Tuesday, 15 October 2013 00:33


ဖာမိုဆို အထည်ချုပ်စက်ရုံ တည်ရှိရာ မင်္ဂလာဒုံ စက်မှုဇုန် ၀င်ပေါက်အား မြင်တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)

အောက်တိုဘာ ၁၄ ရက်၊ နံနက်ပိုင်းက မင်္ဂလာဒုံ စက်မှုဇုန်တွင်ရှိသည့် ဖာမိုဆို (အထည်ချုပ်) စက်ရုံဝန်ထမ်း ၇၀၀ ကျော်ခန့်က အလုပ်ရှင် သူဌေးမှ အလုပ်သမား ခေါင်းဆောင်သုံးဦးကို အကြောင်းပြချက် မရှိဘဲ အလုပ်ထုတ်ခဲ့သည့် အပေါ် မကျေနပ်သည့် အတွက် အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် အလုပ်သမား တစ်ဦးဖြစ်သူ မဇာဇာမော်က ''ကျွန်မတို့ ဒီမနက် ၇ နာရီခွဲ လောက်ကတည်းက အလုပ်မဆင်းဘဲ ခုလိုမျိုး ဆန္ဒထုတ်ဖော် နေရတာဟာ အလုပ်သမား ခေါင်းဆောင် သုံးဦးကို အကြောင်းပြချက် မရှိဘဲ သူဌေးက အလုပ်ထုတ် လိုက်တဲ့အတွက် ဖြစ်ပါတယ်။ ပြစ်ချက်မရှိဘဲ ဒီလိုမျိုး အကြောင်းမဲ့ အလုပ်ထုတ်တာ လုံးဝလက်သင့် မခံနိုင်ပါဘူး။ သူတို့ကို ပြန်ခန့်ပါ့မယ်ဆိုတဲ့ သဘောတူညီချက် ရတဲ့အထိ တောင်းဆိုသွားမှာပါ'' ဟု ဆိုသည်။

အထုတ်ပယ် ခံခဲ့ရသည့် အလုပ်သမား ခေါင်းဆောင်သုံးဦးမှာ ကိုရဲလင်းစိုး(ဥက္ကဋ္ဌ)၊ မဟေမာန်ချစ် (အတွင်းရေးမှူး)နှင့် မအေးသီတာခိုင် (ဘဏ္ဍာရေးမှူး) တို့ဖြစ်ကြပြီး ၎င်းတို့ကို အောက်တိုဘာ ၁၂ ရက် စနေနေ့က ထုတ်ပယ်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ထုတ်ပယ်ခံခဲ့ရသည့် အလုပ်သမားခေါင်းဆောင် ကိုရဲလင်းစိုးက ''ကျွန်တော့်မှာ အပြစ်ရှိရင် လစာတစ်ကျပ်မှ မယူဘဲ ထွက်သွားပေးပါ့မယ်။ ထုတ်ပယ်ရတဲ့ အကြောင်းရင်းကို မေးတော့ သူဌေးက ကျွန်တော်တို့ကို ရှေ့ဆက်လက်တွဲဖို့ မလိုတော့လို့ ထုတ်တာလို့ ပြောတယ်'' ဟု ဆိုသည်။

အခြားအထုတ်ပယ် ခံရသည့် မဟေမာန်ချစ်ကလည်း ''ကျွန်မတို့ကို အကြောင်းပြချက် မရှိဘဲ အလုပ်ထုတ်တဲ့ အတွက် နားမလည်နိုင်ပါဘူး။ ကျွန်မတို့က အလုပ်သမားတွေ အရေးကို ဦးဆောင်ဖြေရှင်း ပေးနေလို့ ခုလိုမျိုး အလုပ်ကနေ ထုတ်တာလို့ပဲ ထင်ပါတယ်။ အလုပ်သမား သမဂ္ဂဆိုတာ အလုပ်သမားဝန်ကြီး ကိုယ်တိုင်ကတောင် အသိမှတ်ပြုတဲ့ အဖွဲ့အစည်း တစ်ခုပဲလေ'' ဟု သုံးသပ် ပြောကြားခဲ့သည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုနှင့် ပတ်သက် ၍ သတင်းသွားရောက် ယူရာတွင် စက်မှုဇုန် ၀င်ပေါက်ဂိတ် လုံခြုံရေး တာဝန်ကျသူများက အထက်လူကြီးများက မီဒီယာများအား ၀င်ခွင့်မပြုသဖြင့် ၀င်ခွင့်မပြုနိုင်ကြောင်း တားဆီးခဲ့ပြီး ဖာမိုဆို (အထည်ချုပ်) စက်ရုံမန်နေဂျာအား အောက်တိုဘာ ၁၄ ရက်မွန်းလွဲ ၂ နာရီခန့်က တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့သော်လည်း မန်နေဂျာမှာ စက်ရုံထဲသို့ သွားနေသောကြောင့် မရှိကြောင်း အမျိုးသမီး တစ်ဦးက ပြန်လည် ဖြေကြားခဲ့သည်။

မင်္ဂလာဒုံ စက်မှုဇုန်ရှိ ဖာမိုဆို (အထည်ချုပ်) စက်ရုံသည် ဂျပန်သူဌေးတစ်ဦး ပိုင်ဆိုင်ပြီး အနောက်တိုင်း ၀တ်စုံများကို အဓိကချုပ်သည့် စက်ရုံဖြစ်ကြောင်းနှင့် စက်ရုံသက်တမ်းမှာ ၁၁ နှစ်ခန့် ရှိပြီဖြစ်ကြောင်း ၀န်ထမ်းများထံမှ သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...