Tuesday, October 15, 2013

၂၀၁၃ ခုနှစ်အတွက် အိုဒီအေချေးငွေ အမေရိကန်ဒေါ်လာ သန်း ၉၁၀ ထုတ်ချေးပေးမည့် JICA မြန်မာနိုင်ငံ၏ စီမံကိန်းများတွင် ရေရှည်မြှုပ်နှံ လုပ်ကိုင်ရန် လာရောက်

 Created on Tuesday, 15 October 2013 



ဂျပန်နိုင်ငံမှ အများဆုံး ၀င်ရောက်မြှုပ်နှံမှု ပြုလုပ်မည့် သီလ၀ါ အထူးစီးပွားရေးဇုန်အား တွေ့ရစဉ်

၂၀၁၃ ခုနှစ်အတွက် အိုဒီအေချေးငွေ အမေရိကန်ဒေါ်လာ သန်း ၉၁၀ ထုတ်ချေးမည့် ဂျပန်အခြေစိုက်၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ မြန်မာနိုင်ငံ၏ စီမံကိန်းများတွင် ရေရှည်မြှုပ်နှံ လုပ်ကိုင်ရန် လာရောက် ဆွေးနွေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

JICA မှ တာဝန်ရှိသူများသည် အောက်တိုဘာ ၇ ရက်နှင့် ၈ ရက်တို့တွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနသို့ လာရောက်၍ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် အဖွဲ့ဖြင့် တွေ့ဆုံကာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ အခွင့်အလမ်းနှင့် ဥပဒေများ အကြောင်းကို ဆွေးနွေး မေးမြန်းခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ရှယ်ယာ ၄၉ ရာခိုင်နှုန်း ပါဝင်ကာ ၀င်ရောက်လုပ်ကိုင်မည် ဖြစ်ကြောင်း၊ အထူးစီးပွားရေးဇုန် တည်ဆောက်ရေး လုပ်ငန်းတွင် JICA မှ ထုတ်ချေးမည့် အိုဒီအေ ချေးငွေထဲမှ အမေရိကန်ဒေါ်လာ သန်း ၃၈၀ ကျော်ကို အသုံးပြုမည်ဖြစ်ပြီး လက်ရှိတွင် ရန်ကုန်-သီလ၀ါတံတား စီမံကိန်းအား ဆောက်လုပ်ရေး ၀န်ကြီးဌာနနှင့်အတူ JICA မှ ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

သီလ၀ါ စီမံကိန်းအပြင် တိုင်းနှင့်ပြည်နယ် အသီးသီးရှိ လမ်းတံတား၊ လျှပ်စစ်နှင့် ရေကောင်းရေသန့် ရရှိရေးကို လျင်မြန်စွာ အကောင်အထည်ဖော် လုပ်ကိုင်သွားမည် ဖြစ်ပြီး တိုင်းရင်းသား ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး အတွက်လည်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း JICA မှ ဥက္ကဋ္ဌဖြစ်သူ Mr.Akihiko Tanaka က မြန်မာ-ဂျပန် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး စင်တာဖွင့်ပွဲတွင် ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ လုပ်ငန်းပေါင်း ၃၇ ခုတွင် အမေရိကန်ဒေါ်လာ ၂၇၄ သန်းကျော် ၀င်ရောက် မြှုပ်နှံထားပြီး အဆင့် ၁၁ နေရာ၌ ရပ်တည်နေကြောင်း သိရသည်။
EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...