Sunday, November 10, 2013

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်မရပ်ရ လမ်းမကြီးများအဖြစ် လမ်း ၁၁ လမ်းအား ထပ်မံတိုးချဲ့ခဲ့ပြီး ကရိန်းယာဉ်ဖြင့် ဖယ်ရှားခြင်းကို ရက်ပိုင်းအတွင်း စတင်မည်

Sunday, 10 November 2013


ယာဉ်မရပ်ရ နေရာအဖြစ် သတ်မှတ်ထားသည့် ဗညားဒလလမ်းအား အောက်တိုဘာလ အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ရန်မျိုးအောင်)

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယာဉ်မရပ်ရ လမ်းမကြီးများအဖြစ် လမ်း ၁၁ လမ်းအား ထပ်မံတိုးချဲ့ သတ်မှတ်ခဲ့ပြီး အဆိုပါ လမ်းမကြီးများပေါ်တွင် ရပ်သည့်ယာဉ်များအား ကရိန်းယာဉ်ဖြင့်ဆွဲ၍ ဖယ်ရှားမည့်အပြင် စည်ပင်သာယာ ဥပဒေဖြင့် အရေးယူမှုကို ယခုရက်ပိုင်းအတွင်း စတင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေးဝန်ကြီး ဦးအောင်ခင်က နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

အောက်တိုဘာလ အတွင်းက ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခြောက်လမ်းသွား လမ်းမများ အပါအ၀င် လမ်းမကြီးပေါင်း ၂၆ လမ်းအား ယာဉ်မရပ်ရ နေရာအဖြစ် သတ်မှတ်ထားကြောင်း အများပြည်သူသို့ အသိပေးထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။

ယခုလ အတွင်း၌ ထပ်မံ၍ ယာဉ်မရပ်ရ လမ်းမအဖြစ် လမ်း ၁၁ လမ်းအား တိုးချဲ့ခဲ့ပြီး စုစုပေါင်း ယာဉ်မရပ်ရသည့် လမ်းမကြီးပေါင်း ၃၇ လမ်းထိ ရှိလာခဲ့ကြောင်း သိရသည်။

"နိုဝင်ဘာ ၈ ရက်က ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ ယာဉ်မရပ်ရတဲ့ လမ်းတွေကို ထပ်မံတိုးချဲ့ပြီးတော့ သတ်မှတ်ခဲ့ပါတယ်။ အခု ယာဉ်မရပ်ရတဲ့ လမ်းပေါင်းက ၃၇ လမ်း ဖြစ်ပါတယ်။ အဲ့ဒီ လမ်းတွေပေါ်မှာ ရပ်တဲ့ယာဉ်တွေကို ကရိန်းယာဉ်တွေနဲ့ ဖယ်ရှားပြီးတော့ အရေးယူမယ်။ ဒါ့အပြင် ရန်ကုန်မြို့တော် စည်ပင်သာယာ ဥပဒေအရလည်း စည်းကမ်းဖောက်တဲ့အပေါ် မူတည်ပြီးတော့ ဒဏ်ငွေအပြင် ထောင်ဒဏ်နဲ့လည်း ချမှတ်အရေးယူ သွားပါမယ်။ ဒီအရေးယူမယ့် အစီအစဉ်တွေကိုတော့ လာမယ့်သုံးလေးရက် အတွင်းမှာ ဆောင်ရွက်သွားမှာပါ" ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေးဝန်ကြီး ဦးအောင်ခင်က နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ယာဉ်မရပ်ရ နေရာအဖြစ် သတ်မှတ်ထားသည့် လမ်းမ ၃၇ လမ်းအနက် အချို့မှာ လှည်းတန်းလမ်းဆုံမှ လှည်းတန်းလမ်းအတိုင်း ကြည့်မြင်တိုင် ကမ်းနားလမ်းအထိ၊ ဦးဝိစာရအ၀ိုင်းမှ အလုံလမ်းအတိုင်း ဗဟိုလမ်းအထိ၊ ကမ်းနားလမ်းနှင့် မဟာဗန္ဓုလ လမ်းဆုံမှ မဟာဗန္ဓုလ လမ်းအတိုင်း ယမုံနာ လမ်းဆုံအထိ၊ လှည်းတန်းလမ်းနှင့် နာနတ်တော လမ်းဆုံမှ ကြည့်မြင်တိုင် ကမ်းနားလမ်း၊ ၀ါးတန်းလမ်းနှင့် ကမ်းနားလမ်း လမ်းဆုံအထိ၊ ထောက်ကြန့်လမ်းဆုံမှ ပြည်လမ်းအတိုင်း၊ ၎င်းမှဘုန်းကြီးလမ်းနှင့် ကမ်းနားလမ်းဆုံအထိ၊ သင်္ဃန်းကျွန်းမြို့နယ် လေးဒေါင့်ကန်လမ်းဆုံး (ပြည်ထောင်စု ခုံးကျော်တံတား)မှ သံသုမာလမ်းအတိုင်း၊ သမိန်ဗရမ်းလမ်းဆုံ (ကြက်ဘဲဈေး) ရှေ့ထိတို့ ပါဝင်ကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...