Sunday, November 10, 2013

ပြည်ပသို့ ရေထွက်ကုန် မက်ထရစ်တန်ချိန် နှစ်သိန်းနီးပါး တင်ပို့ရာတွင် တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့ထား

 Sunday, 10 November 2013


ပြည်ပတင်ပို့မည့် ရေထွက်ပစ္စည်းများကို အအေးခန်း စက်ရုံတွင် ပြုပြင်ထုတ်လုပ်နေစဉ်

ပြည်ပနိုင်ငံများသို့ ရေထွက်ကုန် မက်ထရစ်တန်ချိန် နှစ်သိန်းနီးပါး တင်ပို့ထားရာတွင် တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့ထားပြီး နိုင်ငံခြားဝင်ငွေ ရရှိမှုမှာလည်း အများဆုံးဖြစ်ကြောင်း ငါးလုပ်ငန်း ဦးစီးဌာန၊ FIQC ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

လက်ရှိတွင် တရုတ်နိုင်ငံသို့ ငါးရှဥ့်၊ ကဏန်း၊ ငါးမြစ်ချင်း စသည်တို့ကို အများဆုံး တင်ပို့လျက်ရှိကြောင်း သိရသည်။

ပြည်ပသို့ မြန်မာ့ရေထွက်ကုန်များကို တင်ပို့ရာတွင် ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ဧပြီ ၁ ရက်မှ အောက်တိုဘာ လကုန်အထိ ရေထွက်ကုန် မက်ထရစ်တန်ချိန် နှစ်သိန်းနီးပါး တင်ပို့ထားနိုင်ပြီး စုစုပေါင်း နိုင်ငံခြားဝင်ငွေ ရရှိမှုမှာ အမေရိကန်ဒေါ်လာ ၃၁၅ သန်းကျော် ရရှိထားကြောင်း ငါးလုပ်ငန်း ဦးစီးဌာန၊ FIQC ဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထို့သို့ ရေထွက်ကုန်များ တင်ပို့ရာတွင် ပုံမှန်ကုန်သွယ် တင်ပို့မှု အနေဖြင့် တင်ပို့ရာ၌ ယခုဘဏ္ဍာရေးနှစ် အောက်တိုဘာလကုန်အထိ ရေထွက်ကုန် မက်ထရစ်တန်ချိန် ၈၆၀၀၀ ကျော် တင်ပို့ထားနိုင်ပြီး နိုင်ငံဝင်ငွေ ရရှိမှုမှာ အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကျော် ရရှိထားကြောင်း သိရသည်။

ဆက်လက်ပြီး နယ်စပ်ကုန်သွယ် တင်ပို့မှု အနေဖြင့် တင်ပို့ရာတွင်လည်း ရေထွက်ကုန် မက်ထရစ်တန်ချိန် တစ်သိန်းကျော် တင်ပို့ထားနိုင်ပြီး နိုင်ငံခြားဝင်ငွေ ရရှိမှုမှာ အမေရိကန်ဒေါ်လာ သန်း ၁၆၀ ကျော် ရရှိထားကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ပြည်ပသို့ ရေထွက်ကုန် တင်ပို့ရာ၌ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၇၀၀ ရရှိရန် လျာထားပြီး ယခုဘဏ္ဍာရေးနှစ် အောက်တိုဘာ လကုန်အထိ စုစုပေါင်း နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၃၁၅ သန်းကျော် ရရှိထားကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင်လည်း ပြည်ပသို့ ရေထွက်ကုန် တင်ပို့ရာ၌ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ရရှိရန် လျာထားပြီး စုစုပေါင်း ရရှိခဲ့သည်မှာ အမေရိကန်ဒေါ်လာ သန်း ၅၆၀ ကျော် ရရှိခဲ့ကြောင်း သိရပြီး အဆိုပါ ဘဏ္ဍာရေးနှစ်တွင် ရေထွက်ကုန်များကို တရုတ်နိုင်ငံ အများဆုံး တင်ပို့ထားပြီး ယင်းနိုင်ငံမှ နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၂၄၄ သန်းကျော် ရရှိခဲ့ကြောင်း ငါးလုပ်ငန်း ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

လက်ရှိ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပသို့ ရေထွက်ကုန်များ တင်ပို့ရာတွင် တရုတ်နိုင်ငံသို့ တင်ပို့မှု အများဆုံး ဖြစ်သော်လည်း အီးယူနိုင်ငံများသို့ တင်ပို့မှုများလည်း ရှိနေကြောင်း ငါးလုပ်ငန်း ဦးစီးဌာနမှ ထုတ်ပြန်သော ပို့ကုန်စာရင်းများအရ သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...