Sunday, November 10, 2013

အီရန်နျူကလီးယား ဆွေးနွေးပွဲ တတိယမြောက်နေ့တွင် သဘောတူညီချက်ရရန် မျှော်လင့်ချက် မြင့်တက်

Sunday, 10 November 2013



နိုဝင်ဘာ ၈ ရက်တွင် ဂျီနီဗာ၌ ဆွေးနွေးပွဲ မစတင်မီ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဂျွန်ကယ်ရီ၊ ဥရောပသမဂ္ဂ သံတမန် အကြီးအကဲ ကက်သရင်းအက်ရှ်တန်တို့ကို တွေ့ရစဉ် (Photo:AP)

အီရန်နှင့် ကမ္ဘာ့အင်အားကြီး နိုင်ငံများအကြား ဆွေးနွေးပွဲသည် နိုဝင်ဘာ ၉ ရက်တွင် တတိယမြောက်နေ့သို့ ရောက်ရှိလာရာ သဘောတူညီချက် ရရှိရန် မျှော်လင့်ချက် မြင့်တက်လာသော်လည်း အဓိက အခက်အခဲများ ရှိနေဆဲဖြစ်ကြောင်း ထိပ်တန်းသံတမန်များက ပြောကြားခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် ယင်းဆွေးနွေးပွဲကို တက်ရောက်ရန်အတွက် သူ၏အရှေ့အလယ်ပိုင်း ခရီးစဉ်ကို အကျဉ်းချုံးခဲ့ရပြီး နိုဝင်ဘာ ၈ ရက်တွင် ဂျီနီဗာ ဆွေးနွေးပွဲ၌ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနိုင်ငံခြားရေး ၀န်ကြီးများနှင့် ပူးပေါင်းခဲ့သည်။ သူက "ဒီအဆင့်မှာ သဘောတူညီချက်တစ်ရပ် မရနိုင်သေးပါဘူး။ စားပွဲဝိုင်းမှာ ဖြေရှင်းလို့ မရတဲ့ သိပ်ကိုအရေးကြီးတဲ့ အကြောင်းအရာတချို့ ရှိနေတုန်းပါပဲ" ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

သို့သော် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ရော့ဗ်သည် ဂျီနီဗာသို့ နိုဝင်ဘာ ၉ ရက်တွင် ရောက်ရှိမည်ဖြစ်ရာ သဘောတူညီချက်တစ်ရပ် ရရှိရန်အတွက် မျှော်လင့်ချက်များ မြင့်တက်လာကြောင်း သိရသည်။ လက်ရော့ဗ် ရောက်ရှိလာပါက ကမ္ဘာ့အင်အားကြီး ခြောက်နိုင်ငံအနက် တစ်နိုင်ငံမှလွဲ၍ ကျန်နိုင်ငံအားလုံးမှ နိုင်ငံခြားရေး ၀န်ကြီးများ စုံညီသွားမည်ဖြစ်သည်။ ကမ္ဘာ့အင်အားကြီး ခြောက်နိုင်ငံသည် အီရန်နျူကလီးယား အစီအစဉ်နှင့် ပတ်သက်၍ စေ့စပ်ညှိနှိုင်း လာခဲ့သည်မှာ ဆယ်စုနှစ်တစ်ခု ကြာခဲ့ပြီဖြစ်သည်။

ဂျွန်ကယ်ရီ၊ အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗက်ဇာရစ်ဖ်နှင့် ကမ္ဘာ့အင်အားကြီး နိုင်ငံများကို ကိုယ်စားပြုသော ဥရောပသမဂ္ဂ သံတမန် အကြီးအကဲ ကက်သရင်း အက်ရှ်တန်တို့သည် နိုဝင်ဘာ ၈ ရက်ညက အချိန်အတန်ကြာ ဆွေးနွေးခဲ့ကြသည်။

ယင်းကဲ့သို့ ဆွေးနွေးခဲ့ပြီးနောက် အီရန်ကို ကိုယ်စားပြုကာ စေ့စပ်ညှိနှိုင်းရေးကို ဦးဆောင်နေသည့် အီရန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး အက်ဘာအာရက်ချီက ဆွေးနွေးပွဲက အကျိုးရှိခဲ့သော်လည်း လုပ်စရာများစွာ ကျန်သေးကြောင်းနှင့် ဆွေးနွေးပွဲကို နိုဝင်ဘာ ၉ ရက်တွင် ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခု ဆွေးနွေးပွဲ၌ သဘောတူညီချက်အချို့ ရရှိပင်လျှင် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ ရုရှားနှင့် တရုတ်တို့ ပါဝင်သော ကမ္ဘာ့အင်အားကြီး နိုင်ငံများနှင့် အီရန်နိုင်ငံတို့အကြား ဆယ်စုနှစ်တစ်ခု ကြာမြင့်ခဲ့ပြီဖြစ်သည့် ဆွေးနွေးမှု အောင်မြင်သည်ဟု ယူဆရလိမ့်မည်ဟု ဆိုသည်။

နောက်ဆုံး သဘောတူညီချက် မရရှိမီ ပထမခြေလှမ်း တစ်ရပ်အဖြစ် ရရှိရန် မျှော်လင့်ထားသော သဘောတူညီချက်မှာ အီရန်က ၎င်းတို့၏ နျူကလီးယား အစီအစဉ်ကို ခြောက်လကြာအထိ ရပ်ဆိုင်းထားပေးပြီး အပြန်အလှန် အနေဖြင့် အီရန်နိုင်ငံ၏ စီးပွားရေးကို အကြီးအကျယ် အကျပ်တွေ့စေသော ပိတ်ဆို့မှုအချို့ကို ဖြေလျှော့ပေးရန်ဖြစ်ကြောင်း သိရသည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...