Sunday, November 10, 2013

တရုတ်ခေါင်းဆောင်များ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ထိပ်သီးဆွေးနွေးပွဲ စတင်ကျင်းပ

Sunday, 10 November 2013



စက်တင်ဘာ ၂၈ ရက်က ထျန်းကျင်မြို့ရှိ ပြတိုက်တစ်ခုတွင် ရှီကျင်ပင်း(ယာ)၏ ပုံကို (ယာမှဝဲ) ဟူကျင်တောင်၊ ကျန်ဇီမင်းနှင့် တိန့်ရှောင်ဖိန်တို့၏ ပုံများနှင့်အတူ တွေ့ရစဉ်

ကမ္ဘာ့ ဒုတိယ အကြီးဆုံး တရုတ်စီးပွားရေးကို လာမည့်ဆယ်စုနှစ်တွင် မည်သည့်ဦးတည်ချက်ဖြင့် ဆောင်ရွက်မည် ဆိုသည်ကို ဆွေးနွေးရန်အတွက် စီးပွားရေး ပြုပြင်ပြောင်းလဲမှု ထိပ်သီးဆွေးနွေးပွဲကို တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်များက နိုဝင်ဘာ ၉ ရက်တွင် စတင်ကျင်းပခဲ့သည်။

လေးရက်ကြာ ကျင်းပမည့် အစည်းအဝေးတွင် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီသည် တရုတ်စီးပွားရေးအတွက် အဓိက ပြဿနာများကို ပြုပြင်ပြောင်းလဲရန် ဆွေးနွေးသွားမည်ဖြစ်ကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်း အေဂျင်စီက ဖော်ပြခဲ့သည်။ မြေယာပြုပြင် ပြောင်းလဲမှုနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ အပါအ၀င် သြဇာကြီးမားသော နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများအတွက် အကာအကွယ်များ လျှော့ချရေးကိုပါ ဆွေးနွေးသွားမည်ဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။

စီးပွားရေး တိုးတက်မှုကို ခိုင်မြဲတည်တံ့စေရန် မည်ကဲ့သို့ ထိန်းသိမ်းရမည် ဆိုသည်နှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ညစ်ညမ်းမှု ပြဿနာများကို တရုတ်က ရင်ဆိုင်နေရသည်။ လုံခြုံရေး တင်းကျပ်စွာနှင့် လျှို့ဝှက်စွာ ကျင်းပသော ဗဟိုကော်မတီ ထိပ်သီးအစည်းအဝေးသည် အစိုးရသစ်အတွက် စီးပွားရေးဆိုင်ရာ လမ်းညွှန်မှုကို ချမှတ်လေ့ရှိသည်။ တရုတ်တွင် ပြီးခဲ့သည့် မတ်လက ရှီကျင်ပင်း သမ္မတ ဖြစ်လာခဲ့ပြီးနောက် ခေါင်းဆောင်မှုဆိုင်ရာ အသွင်ကူးပြောင်းမှု ဖြစ်ပေါ်ခဲ့သည်။ ဗဟိုကော်မတီဝင် ၃၇၆ ဦးလုံး ပါဝင်သည့် ထိပ်သီးအစည်းအဝေးကို ပေကျင်းရှိ ပုဂ္ဂလိက ဟိုတယ်တစ်ခုတွင် ကျင်းပသည်ဟု ယူဆရသည်။

ရရှိထားသော ပါတီ၏ ဆွေးနွေးမှု မူကြမ်းအရ ပါတီတစ်ခုလုံး၏ ဥာဏ်ပညာကို ဖော်ပြနေပြီး ဆယ်စုနှစ် သုံးခုကျော် ကြာမြင့်ခဲ့ပြီဖြစ်သော ပြုပြင်ပြောင်းလဲမှုများကို ရှေ့ဆက်ရန် ဆောင်ရွက်မည်ဟု မျှော်လင့်ရကြောင်း ဆင်ဟွာက ဖော်ပြခဲ့သည်။ သို့သော်လည်း အသေးစိတ်ကို ဆင်ဟွာက မဖော်ပြခဲ့ပေ။ တရုတ်ခေါင်းဆောင်ပိုင်းသည် နိုင်ငံ၏ အစိုးရ ရင်းနှီးမြှုပ်နှံမှုအပေါ် အခြေခံထားသော စီးပွားရေး တိုးတက်မှုပုံစံကို အသိအမှတ် ပြုသော်လည်း စားသုံးသူနှင့် ပုဂ္ဂလိက ကဏ္ဍက တိုးတက်မှုကို ချဲ့ထွင်ရာတွင် ဦးဆောင်ရန် လိုအပ်ကြောင်း လက်ခံထားသည်။

ဗဟိုကော်မတီ ထိပ်သီးအစည်းအဝေးသည် ပြောင်းလဲမှု ကြီးမားသော စီးပွားရေး မူဝါဒများကို ဖော်ထုတ်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဆင်ဟွာက မကြာသေးမီက ဖော်ပြခဲ့သည်။ ၁၉၇၈ ခုနှစ်က ဗဟိုကော်မတီ ထိပ်သီးအစည်းအဝေးတွင် ကွန်မြူနစ်ပုံစံ ဗဟိုဦးစီး စီးပွားရေးမှ ခွဲထွက်ရန် ပြုပြင်ပြောင်းလဲမှုများကို ချမှတ်ခဲ့သည်။

လွန်ခဲ့သော ၃၅ နှစ်က တိန့်ရှောင်ဖိန် ချမှတ်ခဲ့သော အမြော်အမြင်ကြီးမားသည့် ပြုပြင်ပြောင်းလဲမှုမျိုးကို ယခုထိပ်သီး အစည်းအဝေးက ချမှတ်နိုင်လိမ့်မည်ဟု တရုတ်ပညာရှင် အများစုက မျှော်လင့်ထားကြောင်း ဟောင်ကောင်ရှိ Chinese University မှ တရုတ်နိုင်ငံရေး ကျွမ်းကျင်သူ ၀ီလီလမ်းက ပြောကြားခဲ့သည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...