Sunday, November 10, 2013

နှောင့်နှေးမှု ကြုံခဲ့ရသော မော်လ်ဒိုက်သမ္မတ ရွေးကောက်ပွဲကို နိုဝင်ဘာ ၉ ရက်တွင် ကျင်းပ

Sunday, 10 November 2013


မော်လ်ဒိုက်သမ္မတဟောင်းနှင့် သမ္မတ ကိုယ်စားလှယ်လောင်း မိုဟာမက်နာရှိက မြို့တော်မေးလ်တွင် နိုဝင်ဘာ ၉ ရက်က မဲပေးနေစဉ် (Photo:AP)

ပထမဆုံးအကြိမ် ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲ တင်မြှောက်ခံရသော သမ္မတရာထူး ဖြုတ်ချခံရပြီးနောက် ၂၁ လကြာ ဖြစ်ပွားခဲ့သော မတည်ငြိမ်မှုများ ရပ်တန့်နိုင်ရေးအတွက် မော်လ်ဒိုက်တွင် သမ္မတ ရွေးကောက်ပွဲကို နိုဝင်ဘာ ၉ ရက်က ကျင်းပခဲ့သည်။ ယင်းရွေးကောက်ပွဲမှာ ယခင်ရွေးကောက်ပွဲ နှစ်ကြိမ်၌ နှောင့်နှေးကြန့်ကြာမှု ကြုံတွေ့ခဲ့ရပြီးနောက် သမ္မတတစ်ဦးကို ရွေးချယ်နိုင်ရေးအတွက် တတိယအကြိမ်မြောက် ကြိုးပမ်းမှုအဖြစ် ယခုကဲ့သို့ ကျင်းပခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတစ်ဝန်းရှိ မဲ ၄၇၅ ရုံတွင် မဲပေးမှု စတင်ခဲ့ပြီး နိုင်ငံအများအပြားရှိ မြို့တော်များတွင် နေထိုင်သော မော်လ်ဒိုက်နိုင်ငံသားများက မဲပေးခဲ့ကြကြောင်း ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူ အီရှာရီမားက ပြောကြားခဲ့သည်။ နိုဝင်ဘာ ၁၀ ရက်တွင် ရလဒ်ထွက်ပေါ်မည်ဟု မျှော်လင့်ထားပြီး ကိုယ်စားလှယ်လောင်း သုံးဦးအနက် တစ်ဦးမှ မဲရာခိုင်နှုန်း ၅၀ မကျော်ပါက ဒုတိယအကျော့ကို ယင်းနေ့တွင်ပင် ကျင်းပရန် စီစဉ်ထားသည်။

တစ်ချိန်က နိုင်ငံရေး အကျဉ်းသားနှင့် သဘာဝ ပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူဖြစ်သော အသက် ၄၆ နှစ်ရှိ မိုဟာမက်နာရှိက ၂၀၀၈ ခုနှစ်က ပထမဆုံးအကြိမ် ပါတီစုံ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီး အာဏာရှင် မာမွန်းအဗ္ဗဒူဂါယွန်း၏ အနှစ် ၃၀ ကြာ အာဏာချုပ်ကိုင်မှုကို အဆုံးသတ်နိုင်ခဲ့သည်။ သို့သော် တရားစီရင်ရေးနှင့် လုံခြုံရေး တပ်ဖွဲ့များ အပါအ၀င် အဓိက အဖွဲ့အစည်းများနှင့် ပဋိပက္ခ ဖြစ်ပွားခဲ့ပြီးနောက် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် နာရှိသည် ဖိအားပေးခံရပြီး ရာထူးမှ နုတ်ထွက်ခဲ့ရကာ ယင်းဖြစ်စဉ်ကို "အာဏာသိမ်းမှု" ဟု နာရှိက စွပ်စွဲခဲ့သည်။

အတိုက်အခံ မော်လ်ဒိုက်ဒီမိုကရက်တစ်ပါတီ (MDP) မှ လူငယ်ခေါင်းဆောင် ရှူနာအမီနက်က ၎င်းတို့ခေါင်းဆောင် နာရှိသည် နိုဝင်ဘာ ၉ ရက် ပထမအကျော့ ရွေးကောက်ပွဲတွင်ပင် ပြတ်ပြတ်သားသား အနိုင်ရမည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် သမ္မတမိုဟာ မက်ဝါဟိကလည်း ယခုရွေးကောက်ပွဲတွင် ယှဉ်ပြိုင်မည် မဟုတ်ဟု ဆုံးဖြတ်ခဲ့မှုကြောင့် နာရှိအနိုင်ရရန် အခွင့်အလမ်း ပိုမိုကောင်းမွန် စေခဲ့သည်ဟု ရှုမြင်ခံရသည်။

နာရှိသည် စက်တင်ဘာ ၇ ရက်က ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် ပြိုင်ဘက်နှစ်ဦးအပေါ် မဲအသာ ရခဲ့သော်လည်း မဲရာခိုင်နှုန်း ၅၀ ကျော် မရခဲ့ပေ။ ယင်းရွေးကောက်ပွဲ မဲစာရင်းများ မမှန်ကန်မှု ရှိသဖြင့် အဆိုပါရလဒ် ရပ်ဆိုင်းထားရန် တရားရုံးချုပ်က ဆုံးဖြတ်ခဲ့သည်။ အောက်တိုဘာ ၁၉ ရက်တွင် ကျင်းပရန် စီစဉ်ထားသည့် သမ္မတ ရွေးကောက်ပွဲအတွက် မဲစာရင်းများကို အသိအမှတ်ပြုရန် ဂါယွန်း၏ အဖေတူ အမေကွဲ ညီအစ်ကိုတော်သူ အဗ္ဗဒူလာယာမင်းနှင့် စီးပွားရေး လုပ်ငန်းရှင် ကာဆင်အီဗရာဟင်က ငြင်းဆန်ခဲ့ပြီး ရဲတပ်ဖွဲ့က ဟန့်တားခဲ့သဖြင့် ယင်းရွေးကောက်ပွဲမှာ မပြုလုပ်ဖြစ်ခဲ့ပေ။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...