Sunday, November 3, 2013

အမေရိကန် မောင်းသူမဲ့လေယာဉ်၏ တိုက်ခိုက်မှုကြောင့် ပါကစ္စတန် တာလီဘန်ခေါင်းဆောင် သေဆုံး

Sunday, 03 November 2013

၂၀၀၈ ခုနှစ် နိုဝင်ဘာ ၂၆ ရက်က ရိုက်ကူးထားသည့် ဓာတ်ပုံတွင် တွေ့ရသော ပါကစ္စတန် တာလီဘန်ခေါင်းဆောင် (Photo:AFP)

အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုထဲတွင် ပါဝင်သည့် ပါကစ္စ တန်တာလီဘန် အဖွဲ့ခေါင်းဆောင်ဖြစ်သူ ဟာကီမူလာမီဆွတ်သည် နိုဝင်ဘာ ၁ ရက်က အမေရိကန် မောင်းသူမဲ့လေယာဉ် တစ်စင်း၏ တိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့ကြောင်း အစိုးရနှင့် တာလီဘန်အဖွဲ့ သတင်းရင်းမြစ်များက ထုတ်ပြန်ခဲ့သည်။

မီဆွတ် သေဆုံးမှုကြောင့် တာလီဘန်တို့ဘက်မှ လက်တုံ့ပြန်တိုက်ခိုက်မှုများ ဖြစ်ပေါ်လာနိုင်ပြီး တာလီဘန် သူပုန်များနှင့် စေ့စပ်ဆွေးနွေးမှု စတင်နိုင်ရန် အစိုးရ၏ ကြိုးပမ်းအားထုတ်မှုကိုလည်း ပျက်ပြားစေနိုင်သည်ဟု လေ့လာသူများက ပြောကြားခဲ့သည်။ သို့သော်လည်း ပါကစ္စတန် လုံခြုံရေးကို အကြီးမားဆုံး ခြိမ်းခြောက်နေသည့် Tehreek-e-Taliban Pakistan (TTP) သူပုန်အဖွဲ့ကို ဆိုးဆိုးရွားရွား အားနည်းသွားစေ သည်ဟုလည်း လေ့လာသူများက သုံးသပ်ခဲ့ကြသည်။ ထို့ပြင် တာလီဘန်ခေါင်းဆောင် မီဆွတ်သေဆုံးမှုသည် ပါကစ္စတန် သောင်းကျန်းသူများ ရှိရာကို ပစ်မှတ်ထား တိုက်ခိုက်နေသည့် စီအိုင်အေ မောင်းသူမဲ့လေယာဉ် စီမံကိန်း၏ အောင်မြင်မှု ဖြစ်လာခဲ့သည်။ မောင်းသူမဲ့လေယာဉ် တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှု ရှိ၊ မရှိ အသေးစိတ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

မြောက်ဝါဇီရစ္စတန်၏ အဓိကမြို့ဖြစ်သော မီရန်ရှာ၏ မြောက်ဘက်သုံးမိုင်အကွာ ဒန်ဒေဒါပက်ခီးရွာရှိ ခြံဝန်းတစ်ခု အတွင်း၌ရှိသော ကားတစ်စီးကို အမေရိကန် မောင်းသူမဲ့လေယာဉ် တစ်စင်းက ဒုံးကျည်နှစ်စင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ယခု တိုက်ခိုက်မှုတွင် အမေရိကန် အစိုးရက ဆုကြေးဒေါ်လာငါးသန်း ထုတ်ထားခြင်း ခံရသော မီဆွတ်နှင့်အတူ အခြားသူသုံးဦး သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။ လုံခြုံရေးနှင့် ထောက်လှမ်းရေး အရာရှိများက အသက် ၃၄ နှစ်အရွယ်သာ ရှိနိုင်သည့် မီဆွတ်သေဆုံးကြောင်း အတည်ပြုခဲ့ပြီး တာလီဘန် သတင်းရင်းမြစ်ကမူ မီဆွတ်သည် သူ၏သက်တော်စောင့်၊ ယာဉ်မောင်းနှင့် ဦးလေးဖြစ်သူတို့နှင့်အတူ သေဆုံးခဲ့ခြင်းဖြစ်ကြောင်းနှင့် နာရေးအခမ်းအနားကို နိုဝင်ဘာ ၂ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

မီဆွတ် သေဆုံးမှုသည် ယခုလအတွင်း TTP အဖွဲ့အတွက် ဒုတိယမြောက် ပြင်းထန်သည့် ထိုးနှက်ချက် ဖြစ်လာခဲ့သည်။ "TTP ဟာ မီဆွတ်ရဲ့နေရာ အစားထိုးဖို့ ခေါင်းဆောင်အသစ်တစ်ဦးကို မကြာမီမှာ အစားထိုးမှာဖြစ်ပေမယ့် သူသေဆုံးမှုက အဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို အားနည်းသွားစေ ပါလိမ့်မယ်" ဟု လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် ရာဟီမူလာယူဆွတ်ဇိုင်က အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။ တာလီဘန်တို့ဘက်က လက်တုံ့ပြန်မှုကိုလည်း သေချာပေါက် ပြုလုပ်လိမ့်မည် ဖြစ်သည်ဟုလည်း ယူဆွတ်ဇိုင်က ပြောကြားခဲ့သည်။

TTP အဖွဲ့ခေါင်းဆောင်ဟောင်း ဘီတူလာမီဆွတ်သည် ၂၀၀၉ ခုနှစ် သြဂုတ်လက မောင်းသူမဲ့လေယာဉ် တစ်စင်း၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပြီးနောက် ဟာကီမူလာမီဆွတ်မှာ အဖွဲ့ခေါင်းဆောင် ဖြစ်လာခဲ့သည်။ ဟာကီမူလာမီဆွတ်သည် ၂၀၁၀ ပြည်နှစ်က အသတ်ခံ ခဲ့ရသည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်ထွက်ပေါ် လာခြင်းဖြစ်သည်။

သဘောထားတင်းမာသူ တစ်ဦးဖြစ်သည့် မီဆွတ်သည် ယမန်နှစ် အောက်တိုဘာက အမျိုးသမီးများ ပညာသင်ကြားနိုင်ရေး လှုပ်ရှားသူ ပါကစ္စတန်ကျောင်းသူ မာလာလာကို လုပ်ကြံရန် ကြိုးပမ်းမှု အပါအ၀င် TTP အဖွဲ့၏ လူသိများသော တိုက်ခိုက်မှုများကို ကြိုးကိုင်ခဲ့သူဖြစ်သည်။ အာဖဂန်ရှိ စီအိုင်အေ အခြေစိုက် စခန်းတွင် ယမန်နှစ် ဒီဇင်ဘာလက အသေခံ ဗုံးခွဲတိုက်ခိုက်မှုကြောင့် အမေရိကန်နိုင်ငံသား ခုနစ်ဦး သေဆုံးခဲ့ရသည့်အတွက် မီဆွတ်ကို အမေရိကန်က အကြမ်းဖက်မှုဖြင့် တရားစွဲထားသည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...