Sunday, November 3, 2013

ကင်ညာစာနယ်ဇင်းများက အလွန်ပြင်းထန် တင်းကျပ်သည့် မီဒီယာ ဥပဒေကြမ်းကို ၀ိုင်းဝန်းဆန့်ကျင်



Sunday, 03 November 2013


မီဒီယာ ဥပဒေကြမ်းအကြောင်း မျက်နှာဖုံးများတွင် ဖော်ပြထားသော သတင်းစာများကို ကင်ညာနိုင်ငံမြို့တော် နိုင်ရိုဘီတွင် သတင်းစာရောင်းသူ တစ်ဦးက ရောင်းချနေစဉ် (Photo:AFP)

ကင်ညာ ပါလီမန်က မီဒီယာ ဥပဒေကြမ်း တစ်ရပ်ကို မဲခွဲဆုံးဖြတ် ခဲ့ပြီးနောက် နိုဝင်ဘာ ၁ ရက်တွင် ကင်ညာမီဒီယာများက ယင်းဥပဒေကြမ်းကို ဒေါသတကြီး ပြင်းထန်စွာ တုံ့ပြန်ခဲ့ကြသည်။ ယင်းဥပဒေ၌ ပါဝင်သည့် အချက်အလက်များကို ချိုးဖောက်ပါက ဂျာနယ်လစ်များကို ကြီးလေးသော ဒဏ်ငွေများ ချမှတ်မည်ဖြစ်၍ မီဒီယာများအပေါ် အပြင်းအထန် ဖိနှိပ်မှုဟု ရှုမြင်ကြသည်။

ပါလီမန် အမတ်များ မဲပေးခဲ့ကြသည့် ဥပဒေကြမ်းတွင် ဆက်သွယ်ရေးနှင့် မာလ်တီမီဒီယာ အယူခံ အထူးခုံရုံးတစ်ရပ် ဖွဲ့စည်းပြီး ဥပဒေ ချိုးဖောက်သူများကို ကင်ညာသျှီလင် သန်း ၂၀ (အမေရိကန်ဒေါ်လာ ၂၄၃,၀၀၀) အထိ ဒဏ်ငွေချမှတ်ရန်နှင့် ဂျာနယ်လစ်များကို ထောင်ချရန်အထိ ပါဝင်သည်။ ယင်းမီဒီယာ ဥပဒေကြမ်းကို ပါလီမန်၌ မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် မကြာမီ သမ္မတ ယူဟူရူကင်ညက်တာက လက်မှတ်ရေးထိုး အတည်ပြုတော့မည် ဖြစ်သည်။ ယင်းဥပဒေကြမ်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား ထုတ်လွှင့်မှုများအပေါ် အလွန်တင်းကျပ်သည့် ထိန်းချုပ်မှုများ ပါဝင်နေရာ ၎င်းတို့ထုတ်လွှင့်သည့် ပရိုဂရမ်များနှင့် ကြော်ငြာများအနက် ၄၅ ရာခိုင်နှုန်းသည် ပြည်တွင်း၌ ပြုလုပ်ခြင်း ဖြစ်ရမည်ဟုလည်း ကန့်သတ်ထားကြောင်း သိရသည်။

ယင်းကို ကင်ညာစာနယ်ဇင်းများက ပြင်းထန်စွာ တုံ့ပြန်ခဲ့ကြရာ The Daily Nation သတင်းစာက "ကင်ညာနိုင်ငံကို ဇင်ဘာဘွေ၊ ကျူးဘား၊ အီသီယိုးပီးယား၊ ကူဝိတ်နိုင်ငံတို့နှင့် အဆင့်ချင်း တူညီသွားအောင် ပြုလုပ်လိုက်ခြင်းဖြစ်ပြီး ကင်ညာကို ခိုင်မာသည့် ဖိနှိပ်ခြင်းလမ်းကြောင်းပေါ်သို့ တင်ကာ အမှောင်ခေတ်ထဲသို့ ဆွဲသွင်းနေခြင်းဖြစ်သည်" ဟု ဝေဖန်ခဲ့သည်။ ပါလီမန်က မီဒီယာ အခွင့်အရေးကို ဖယ်ရှားပစ်လိုက်သည့် အလွန်အရေးကြီးသော ပြောင်းလဲမှုတစ်ရပ် ဖြစ်သည်ဟုလည်း ယင်းသတင်းစာက ဖော်ပြခဲ့သည်။

ကင်ညာနိုင်ငံ၏ လွတ်လပ်သော ရေဒီယို အသံလွှင့်ဌာနများနှင့် သတင်းဝက်ဘ်ဆိုက်များတွင် သြဇာအကြီးမားဆုံးဖြစ်သည့် CapitalFM ၏ Capital Group ကုမ္ပဏီ၏စီ မံခန့်ခွဲမှု ညွှန်ကြားရေးမှူး ဆိုက်ပရပ်စ်ကာမူးကလည်း ယင်းဥပဒေသည် အလွန်တင်းကျပ် ပြင်းထန် ဆိုးရွားလှသောကြောင့် ဆန့်ကျင်သည်ဟု ပြောကြားခဲ့သည်။ အသစ်ဖွဲ့စည်းမည့် မီဒီယာခုံရုံး အဖွဲ့သည် အစိုးရ၏ လက်ဝေခံ အဖွဲ့သာဖြစ်သောကြောင့် အမြဲတမ်း ဘက်လိုက်နေလိမ့်မည်ဟု သူကဆိုသည်။ ၎င်းအပြင် ပရိုဂရမ်များနှင့် ကြော်ငြာများကို ကန့်သတ်ထိန်းချုပ်ခြင်းသည် ကမ္ဘာ့စီးပွားရေး လောက၌ ကင်ညာနိုင်ငံ၏ အနေအထားကို ပျက်ယွင်းစေလိမ့်မည်ဟုလည်း ဆိုသည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...