Sunday, 03 November 2013
ပြည်တွင်းရှိ အထည်ချုပ်စက်ရုံ တစ်ခုအား တွေ့ရစဉ်
အီးယူကုန်သွယ်မှု အထူးအခွင့်အရေး (GSP) ရရှိရန်အတွက် GSP Form(A) လျှောက်ထားမှုတွင် လက်ခစားစနစ်ဖြင့် လုပ်ကိုင်သည့် အထည်ချုပ် လုပ်ငန်းများနှင့် ရေထွက်ကုန်များ အများဆုံး လျှောက်ထားကြကြောင်း သိရသည်။
အီးယူကုန်သွယ်မှု အထူးအခွင့်အရေး (GSP) ကို မြန်မာနိုင်ငံမှ ဇူလိုင် ၁၉ ရက်တွင် ပြန်လည်ရရှိခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံမှ အီးယူနိုင်ငံများသို့ တင်ပို့သည့် ကုန်ပစ္စည်းများအတွက် GSP ရရှိရန် နောက်ကြောင်းပြန် လျှောက်ထားခဲ့ကြခြင်း ဖြစ်သည်။
အီးယူ၏ (GSP) အခွင့်အရေး ပြန်လည်ရရှိခဲ့သည့် ဇူလိုင် ၁၉ ရက် နောက်ပိုင်းမှ အောက်တိုဘာ ၂၄ ရက်အထိ သုံးလကျော် ကာလအတွင်း (GSP Form A) ထုတ်ပေးခဲ့ရသည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ၅၉ သန်းကျော်ရှိပြီး လျှောက်ထားသည့် ကုန်ပစ္စည်းများမှာ လက်ခစားစနစ်ဖြင့် လုပ်ကိုင်သည့်ပစ္စည်း၊ ရေထွက်ကုန်များ အများဆုံး လျှောက်ထားခဲ့ကြောင်း သိရသည်။
(GSP Form A) ထုတ်ပေးရာတွင် ယူကေ၊ ဘယ်လ်ဂျီယမ်၊ ဂျာမနီ၊ ဘူလ်ဂေးရီးယား၊ အီတလီ၊ ပြင်သစ်၊ စပိန်၊ နယ်သာလန်၊ ဂရိ၊ ဒိန်းမတ်၊ ရိုမေးနီးယား၊ သြစတြီးယား၊ ဆွီဒင်၊ အိုင်ယာလန် စသည့်နိုင်ငံများသို့ တင်ပို့သည့် မြန်မာ့ပို့ကုန်များအတွက် ထုတ်ပေးခဲ့ရကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ယခင်က အီးယူမှပေးသည့် (GSP) အခွင့်အရေးကို ရရှိခဲ့ဖူးပြီး အဓမ္မ အလုပ်ခိုင်းစေမှုများ ရှိသည်ဆိုသည့် အချက်ဖြင့် ၁၉၉၇ ခုနှစ်တွင် (GSP) ကို ယာယီရုပ်သိမ်းခဲ့ကြောင်း သိရသည်။ ၂၀၁၃ ခုနှစ် ဇွန် ၁၂ ရက်တွင် မြန်မာနိုင်ငံကို (GSP) အခွင့်အရေး ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
(GSP) အခွင့်အရေး ရရှိရန်အတွက် ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ် တင်ပြနိုင်ရန် လိုအပ်ပြီး အီးယူသို့ တင်ပို့မှုများအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ (GSP Form A) များလျှောက်ထားထုတ်ယူ ရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံ အနေဖြင့် အမေရိကန်ပြည်ထောင်စုမှပေးမည့် GSP အခွင့်အရေးကို ရရှိရန်အတွက်လည်း ကြိုးပမ်းနေပြီး အမေရိကန် အနေဖြင့် မြန်မာနိုင်ငံကို GSP ပေးရန် ကြားနာစစ်ဆေးဆဲ အဆင့်ကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
EMG

0 comments:
Post a Comment