Sunday, November 3, 2013

အမေရိကန်က ဂျာမနီ ၀န်ကြီးချုပ်ကို သူလျှိုလုပ်ခဲ့ခြင်းအတွက် စုံစမ်းစစ်ဆေးမှု၌ ကူညီရန် စနိုးဒင် လိုလား



Created on Sunday, 03 November 2013

ဟန်းခရစ်ရှန်စထရိုးဘဲလ် (ယာ) နှင့် အက်ဒ၀ပ်စနိုးဒင်တို့ အောက်တိုဘာ ၃၁ ရက်က မော်စကိုမြို့ရှိ အမည်မဖော်ပြသော နေရာတစ်ခု၌ တွေ့ဆုံစဉ် (Photo:AFP)

အမေရိကန်၏ ဖုန်းနှင့်အင်တာနက် သူလျှိုလုပ်မှုများကို ဖော်ထုတ်ခဲ့သူ အက်ဒ၀ပ် စနိုးဒင်သည် အမေရိကန်က ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်ကို သူလျှိုလုပ်ခဲ့မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရာ၌ ကူညီရန် လိုလားလျက်ရှိပြီး အမေရိကန် ကွန်ဂရက်နှင့် တိုက်ရိုက်စကားပြောဆိုရန် လိုလားလျက်ရှိကြောင်း စနိုးဒင်နှင့် တွေ့ဆုံခဲ့သည့် ဂျာမနီ ဥပဒေပြု အမတ်တစ်ဦးက နိုဝင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။

စနိုးဒင်သည် အောက်တိုဘာ ၃၁ ရက် နှောင်းပိုင်းတွင် ဂရင်းပါတီမှ ဂျာမနီ ဥပဒေပြုအမတ် ဟန်းခရစ်ရှန်စထရိုးဘဲလ်နှင့် မော်စကိုမြို့ရှိ အမည်မဖော်ပြသော နေရာတစ်ခု၌ တွေ့ဆုံခဲ့ပြီး အမေရိကန်သည် မာကယ်၏ မိုဘိုင်းဖုန်းကို နှစ်ပေါင်းအတန်ကြာ သူလျှိုလုပ်ခဲ့မှုနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။ စထရိုးဘဲလ် ဂျာမနီသို့ ပြန်လာသည့်အခါ စနိုးဒင်ထံမှ ရရှိသော စာတစ်စောင်ကို ဖြန့်ချိခဲ့သည်။

ဆိုးဆိုးရွားရွား ဖြစ်နိုင်ဖွယ်ရှိသော ကျူးလွန်မှုများကို ကွန်ဂရက်၌ သက်သေခံ ထွက်ဆိုရန်အတွက် အမေရိကန်က အသင့်ပြင်လျက်ရှိရာ စနိုးဒင်က အမေရိကန် ကွန်ဂရက်နှင့် တိုက်ရိုက်စကားပြောဆိုလိုကြောင်း ပြောကြားခဲ့သည်။

အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီ (NSA) က ကန်ထရိုက်ပေးထားသော ကုမ္ပဏီ၏ ၀န်ထမ်းဟောင်း အက်ဒ၀ပ်စနိုးဒင်သည် သြဂုတ်လအတွင်းက ရုရှားနိုင်ငံတွင် ခိုလှုံခွင့်ရရှိခဲ့ပြီး ယခုအခါ အမည်မဖော်ပြသော ရုရှားအင်တာနက် ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်လျက် ရှိသော်လည်း သူ့အားအမေရိကန်က သူလျှိုမှုဖြင့် တရားစွဲဆိုရန် ကြိုးပမ်းနေဆဲဖြစ်သည်။

စနိုးဒင်ထံမှ ရရှိခဲ့သောစာကို စထရိုးဘဲလ်က သူ၏၀က်ဘ်ဆိုက်တွင် တင်ထားခဲ့သည်။ ယင်းတွင် စနိုးဒင်က ဂျာမနီနှင့် ပတ်သက်သော အမေရိကန်၏ သူလျှိုလုပ်မှုများကို အသေးစိတ် ဖော်ပြနိုင်ရန် ပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်။ စနိုးဒင်က သူ့အား အမေရိကန်က အပြင်းအထန် ဖိအားပေးနေသော်လည်း သူ၏ဖွင့်ချချက်များနှင့် ပတ်သက်၍ တစ်ကမ္ဘာလုံး၏ တုံ့ပြန်မှုများအပေါ် အားရကျေနပ်ကြောင်းလည်း ပြောကြားခဲ့သည်။ စနိုးဒင်သည် အခြေအနေပေးပါက ဂျာမနီ၌ တွေ့ဆုံဆွေးနွေးရန် မျှော်လင့်ကြောင်းလည်း ဂျာမနီ လွှတ်တော်အမတ်အား ပြောကြားခဲ့သည်။ စနိုးဒင်သည် သူ့အနေဖြင့် အချက်အလက်များကို အမေရိကန် ကွန်ဂရက်တွင် ကွန်ဂရက် ကော်မတီတစ်ရပ်၏ ရှေ့မှောက်၌ ပြောကြားရန် ပိုမိုလိုလားသည်ဟု ဆိုသည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...