Sunday, November 3, 2013

ဘဏ္ဍာရေး နှစ်ဝက်အတွင်း ပြည်ပသို့ ပို့ကုန်အုပ်စု ခုနစ်မျိုး တင်ပို့ခဲ့ပြီး ယခင်ဘဏ္ဍာရေးနှစ် ကာလတူ တင်ပို့မှုထက် အမေရိကန်ဒေါ်လာ တစ်ဘီလျံနီးပါး ပိုမိုတင်ပို့

 Created on Saturday, 02 November 2013


ပြည်ပတင်ပို့မည့် ရေထွက်ကုန်များအား တွေ့ရစဉ်

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်ဝက်အတွင်း ပြည်ပသို့ ပို့ကုန်အုပ်စု ခုနစ်မျိုး တင်ပို့ခဲ့ပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေး နှစ်ဝက်အတွင်း တင်ပို့မှုထက် အမေရိကန် ဒေါ်လာတစ်ဘီလျံနီးပါး ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

လယ်ယာထွက်ကုန်၊ တိရစ္ဆာန်ထွက်၊ ရေထွက်ကုန်၊ သတ္တုတွင်းထွက်၊ သစ်တောထွက်ကုန်၊ စက်မှုကုန်ချောနှင့် အခြားပို့ကုန်များ တင်ပို့ခဲ့ခြင်း ဖြစ်သည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ်ဝက်ကာလအတွင်း ပြည်ပသို့ ပို့ကုန်တင်ပို့မှုမှ ရရှိငွေမှာ အမေရိကန် ဒေါ်လာ ၅၆၈၁ ဒသမ ၂၅၄ သန်း ဖြစ်ပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်ဝက် ကာလအတွင်း ပြည်ပပို့ကုန်မှ ရရှိငွေမှာ အမေရိကန် ဒေါ်လာ ၄၆၈၇ ဒသမ ၄၈၀ သန်း ဖြစ်သောကြောင့် လက်ရှိ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပပို့ကုန် တင်ပို့မှုမှ ရရှိငွေမှာ အမေရိကန် ဒေါ်လာ တစ်ဘီလျံနီးပါး ပိုမိုရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပြည်ပတင်ပို့သည့် ပို့ကုန်အလိုက် ရရှိမှုမှာ လယ်ယာထွက် ကုန်တင်ပို့မှုမှ အမေရိကန် ဒေါ်လာ တစ်ဘီလျံကျော်၊ တိရစ္ဆာန်ထွက်ကုန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ငါးသန်းကျော်၊ ရေထွက်ကုန် တင်ပို့မှုမှ အမေရိကန် ဒေါ်လာ သန်း ၂၇၀ ကျော်၊ သတ္တုတွင်းထွက် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော်၊ သစ်တောထွက် ပစ္စည်းများမှ အမေရိကန် ဒေါ်လာ သန်း ၃၆၀ နီးပါး၊ စက်မှုကုန်ချောများမှ အမေရိကန် ဒေါ်လာ နှစ်ဘီလျံကျော်နှင့် အခြားပို့ကုန်များမှ အမေရိကန် ဒေါ်လာသန်း ၂၀၀ ကျော် ရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပို့ကုန်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပို့ကုန် ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်ရေးအတွက် အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာကို ရေးဆွဲရန် ပြင်ဆင်နေပြီး အဆိုပါ မဟာဗျူဟာအတွက် ဦးစားပေး အကောင်အထည်ဖော်မည့် ကုန်စည်များ၊ ယင်းဦးစားပေး ကဏ္ဍများကို အထောက်အကူပြုမည့် ကဏ္ဍများကို သတ်မှတ်ပြီး ဖြစ်ကြောင်း သိရသည်။

ပို့ကုန်မဟာဗျူဟာတွင် ဦးစားပေး အကောင်အထည်ဖော်မည့် ကုန်စည်များမှာ ဆန်၊ ပဲအမျိုးမျိုးနှင့် ဆီထွက်သီးနှံ၊ ရေထွက်ကုန်ပစ္စည်း၊ အထည်အလိပ်နှင့် အ၀တ်အထည်၊ သစ်နှင့် သစ်တောထွက် ပစ္စည်းတို့ဖြစ်ပြီး ဦးစားပေး ၀န်ဆောင်မှုအဖြစ် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းကို သတ်မှတ်ထားကာ အလားအလာကောင်းသည့် ကဏ္ဍအဖြစ် ရော်ဘာကို သတ်မှတ်ထားကြောင်း သိရသည်။

အဆိုပါ ဦးစားပေးကဏ္ဍများကို အထောက်အကူ ပြုစေမည့် ကဏ္ဍများအဖြစ် ကုန်သွယ်မှုဆိုင်ရာ ငွေကြေးဝန်ဆောင်မှု၊ ကုန်သွယ်မှု သတင်းအချက်အလက်နှင့် ကုန်သွယ်မှု မြှင့်တင်ရေး၊ အရည်အသွေး စီမံခန့်ခွဲခြင်း၊ ကုန်သွယ်မှု လျင်မြန်ချောမွေ့ခြင်းနှင့် ကုန်စည် သယ်ယူပို့ဆောင်ရေး ကဏ္ဍများကို သတ်မှတ်ထားကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...