Tuesday, November 19, 2013

ရန်ကုန်လေဆိပ် အဆောက်အအုံဟောင်းကို ဖျက်သိမ်းပြီး အသစ်တည်ဆောက်ရာတွင် ပန်းချီဆရာကြီး ဦးဘကြည်၏ နံရံဆေးရေးပန်းချီကားများအား မူလလက်ရာ မပျက်စီးစေရန် ဆောင်ရွက်သွားမည်

 Tuesday, 19 November 2013

ရန်ကုန်လေဆိပ် ပြည်တွင်းထွက်ခွာ ခန်းမတွင် ရေးဆွဲထားသည့် ပန်းချီဆရာကြီး ဦးဘကြည်၏ ပန်းချီကားအား တွေ့ရစဉ်

ရန်ကုန်လေဆိပ် အဆောက်အအုံဟောင်းကို ဖျက်သိမ်းပြီး အသစ်တည်ဆောက်ရာတွင် ပန်းချီဆရာကြီး ဦးဘကြည်၏ နံရံဆေးရေး ပန်းချီကားများအား မူလလက်ရာ မပျက်စီးဘဲ ကျန်ရှိရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၌ နိုဝင်ဘာ ၁၅ ရက်က ပြုလုပ်သည့် ညှိနှိုင်းဆွေးနွေးပွဲမှ သတင်းရရှိသည်။

''ဒီပန်းချီကားကြီးတွေရဲ့ သက်တမ်းက နှစ်ပေါင်း ၅၀ ကျော်က ရှေးဟောင်း ယဉ်ကျေးမှုလက်ရာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ အနေနဲ့ နောင်မှာ အသစ်တည်ဆောက်မယ့် လေဆိပ်သစ်ကြီးရဲ့ Public Area မှာ ထားချင်တယ်။ ၂၀၁၄ နှစ်ဆန်းပိုင်းလောက်မှာ လေဆိပ်အဟောင်းကို ဖျက်သိမ်းပြီး အသစ်ဆောက်မှာ ဖြစ်တဲ့အတွက် ပြခန်းသဖွယ်ထားဖို့ ဒီဇိုင်းကို ပြန်စဉ်းစားသွားမယ်။ ရွှေ့မယ်ဆိုရင်လည်း ဘယ်လိုရွှေ့ပြောင်းရင် ရနိုင်မလဲ ဆိုတာ အကြံဥာဏ် တောင်းခံရခြင်း ဖြစ်ပါတယ်'' ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ဆိုသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်စတင် ဖွင့်လှစ်သည့် ၁၉၅၆ ခုနှစ်မှစတင်ကာ ပြည်တွင်းလေဆိပ် ခရီးသည် အဆောက်အအုံအတွင်း ပန်းချီဆရာကြီး ဦးဘကြည် နံရံဆေးရေး ပန်းချီကား ရှစ်ချပ်အား အများပြည်သူ လေ့လာကြည့်ရှုနိုင်ရန် ရေးဆွဲပြသ ထားခဲ့ကြောင်း သိရသည်။

အဆိုပါ ပန်းချီကားများအနက် အလျား ၄၂ ပေ ၉ လက်မနှင့် အနံ ၇ ပေ ၆ လက်မ ရှိ 'ဒွေးမယ်နော်ကဟန်' အမည်ရှိ နံရံဆေး ရေးပန်းချီကားနှင့် အလျား ၃၈ ပေ ၉ လက်မ နှင့် အနံ ၇ ပေ ၆ လက်မရှိ 'ပျံသန်းခြင်းအ မည်ရှိ နံရံဆေးရေး ပန်းချီကား နှစ်ခုအား ပြည်တွင်းထွက်ခွာ ခန်းမရှိ နံရံတွင် ရေးဆွဲပြသထားခဲ့သည်။

ယင်းပြင် အလျား ၁၈ ပေ အနံ ၆ ပေရှိ 'အိုးစည်ကဟန်' နံရံဆေးရေးပန်းချီကား၊ အလျား ၁၈ ပေ အနံ ၆ ပေရှိ 'သစ်လုပ်ငန်း' နံရံဆေးရေး ပန်းချီကား၊ အလျား ၂၇ ပေ ၂ လက်မအနံ ၆ ပေရှိ 'စပါးပေါ်ချိန်' နံရံဆေးရေး ပန်းချီကား၊ အလျား ၆ ပေ ၈ လက်မ အနံ ၆ပေရှိ 'ဘီအိုစီ'နံရံဆေးရေး ပန်းချီကား၊ အလျား ၂၁ပေ အနံ ၁၀ပေရှိ 'မြေ၀ိုင်းဇာတ်ပွဲ' နံရံဆေးရေး ပန်းချီကားနှင့် အလျား ၁၀ ပေ ၄ လက်မ အနံ ၅ပေရှိ 'ရုပ်သေးအက' နံရံဆေးရေး ပန်းချီကား စသည့်ပန်းချီကား ခြောက်ချပ်အား ရန်ကုန်လေဆိပ် စားသောက်ဆိုင်တွင် ချိတ်ဆွဲပြသ ထားခဲ့သည်။

ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဝင်းက ''ဒီပန်းချီကားတွေထားတဲ့ အဆောက်အအုံကို ငုံပြီးပြခန်းသဖွယ်ထားရင် သင့်တော်မယ်လို့ ထင်ပါတယ်။ ဒီပန်းချီကား ကြီးတွေက လေကြောင်းဦးစီးဌာနရဲ့ သမိုင်းတစ်ခု ဖြစ်သလို ယဉ်ကျေးမှုအရလည်း တန်ဖိုးရှိတာ ဖြစ်ပါတယ်။ ဒီခေတ်မှာ ပြန်လည် ရေးဆွဲနိုင်ခြင်း မရှိနိုင်တော့တဲ့ ရှားပါးလက်ရာများ ဖြစ်တယ်'' ဟု ဆိုသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...