Tuesday, November 19, 2013

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ခုနစ်လတာ ကာလအတွင်း မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၆ သန်းကျော်သာ ရရှိ

 Tuesday, 19 November 2013


ချင်းပြည်နယ် ရိဒ်နယ်စပ် ကုန်သွယ်ရေး စခန်းကို တွေ့ရစဉ် (ဓာတ်ပုံ-DCCA)

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဧပြီမှ အောက်တိုဘာအထိ ခုနစ်လတာ ကာလအတွင်း မြန်မာ- အိန္ဒိယ နယ်စပ်ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၂၆ သန်း ကျော်သာ ရရှိသေးကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၏ ကုန်သွယ်မှု အချက်အလက်များအရ သိရသည်။

အဆိုပါ ကာလအတွင်း မြန်မာ-အိန္ဒိယနယ်စပ် တမူးနှင့် ရိဒ်ကုန်သွယ်ရေး စခန်းများမှ ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၂၆ ဒသမ ၄၂၂ သန်းသာ ရှိခဲ့သည်။ တမူးနယ်စပ် ကူးသန်းရောင်းဝယ်ရေး စခန်းမှ ပို့ကုန်ပမာဏ ၁၀ ဒသမ ၀၁၆ သန်း၊ သွင်းကုန် ပမာဏ အမေရိကန်ဒေါ်လာ ၅ ဒသမ ၅၀၅ သန်း စုစုပေါင်း ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၅၂၁ သန်းရရှိခဲ့ကြောင်း သိရသည်။ ရိဒ်နယ်စပ် ကူးသန်းရောင်းဝယ်ရေး စခန်းမှ ပို့ကုန် အမေရိကန်ဒေါ်လာ ၇ ဒသမ ၀၇၄ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၃ ဒသမ ၈၂၇ သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၉၀၁ သန်း ရရှိခဲ့ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံသည် နယ်စပ်ကုန်သွယ်မှုကို အိမ်နီးချင်း နိုင်ငံများဖြစ်သည့် ထိုင်း၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံတို့နှင့် သဘောတူ စာချုပ်များ ချုပ်ဆိုဆောင်ရွက် နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လေးနိုင်ငံနှင့် နယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်ရာတွင် တရုတ်နှင့် နယ်စပ်ကုန်သွယ်မှု ပမာဏမှာ အများဆုံးဖြစ်ပြီး ထိုင်းနှင့် ဒုတိယအများဆုံး ဖြစ်ကြောင်း သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဧပြီ ၁ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ နယ်စပ်စခန်းများမှ ကုန်သွယ်မှု ဆောင်ရွက်ရာတွင် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် ကုန်သွယ်ခဲ့ပြီး နယ်စပ်စခန်းများမှ ကုန်သွယ်မှု ပမာဏစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၂၇၉၂ ဒသမ ၇၃၅ သန်း ရရှိခဲ့ကြောင်း သိရသည်။

လက်ရှိဘဏ္ဍာရေးနှစ် အတွက် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၂၅ ဘီလျံကျော် ရရှိရန် လျာထားပြီး နယ်စပ်ကုန်သွယ်မှုမှ ရာခိုင်နှုန်း ၂၀ နှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ရာခိုင်နှုန်း ၈၀ ကုန်သွယ်မှု ပြုလုပ်နိုင်ရန် လျာထားကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပို့ကုန်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပို့ကုန်ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်ရေးအတွက် အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာကို ရေးဆွဲလျက်ရှိပြီး အဆိုပါ မဟာဗျူဟာအတွက် ဦးစားပေး အကောင်အထည်ဖော်မည့် ကုန်စည်များ၊ ယင်းဦးစားပေး ကုန်များကို အထောက်အကူပြုမည့် ကဏ္ဍများကို သတ်မှတ်ပြီး ဖြစ်ကြောင်း သိရသည်။

မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်နိုင်ရန်အတွက် စစ်ကိုင်းတိုင်း ဒေသကြီး တမူးနယ်စပ် စခန်းကို ၂၀၀၅ ခုနှစ် ဧပြီလအတွင်းက ဖွင့်လှစ်ခဲ့ပြီး ချင်းပြည်နယ်ရှိ ရိဒ်နယ်စပ် ကုန်သွယ်ရေး စခန်းကို ၂၀၀၃ ခုနှစ် ဒီဇင်ဘာလ အတွင်းက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်မှုတိုးမြှင့် ဆောင်ရွက်နိုင်ရန်အတွက် နှစ်နိုင်ငံနယ်စပ်တွင် နယ်စပ်ဈေးများ ဖွင့်လှစ်ရန် ညှိနှိုင်းဆွေးနွေးမှုများ ရှိခဲ့ကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...