Tuesday, November 19, 2013

တရားမ၀င် ကုန်စည်နှင့် ကန့်သတ်ကုန်စည်များအား ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်မည့် ပို့ကုန်သွင်းကုန် ဥပဒေဖြင့် နှစ်လခန့်အတွင်း အမှုတွဲ ငါးမှု ဖွင့်လှစ်အရေးယူ

 Tuesday, 19 November 2013

ဒေါပုံမြို့နယ်အတွင်းရှိ စက်ရုံတစ်ရုံကို Mobile Team အဖွဲ့မှ ၀င်ရောက်စစ်ဆေးနေစဉ် (ဓာတ်ပုံ-အောင်ရဲကို)

တရားမ၀င်ကုန်စည်နှင့် ကန့်သတ်ကုန်စည်များအား စတင်အရေးယူသည့် နှစ်လခန့် ကာလအတွင်း ထောင်ဒဏ်သုံးနှစ်အထိ အပြစ်ပေးအရေးယူနိုင်မည့် ပို့ကုန်သွင်းကုန် ဥပဒေနှင့် အရေးယူမှု ငါးမှုအထိ ရှိနေပြီဖြစ်ကြောင်း တရားမ၀င် ကုန်သွယ်မှုတားဆီး ထိန်းချုပ်ရေး ဗဟိုကော်မတီမှ သိရသည်။

တရားမ၀င် တင်သွင်းလာသည့် ကုန်စည်များအား ယခင်က ဒဏ်ကြေးသာ တပ်နိုင်သည့် ပင်လယ်ရေကြောင်း ဥပဒေဖြင့် အရေးယူခဲ့ရာ တရားမ၀င် ကုန်သွယ်မှုများအား ထိရောက်စွာ တားဆီးနိုင်မှုမရှိသဖြင့် ပိုမိုပြင်းထန်သည့် ပို့ကုန်သွင်းကုန်ဥပဒေ ဖြင့် စစ်ဆေးအရေးယူမှုကို ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၆ ရက်တွင် စတင်အရေးယူခဲ့သည်။

''ကျွန်တော်တို့ကို တိုင်ကြားတဲ့ဖြစ်စဉ် ခုနစ်ခုမှာ ငါးမှုက တရားမ၀င်တင်သွင်းတဲ့ ဖြစ်စဉ်မှန်ပြီး ကျန်နှစ်မှုကတော့ တရားဝင်တင်သွင်းနေတဲ့ ကုမ္ပဏီတွေပါ'' ဟု တရားမ၀င် ကုန်သွယ်မှုတားဆီး ထိန်းချုပ်ရေး ဗဟိုကော်မတီမှ ညွှန်ကြားရေးမှူး ဦးဝင်းလွင်က ဆိုသည်။

စတင်အရေးယူခဲ့သည့် စက်တင်ဘာ ၁၈ ရက်တွင် ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းဇံရပ် ကွက်ရှိ Green Line Myanmar Group ကုမ္ပဏီမှ တရားဝင်တင်သွင်းခွင့် မရှိသည့် အရက်၊ ဘီယာ ၈၉၇၄၈ လုံးနှင့် လူသုံး ကုန်များ ဖမ်းဆီးမိခဲ့သဖြင့် တာဝန်ရှိသူများအား ပို့ကုန်သွင်းကုန်ဥပဒေနှင့် အောက်တိုဘာ ၈ ရက်တွင် အမှုဖွင့်လှစ်ခဲ့သည်။

ထိုနေ့မှာပင် ဘုရင့်နောင်ကားကြီးဝင်း ပတ်လမ်းအမှတ် ၁၁၇ အနီးပွဲရုံအတွင်းနှင့် ယာဉ်နှစ်စီးအတွင်းမှ အရက်၊ ဘီယာ၊ အချို ရည် ဖာပေါင်း ၂၅၆၁ ဖာ ဖမ်းဆီးမိခဲ့ပြီး ရွှေ ပြည်သာမြို့နယ်၊ သံချက်ဝန်ဦးညွန့်လမ်း အမှတ် ၃၉/၁၂၉ B ရှိ အဆောက်အအုံ တစ်ခုတွင်လည်း ဘီယာနှင့် အချိုရည် ၁၈၉၈ ဖာ တွေ့ရှိသဖြင့် ပို့ကုန်သွင်းကုန်ဥပဒေဖြင့် အရေးယူ အမှုဖွင့်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၃၀ ရက်တွင်လည်း အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်း မုံရွာလမ်းနှင့် စက်မှုလမ်းဆုံ၌ ၁/က-၈၂၀၆ ဒိုင်နာ အပြာရောင်ယာဉ်ပေါ်မှ နိုင်ငံခြားဖြစ် အရက် ၂၁၆၀ လုံးအား စစ်ဆေးတွေ့ရှိခဲ့သဖြင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ယာဉ်တို့အား အရေးယူခဲ့သည်။

လှိုင်မြို့နယ်ရှိ Quarto Product ကုမ္ပဏီမှ ၀ိုင်၊ အချိုရည်၊ ဘီယာသုံးမျိုးနှင့် စားသောက်ကုန်များတွင် စုစုပေါင်း ကုန်ပစ္စည်း ၉၃မျိုးနှင့် ခန့်မှန်းတန်ဖိုး ၆၄၄ သိန်းကျော်ဖိုးခန့်အား ဖမ်းဆီးခဲ့မိကြောင်း တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီမှ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ပြောကြားသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...