Monday, December 23, 2013

၂၀၁၃ ခုနှစ်သည် ၁၀ နှစ်တာကာလအတွင်း မြန်မာနိုင်ငံသို့ အပျော်စီးသင်္ဘောဖြင့် ကမ္ဘာလှည့်ခရီးသည် အများဆုံး လာရောက်သည့်နှစ်အဖြစ် စံချိန်တင်

Monday, 23 December 2013


ဒီဇင်ဘာလအတွင်းက သီလ၀ါဆိပ်ကမ်းသို့ ဆိုက်ကပ်လာသည့် အမေရိကန် အပျော်စီးသင်္ဘောကို တွေ့ရစဉ်

၂၀၁၃ ခုနှစ်သည် ၁၀ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံသို့ အပျော်စီးသင်္ဘောဖြင့် ကမ္ဘာလှည့်ခရီးသည် အများဆုံး လာရောက်သည့်နှစ်အဖြစ် စံချိန်တင်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ သတင်းရရှိသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီမှ ဒီဇင်ဘာ တတိယအပတ်အထိ အပျော်စီးသင်္ဘော စုစုပေါင်းခြောက်စင်း ၀င်ရောက်ခဲ့ပြီး၊ ဒီဇင်ဘာ နောက်ဆုံးအပတ်တွင် ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘောနှစ်စင်း ထပ်မံလာရောက်မည်ဖြစ်သည်။

ထို့ကြောင့် ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘော စုစုပေါင်း ရှစ်စင်းလာရောက်မည်ဖြစ်ပြီး အဆိုပါ သင်္ဘောများတွင် ကမ္ဘာလှည့်ခရီးသည် ၄၀၀၀ ကျော် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။

“ဒီနှစ် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလကုန်အထိ ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘော စုစုပေါင်းရှစ်စင်း မြန်မာနိုင်ငံကို လာရောက်မှာပါ။ ဒီသင်္ဘောရှစ်စင်းမှာ ကမ္ဘာလှည့်ခရီးသည် စုစုပေါင်း ၄၀၀၀ ကျော် ပါဝင်လာခဲ့တာဖြစ်လို့ ၁၀ နှစ်အတွင်း အပျော်စီးသင်္ဘောနဲ့ ကမ္ဘာလှည့်ခရီးသည် လာရောက်မှု အများဆုံးနှစ် ဖြစ်ပါတယ်” ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံသို့ ခရီးသည်တင် အပျော်စီးသင်္ဘောဖြင့် ကမ္ဘာလှည့်ခရီးသည်များ ၀င်ရောက်မှုမှာ ၂၀၀၃ ခုနှစ်တွင် အပျော်စီးသင်္ဘော ၁၄ စင်းဖြင့် ကမ္ဘာလှည့်ခရီးသည် ၂၆၀၀ ကျော်၊ ၂၀၀၄ ခုနှစ်တွင် အပျော်စီးသင်္ဘော ခြောက်စင်းဖြင့် ကမ္ဘာလှည့်ခရီးသည် ၁၈၀၀ ကျော်၊ ၂၀၀၅ ခုနှစ်တွင် အပျော်စီးသင်္ဘော ခြောက်စင်းဖြင့် ကမ္ဘာလှည့်ခရီးသည် ၁၅၀၀ ကျော်၊ ၂၀၀၆ ခုနှစ်တွင် အပျော်စီးသင်္ဘော ကိုးစင်းဖြင့် ကမ္ဘာလှည့်ခရီးသည် ၃၅၅၀ ကျာ်၊ ၂၀၀၇ ခုနှစ်တွင် အပျော်စီးသင်္ဘော ငါးစင်းဖြင့် ကမ္ဘာလှည့်ခရီးသည် ၁၇၀၀ ကျော်၊ ၂၀၀၈ ခုနှစ်တွင် အပျော်စီးသင်္ဘော ခုနစ်စင်းဖြင့် ကမ္ဘာလှည့်ခရီးသည် ၂၇၀၀ ကျော်၊ ၂၀၀၉ ခုနှစ်တွင် အပျော်စီးသင်္ဘော လေးစင်းဖြင့် ကမ္ဘာလှည့်ခရီးသည် ၁၇၀၀ ကျော်၊ ၂၀၁၀ ပြည့်နှစ်တွင် အပျော်စီးသင်္ဘော ခြောက်စင်းဖြင့် ကမ္ဘာလှည့်ခရီးသည် ၅၇၀ ကျော်၊ ၂၀၁၁ ခုနှစ်တွင် အပျော်စီးသင်္ဘော ကိုးစင်းဖြင့် ကမ္ဘာလှည့်ခရီးသည် ၃၅၀၀ ကျော်၊ ၂၀၀၂ ခုနှစ်တွင် အပျော်စီးသင်္ဘော ၁၀ စင်းဖြင့် ကမ္ဘာလှည့်ခရီးသည် ၃၁၀၀ ကျော်၊ ၂၀၁၃ ခုနှစ်တွင် အပျော်စီးသင်္ဘော ရှစ်စင်းဖြင့် ကမ္ဘာလှည့်ခရီးသည် ၄၀၀၀ ကျော် ၀င်ရောက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘောဖြင့် လာရောက်လည်ပတ်ကြသည့် ခရီးသည်များအနက် တစ်နေ့တာ လည်ပတ်ကြသူများသည် ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရား၊ ဗိုလ်ချုပ်ဈေး၊ သန်လျင်မြို့တွင်း ကျိုက်ခေါက်ဘုရားနှင့် မြို့တွင်းအနှံ့ သွားရောက်လည်ပတ်ကြသည်ဟု သိရသည်။

ထို့ပြင် ရက်ရှည်လာရောက် လည်ပတ်ကြသည့် ကမ္ဘာလှည့် ခရီးသည်များမှာ ပုဂံ၊ မန္တလေးနှင့် ပြင်ဦးလွင် စသည့်မြို့များသို့ အလည်သွားရောက်ကြကြောင်း သိရသည်။ မြန်မာနိုင်ငံသို့ ခရီးသည်တင် အပျော်စီးသင်္ဘောများဖြင့် လာရောက်သည့် ခရီးသည်များမှာ ဥရောပနှင့် အမေရိက၊ ပြင်သစ် စသည့်နိုင်ငံများမှ အများဆုံးဖြစ်ကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...