Monday, December 23, 2013

ကျေးလက်ဒေသများတွင် စိတ်ကျန်းမာရေးဆိုင်ရာ စီမံချက်များ စတင်လုပ်ဆောင်ရန် စီစဉ်

Monday, 23 December 2013
 

စိတ်ကျန်းမာရေးဆေးရုံကြီး (ရန်ကုန်)၀င်း အ၀င်ဝအား တွေ့ရစဉ်

ကျန်းမာရေး ၀န်ကြီးဌာနနှင့် ပြင်သစ်နိုင်ငံ အခြေစိုက် ကမ္ဘာ့ထိပ်တန်း ဆေးဝါးကုမ္ပဏီ တစ်ခုဖြစ်သည့် Sanofi တို့ပူးပေါင်း၍ ကျေးလက်ဒေသများတွင် စိတ်ကျန်းမာရေးနှင့် ပတ်သက်သည့် စီမံချက်များ စတင်လုပ်ဆောင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ယင်းစီမံချက်များ စတင်အကောင်အထည်ဖော် လုပ်ဆောင်နိုင်ရန် လက်ရှိတွင် ကျန်းမာရေးဝန်ကြီးဌာနသို့ ခွင့်ပြုမိန့် တောင်းခံထားကြောင်း၊ စီမံချက်များကို မြန်မာနိုင်ငံအောက်ပိုင်းတွင် လုပ်ဆောင်ရန် လျာထားကြောင်းနှင့် စီမံချက်ကာလမှာ ၂၀၁၄ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ သတ်မှတ်ထားကြောင်း ကနဦးရရှိထားသည့် အချက်အလက်များအရ သိရသည်။

“အခု စိတ်ကျန်းမာရေး စီမံချက်က ကျေးလက်ဒေသမှာ ရှိနေတဲ့ ဝေဒနာရှင်တွေကို အိမ်တိုင်ရာရောက် ကွင်းဆင်းရှာဖွေပြီး ဆေးကုသမှု ခံယူနိုင်အောင် လုပ်ဆောင်ပေးသွားမှာပါ။ ဝေဒနာရှင်တွေကို ကွင်းဆင်းရှာဖွေတဲ့အခါ ဒေသခံကျန်းမာရေး လုပ်အားပေးတွေကတစ်ဆင့် ရှာဖွေသွားမှာဖြစ်ပြီး စိတ်ကျန်းမာရေး ဆရာဝန်ကြီးတွေနဲ့ ဆေးကုသမှု တိုက်ရိုက်ခံယူနိုင်အောင် ကူညီပေးသွားမှာပါ။ ဆေးကုသမှု လုပ်ငန်းတွေအပြင် ဝေဒနာရှင်တွေနဲ့ အတူနေ မိသားစုဝင်တွေကိုလည်း ပညာပေးတဲ့ လုပ်ငန်းတွေကိုလည်း ဒီစီမံချက်မှာ ထည့်သွင်းလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု Sanofi ဆေးဝါးကုမ္ပဏီမှ မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေးမန်နေဂျာ ဒေါက်တာမေမြင့်ဦးက ပြောကြားသည်။

ယင်း စိတ်ကျန်းမာရေး စီမံချက်ကို ဆိုက်ကိုစစ်နှင့် Epilepsy တို့တွင် ကုသပေးနိုင်မှု ကွာဟချက်ကို လျှော့ချနိုင်ရန်၊ ကျန်းမာရေး စောင့်ရှောက်မှု ၀န်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများကို အရည်အချင်း မြှင့်တင်ပေးရန်၊ ဝေဒနာရှင်များကို ရှာဖွေခွဲခြားတတ်စေရန်၊ ဝေဒနာရှင်များနှင့် ၎င်းတို့၏ မိသားစုဝင်များကို ပညာပေးခြင်း နည်းလမ်းဖြင့် ပြုစုစောင့်ရှောက်ရန်နှင့် အထူးပြု ကျွမ်းကျင်ပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်ခွင့် ရရှိစေရန် စသည့်ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် Sanofi ဆေးဝါးကုမ္ပဏီမှ တည်ထောင်ထားသည့် Sanofi Espoir ဖောင်ဒေးရှင်းနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် Premiere Urgence Aidemedical International တို့သည် ကျန်းမာရေး ၀န်ကြီးဌာနနှင့် ပူးပေါင်းကာ မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ‘မြန်မာနိုင်ငံအတွင်း ပိုမိုလုံခြုံသော မိခင်ဘ၀ စောင့်ရှောက်မှု’ အစီအစဉ်ဖြင့် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်နှင့် ကရင်ပြည်နယ် က၀ါရိဒေသများတွင် ယခုနှစ် စက်တင်ဘာလမှစ၍ သုံးနှစ်ကြာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

Sanofi ဆေးဝါးကုမ္ပဏီ အနေဖြင့် နှလုံးရောဂါ ကုထုံးများ၊ ဆီးချိုရောဂါ ကုထုံးများ၊ ကာကွယ်ဆေးများ၊ ဆေးဝါးအသစ်အဆန်းများ၊ တစ်ကိုယ်ရည် ကျန်းမာရေးဆိုင်ရာ လူသုံးကုန်ဆေးဝါးများ၊ တိရစ္ဆာန်ရောဂါ ကာကွယ်ဆေးများ စသည်တို့ကို ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...