Tuesday, December 3, 2013

သမိုင်းကို အမှားပြင်ဆင်ခြင်း


December 3, 2013

ရေးသားသူ- ရဲမိုး

မိတ်ဆွေသုံးဦး၏ နံနက်စာထမင်းဝိုင်းကို နိုင်ငံရေးနှင့် ဆောင်းနေခြည်နုနုတို့က ပါးပါးလေးလွှမ်းခြုံထားသည်။ လက်ဖက်သားနှပ်၊ ငါးခြောက်ဖုတ်နှင့် ပဲပြုတ်ထမင်းကြော်တို့၏ အရသာကပင် ဆွေးနွေးမှုကိုရပ်တန့်ဖို့ ဆွဲဆောင်နိုင်စွမ်းမရှိလှ။ ထမင်းစားပွဲပေါ်မှာ လက်ရှိနိုင်ငံရေးအချေအတင်များဖြင့် ခုန်ကြွနေသည့် သတင်းစာများက ဟိုမှာဒီမှာ.. မိတ်ဆွေ အမှတ်တစ်က လက်ပစ်ဗုံးတစ်လုံးကို စားပွဲပေါ်ပစ်တင်လိုက်သည်။

“ဘယ်တော့မှ တပ်မတော်က ဒီမိုကရေစီကို ပြည့်ပြည့်၀၀ပေးမှာလဲ။ အဲဒီအချိန်ကို ခန့်မှန်းနိုင်သလား”

လက်ပစ်ဗုံးက စားပွဲပေါ်မှာမပေါက်သေး လိမ့်နေဆဲ။ ကျွန်တော်လည်း ပါးစပ်ထဲထည့်လိုက်သည့် ထမင်းလုတ်ကို မ၀ါးဖြစ်သေး၊ တွေနေဆဲ။ ငါးစက္ကန့်လောက်ငြိမ်သက်သွားအပြီးမှာ မိတ်ဆွေအမှတ်နှစ်က ဆတ်ခနဲဖြေသည်။

“တစ်စုံတစ်ခုကို ပေးတယ်ဆိုတာ ကိုယ့်မှာရှိမှပေးလို့ရတာ။ တပ်မတော်မှာ တို့ကိုပေးစရာ ဒီမိုကရေစီရှိလို့လား”

စားပွဲပေါ်က လက်ပစ်ဗုံးထပေါက်သွားသည်။ ပါးစပ်ထဲက ထမင်းလုတ်ကို ကျွန်တော်မ၀ါးဘဲ ယောင်ပြီးမျိုချလိုက်မိသည်။

ဘာကြောင့်တစ်စုံတစ်ရာသည် အကြီးအကျယ်မှားယွင်းသွားခဲ့ပါသနည်း။ လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ကျော်က တပ်မတော်ခေါင်းဆောင်အချို့၏ “ဟုတ်ယောင်ထင်မှု”တစ်ခုက လူ့အဖွဲ့အစည်းတစ်ခုကို ဘယ်လိုအသူရာချောက်ထဲကို ဆွဲခေါ်သွားခဲ့သလဲဆိုတာကို ဖလက်ရှ်ဘက်ပြန်ကြည့်ကြရမည်။

လွတ်လပ်ရေးနုနုနှင့် ပြည်တွင်းစစ်မီးများ၊ အရပ်သားနိုင်ငံရေးပါတီများ၏ အကွဲအပြဲနှင့် အိမ်နီးချင်းနိုင်ငံများ၏ နိုင်ငံရေးမငြိမ်သက်မှုများက ကမ္ဘာတစ်လွှား တတိယကမ္ဘာနိုင်ငံများမှာ စိတ်ရောဂါတစ်ခုကို မွေးဖွားပေးလိုက်သည်။

“အရပ်သားနိုင်ငံရေးသမားများသည် တိုင်းပြည်ကိုအုပ်ချုပ်နိုင်စွမ်းမရှိ၊ စည်းကမ်းစနစ်ပြည့်ဝသည့် စစ်သားများကသာ တိုင်းပြည်ကို တည်ငြိမ်အောင်အုပ်ချုပ်နိုင်သည်”ဆိုသည့် “နိုင်ငံရေး ဟုတ်ယောင်ထင်မှု”ဖြစ်ပါသည်။ ၁၉၆၀ ပြည့်နှစ်များသည် မြန်မာနိုင်ငံအပါအ၀င် တတိယကမ္ဘာ့နိုင်ငံများ၏ စစ်အာဏာသိမ်းသည့်ရက်စွဲများ။ နောင်အခါ ကမ္ဘာ့ပြည်သူအများအပြား ရာစုနှစ်ဝက်ခန့် အလူးအလဲခံစားကြရတော့မည့် အလွမ်းဇာတ်ရှည်ကြီးအစ..။

တကယ်တော့ ကိုလိုနီဘ၀က ရုန်းထွက်ခါစ မရင့်ကျက်သေးသည့် နိုင်ငံများမှာ ပြည်တွင်းစစ်နှင့် မငြိမ်သက်မှုများက သဘာဝအတိုင်းလိုက်ပါလာမည်သာ။ အရပ်သားနိုင်ငံရေးသမားများ၏ မရင့်ကျက်မှုနှင့် ဗိုလ်ချုပ်ကြီးများ၏ လွဲမှားသည့်မျှော်လင့်ချက်များကြားမှာ နိုင်ငံတော်တော်များများ ချောက်ထဲကို ထိုးကျခဲ့ကြသည်။ တိုင်းပြည်ကို ရေရှည်ထိန်းသိမ်းနိုင်ဖို့ အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် အင်စတီကျူးရှင်းများကို ခိုင်မာစွာတည်ထောင်ခွင့်မရမီမှာဘဲ စစ်အုပ်ချုပ်ရေးအောက်သို့ လူ့အဖွဲ့အစည်းမှာ ပြိုလဲကျသွားကြသည်။

“ဟုတ်ယောင်ထင်မှု”ကြီးက ဖြာထွက်လာသည့် ဟုတ်ယောင်ထင်မှု အတွေးအခေါ်များ၏ နောက်ဆက်တွဲပေါ်ပေါက်လာသည်။ “စစ်သားများက တိုင်းပြည်ကို အချစ်ဆုံးဖြစ်သည်။ အနစ်နာအခံဆုံးဖြစ်သည်။ တိုင်းပြည်အတွက် ဘယ်အရာက အမှန်ဖြစ်သည်ကို စစ်သားကသာသိသည်” ဆိုသည့် ခံယူမှုများက အခိုင်အမာ မွေးဖွားရင့်သန်လာသည်။ ရေဒီယို၊ သတင်းစာများမှာ စစ်သားများကို ပြည်သူများက ကျေးဇူးတင်ကြဖို့ ဆော်သြသံများက ဆယ်စုနှစ်များစွာ လွှမ်းမိုးထားသွားသည်။

ရေးနော့ဒ်အီဂရီတူနှင့် လယ်ရီယေဂင်တို့၏ “ဗမာပြည်က စစ်သားများနှင့် သံတမန်ရေးရာ” (Soldiers and Diplomacy in Burma) စာအုပ်မှာ တပ်မတော်က အုပ်စီးချုပ်ကိုင်သွားခဲ့သည့် မြန်မာ့လူ့အဖွဲ့အစည်းကို ခွဲခြမ်းစိတ်ဖြာသွားခဲ့သည်။ ရေးနော့ဒ်နှင့် လယ်ရီတို့က အရှေ့အလယ်ပိုင်းရေးရာကျွမ်းကျင်သူ ပညာရှင်အမို့စ်ပါလက်တာကို ကိုးကားပြီး အာဏာသိမ်းသည့် စစ်တပ်များက လူ့အဖွဲ့အစည်းကဏ္ဍအားလုံးကို ဘယ်လိုထိန်းချုပ်ဝါးမျိုသွားသည်ကို ဖွင့်ဆိုသည်။ အမို့စ်ပါလက်တာက စစ်အစိုးရများကို နှစ်မျိုးခွဲခြားသည်။ တစ်မျိုးက ဖျန်ဖြေသူ(Arbitrator)နှင့် နောက်တစ်မျိုးက အလုံးစုံအုပ်စိုးသူ (Ruler) ဖြစ်သည်။ ဖျန်ဖြေသူစစ်အစိုးရ (Arbitrator)က အခြေအနေတစ်ခုမှာ ၀င်ထိန်းသိမ်းသည်။ တိုင်းပြည်တည်ငြိမ်လျှင် ပြန်ဆုတ်သည်။ အရပ်သားအစိုးရကို နောက်ကွယ်က ဖိအားပေးသည်။

အလုံးစုံအုပ်ချုပ်သူ စစ်အစိုးရ (Ruler)ကတော့ စစ်တန်းလျားကိုပြန်ဖို့ စိတ်မကူးတော့ပါ။ စစ်အုပ်ချုပ်ရေးကို အမည်နာမအမျိုးမျိုးပြောင်းပြီး ထာဝရအဓွန့်ရှည်ဖို့ နည်းလမ်းအမျိုးမျိုးသုံးပြီး ဆွဲဆန့်တော့သည်။ စစ်တပ်အရာရှိ ကြီးငယ်ဟူသမျှကို အရပ်ဘက်ဝန်ကြီးဌာနများသို့ စေလွှတ်ပြီး အုပ်ချုပ်စေသည်။ “စစ်သားသည် အရပ်သားထက် ပိုစမတ်ကျသည်။ အရပ်သားအထက်ကရှိသည်”ဆိုသည့် ခွဲခြားမှုကို သွတ်သွင်းသည်။ သည်လိုနှင့် ယူနီဖောင်းဝတ်များက လူ့အဖွဲ့အစည်းမှာ အားလုံးထက် ခေါင်း ၁၀ လုံး ပိုမြင့်သည့် အီလစ်အလွှာကြီး ပေါ်ပေါက်လာတော့သည်။

“တိုင်းပြည်ကို ငါတို့ထိန်းသိမ်းမှရမည်”ဆိုသည့် ခံယူချက်ကိုလည်း အရသာရှိရှိကြီးခံယူခဲ့ကြသည်။

ကံဆိုးသည်က ကျွန်တော်တို့လူ့အဖွဲ့အစည်းရရှိခဲ့သည့် စစ်အစိုးရအမျိုးအစားက ဒုတိယအမျိုးအစားဖြစ်သည့် အလုံးစုံအုပ်ချုပ်သူများ။ တော်လှန်ရေးကောင်စီ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ န၀တ၊ နအဖ ဘယ်လိုအမည်တွေပြောင်းပြောင်း လူ့အဖွဲ့အစည်း၏ထိပ်ဆုံးမှာ အာဏာကို ချုပ်ကိုင်ထားကြသူများက ဗိုလ်ချုပ်ကြီးများနှင့် ဗိုလ်ချုပ်ကြီးဟောင်းများသာ။

နှစ်ပေါင်း ၅၁ နှစ်အတွင်းမှာ ဗိုလ်ချုပ်ကြီးဟောင်းမဟုတ်သည့် အရပ်သားတစ်ဦး၏ အုပ်ချုပ်မှုဆို၍ ၁၉ သြဂုတ် ၁၉၈၈ မှ ၁၈ စက်တင်ဘာ ၁၉၈၈ အထိ ရက်ပေါင်း ၃၁ ရက်ကြာသည့် ဒေါက်တာမောင်မောင်၏ အုပ်ချုပ်မှုသာဖြစ်သည်။ တကယ်တော့ သူလည်း အုပ်ချုပ်ခွင့်ရသည်မဟုတ်ပါ။ စနက်တံမဖြုတ်နိုင်သည့် ပေါက်ခါနီးချိန်ကိုက်ဗုံးကို သူ့လက်ထဲပစ်ထည့်သွားခြင်းသာ ဖြစ်သည်။

နာမည်အမျိုးမျိုးပြောင်းပြီး စစ်သားအုပ်ချုပ်ရေးကို ဆွဲဆန့်လာသည့်ရလဒ်က တစ်ခေတ်ပြောင်းတိုင်း တိုး၍နာကျင်လာသည့် ပြည်သူ့ရင်တွင်းက ခံစားမှုဖြစ်သည်။ စစ်အုပ်ချုပ်ရေးကို ဆွဲဆန့်လာလေ ပြည်သူ့သံယောဇဉ်ကြိုးက တပ်မတော်အပေါ် ပြတ်တောက်လာလေပင်။ သည်လိုနှင့် တော်လှန်ရေးတွင်းက ပြည်သူတို့ လေးစားမြတ်နိုးသည့်တပ်မတော်ကို ပြည်သူတို့ကိုယ်တိုင် လက်မခံနိုင်ဖြစ်လာခဲ့သည်။

လူ့အဖွဲ့အစည်း၏ ဘယ်နေရာကိုသွားသွား အရပ်သားအရာရှိများ၊ ပညာရှင်များအပေါ်မှာ တက်ထိုင်ပြီး အုပ်ချုပ်နေကြသည့် ယူနီဖောင်းဝတ်၊ ချွတ်များက လက်ညှိုးထိုးမလွဲတော့။ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်၏အစိုးရ တက်လာသည့်အခါမှာတော့ မျှော်လင့်ချက်များ ပြန်ရှင်သန်လာသည်။ ငြိမ်းချမ်းရေးကို တစ်ကျော့ပြန်မျှော်လင့်လာကြသည်။

တကယ်တော့ မြန်မာနိုင်ငံအတွက် ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆိုသည်မှာ အားလုံးကိုယ့်နေရာကိုယ်ပြန်ရေးဟုမြင်သည်။ ကိုယ့်နေရာကိုယ်ပြန်နိုင်ဖို့အတွက် ခင်းကျင်းပေးမည့် အခြေခံဥပဒေဖြစ်ဖို့လိုသည်။ တစ်ဦးနှင့်တစ်ဦး ပြန်လည်မေတ္တာမျှနိုင်ဖို့ လိုအပ်သလို တပ်မတော်ကို ပြည်သူတွေ တစ်ကျော့ပြန်ချစ်နိုင်ဖို့လိုသည်။

၅၁ နှစ်ကြာအပြီးမှာ “တပ်မတော်သားကသာ တိုင်းပြည်ကို ကယ်တင်နိုင်တယ်”ဆိုသည့် အယူအဆသည် “ဟုတ်ယောင်ထင်မှု” သာဖြစ်ကြောင်း ကျွန်တော်တို့ အားလုံးသဘောပေါက်သင့်ပါပြီ။

နံနက်စာထမင်းဝိုင်းကမထမီမှာ မိတ်ဆွေနှစ်ဦးကို ကျွန်တော် ပြန်ပြောခဲ့သည်။ “ဟုတ်တယ်။ တပ်မတော်ဆီက ဒီမိုကရေစီကို တောင်းရမှာမဟုတ်ပါဘူး။ သူတို့မှာမရှိတဲ့အတွက် ကျွန်တော်တို့က သူတို့ကို ဒီမိုကရေစီပေးရမှာပါ”။ ။

7Day News

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...