Tuesday, December 3, 2013

ဒေါ်လာ ၁၄ သန်း တန်ဖိုးရှိ LG G2 စမတ်ဖုန်းများ ခိုးယူခြင်းခံခဲ့ရ





ဤ ခိုးယူမှု ဖြစ်ပွားခဲ့တာကတော့ အမေရိကန် ပြည်ထောင်စု ကန်တာကီ ပြည်နယ်မှာပါ။ ဖြစ်ပုံကတော့ LG G2 စမတ်ဖုန်း အလုံးရေ ၂၂၅၀၀ ကို သယ်ဆောင်လာတဲ့ ထရပ်ကားရဲ့ ယာဉ်မောင်းဟာ အဝေးပြေးလမ်း ခေတ္တနားနေရာ နေရာမှာ သူ့ရဲ့ ထရပ်ကားကြီးကို ရပ်ပြီး အပေါ့သွား ခဲ့ပါတယ်။

အဲ ကိစ္စပြီးလို့ ကားဆီပြန်လာခဲ့ရာမှာတော့ ထရပ်ကားတစ်စီးဟာ မျက်လှည့်ပြလိုက်သလို ပျောက်ခြင်းမလှ ပျောက်သွားခဲ့ရ ပါတယ်။ ကားပေါ်မှာ ပါလာတဲ့ G2 စမတ်ဖုန်းများဟာ ကန်တာကီ ပြည်နယ်တွင်းရှိ Sprint ဆက်သွယ်ရေး ကုမ္ပဏီရဲ့ အရောင်း ဆိုင်တွေမှာ ရောင်းချမယ့် ဖုန်းတွေဖြစ် ပါတယ်။

G2 တစ်လုံးရဲ့ တန်ဖိုးဟာ ဒေါ်လာ ၆၃၀ ရှိတာမို့ သူခိုးများ အနေနဲ့ ဒေါ်လာ ၁၄ သန်းခန့် တန်ဖိုးရှိတဲ့ စမတ်ဖုန်းတွေကို ရယူသွားနိုင် ခဲ့ပါတယ်။
ဤခိုးမှုကို ပြည်နယ်ရဲတပ်ဖွဲ့များနဲ့ FBI တို့က စုံစမ်းစစ်ဆေးနေကြောင်း သိရှိရပါတယ်။

ဖုန်းတွေကို အခုလို အစုလိုက် အပြုံလိုက် ခိုးယူမှုဟာ အမေရိကန်မှာ အဆန်းမဟုတ်ပါဘူး။ ဒါပေမယ့် သူခိုးတွေက iPhone တွေ ကိုသာ အဓိက ပြစ်မှတ်ထားလေ့ရှိပြီး ယခင်က တစ်ကြိမ်တည်း အများဆုံး ခိုးယူခံရသည့် ပမာဏမှာ ဒေါ်လာ ၁ သိန်း ဝန်းကျင်တာ ရှိခဲ့တာမို့ ယခု ခိုးယူမှုဟာ စံချိန်ပမာဏ ဖြစ်လာခဲ့ပြီး FBI က တာဝန်ယူ စစ်ဆေးရတဲ့ အခြေအနေ ဖြစ်လာခဲ့ရပါတယ်။

ဒါဆိုရင် အခုလိုမျိုး စမတ်ဖုန်း အစုလိုက် အပြုံလိုက် ခိုးယူမှုတွေဟာ ခေတ်သစ် ဘဏ်ဓားပြတိုက်မှု ဖြစ်လာလေမလား ထင်ကောင်း ထင်နေပါလိမ့်မယ်။ သေချာတာ တစ်ခုကတော့ ကန်တာကီပြည်နယ်ရဲ့ စမတ်ဖုန်း ဈေးကွက် မှာတော့ ပေါချောင်​ ​ကောင်း G2 တွေ အလုံးအရင်းနဲ့ ဝင်ရောက်လာဖို့ ရှိနေပါတယ်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...