လွတ်လပ်စွာဆန္ဒဖော်ထုတ်ခွင့်ကို ပြည်သူတွေ သိပ်ကြိုက်သည်။ နှစ်ပေါင်းများစွာ ပိတ်နေကြရ
သည့်ပါးစပ်များ အခု ပြန်ပွင့်လာပြီ။ဆိုင်းဘုတ်တွေကိုင်ကြသည်။ ကြွေးကြော်သံတွေ သီကုံးအော်ဟစ်ကြသည်။ ဟိုဟာလုပ်ပေး၊ ဒီဟာလုပ်ပေးနှင့် အတောင်းအရမ်းထူလာကြသည်။
ပြည်သူတွေ ကျန်းမာရေးအသိအမြင်ကျယ်လာကြသည်။ ဒီဇင်ဘာလမ်းလျှောက်ပွဲတင်
မဟုတ်တော့။ ဆယ့်နှစ်လရာသီ လမ်းလျှောက်ပွဲများ ကျင်းပလာကြသည်။
ထို့ကြောင့် ဆိုင်းဘုတ်ရေးစားသူများ အလုပ်ဖြစ်လာသည်။ ဖိနပ်ဆိုင်များ အရောင်းအ၀ယ်ကောင်းလာသည်။ ကတ်ထူပြားနှင့် ဆော့ပဲန်ရောင်းသူများ
တွက်ခြေကိုက်သည်။ ရဲကိုကိုတို့ အလုပ်ရှုပ်လာသည်။ သူတို့တာဝန်က ဘာဆန္ဒပြပြ တားဖို့ဖြစ်သည်။ သို့နှင့် ထုပ်စည်းထိုး ကစားနည်းများ ပြန်လည်အသက်ဝင်လာ၏။
သတင်းထောက်များလည်း ပျော်နေကြသည်။ ကင်မရာလေးတဖျပ်ဖျပ်နှင့် ဆန္ဒပြသူတို့နောက်
ပျော်ပျော်ကြီးလိုက်နေကြသည်။
ဆန္ဒပြခေါင်းဆောင်များနာမည်ကျော်ကြားလာကြသည်။ သူတို့က ဘာကိုမဆို မကျေနပ်ကြသူများဖြစ်သည်။ မကျေနပ်ကြောင်းကိုလည်း
လမ်းပေါ်ထွက်ပြောကြသည်။ ပုဒ်မ (၁၈)ကို သူတို့မကြိုက်။ ဘော်ဒါများစုပြီး လမ်းထွက်လျှောက်လျှင် အဖမ်းခံရမည့် ပုဒ်မဖြစ်သည်။
ခဏခဏလည်း ရုံးရောက် ဂတ်ရောက်ဖြစ်ကြသည်။ အချုပ်ကားပေါ်မတက်မီ လက်ထိပ်တန်းလန်းနှင့် လက်ညိုးနှစ်ချောင်းထောင်လျှက်
ပြုံးပြုံးကြီး ဓာတ်ပုံအရိုက်ခံကြသည်။
ဒီကြားထဲ သတင်းထောက်တွေကို ကျပ်သည့်သူများလည်း ဒုနှင့်ဒေး။ ဘယ်နေရာမှာ ဆန္ဒပြနေပြီ။ အကြီးအကျယ်ဖြစ်သည် စသဖြင့် ဂျာနယ်တိုက်သို့ ဖုန်းဆက်သတင်းပေး၏။
ယုံစားမိမှားသည့် သတင်းထောက်တချို့ တက္ကစီခကုန်သည်သာအဖတ်တင်ကြသည်။ ဆန္ဒပြသူများက လူစုလူဝေးနှင့်လည်းပြသည်။ နှစ်ယောက်တစ်ပိုင်းနှင့်လည်းပြသည်။
ရဲကိုကိုတို့ကလည်း များသောအားဖြင့် ခွင့်မပြု။ ထို့ကြောင့် ပြဿနာအကြီးကြီးတွေ ခဏခဏတက်သည်။ ဆန္ဒပြပွဲတစ်ခုတွင် ဆန္ဒပြသူ ဆယ်ဦးဆိုပါက ရဲနှင့်သတင်းထောက်က
အယောက်ငါးဆယ်ခန့်ဖြစ်သည်။ ဘေးမှရပ်ကြည့်သူများက အယောက်တစ်ရာခန့်ဖြစ်သည်။ စည်ကားပေစွတကား။
ဆန္ဒပြသူများကို ရဲမှူးဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များက တားဆီး၍ ဆက်မသွားဖို့ပြောကြသည်။ ငြင်းခုံကြသည်။
ဆန္ဒပြဦးဆောင်သူအမျိုးသမီးတစ်ဦး ရှေ့ထွက်လာပြီး- ““ကျွန်မတို့က ငြိမ်းချမ်းစွာပြောဆိုနေတာပါ”” ဟု အော်ကာ ရဲမှူးကို လည်ပင်းပြေးညှစ်လေ၏။
ရဲမှူးအော်။ ။ ““ဟေ့... ဟေ့... မင်းတို့ အကြမ်းမဖက်နဲ့နော်.. မင်းတို့ အကြမ်းမဖက်နဲ့နော်... ဂစ် ဂစ်””။ ထိုသို့လည်း ငြိမ်းချမ်းစွာရှိကြကုန်၏။
လမ်းလျှောက်သူများနောက်သို့ သတင်းထောက်များ အမောတကောလိုက်ရသည်။ ဘေးမှယှဉ်လျှောက်ရင်း လမ်းလျှောက်အင်တာဗျုးနည်းသစ်တစ်ရပ်
ပေါ်ထွန်းလာသည်။
သတင်းထောက်။ ။ "မျက်နှာဖုံးစွတ် တပ်ထားတာဘာဖြစ်လို့ပါလဲရှင့်.."
ဆန္ဒဖေါ်ထုတ်သူ။ ။ "ရုပ်ဖျက်ထားတာပါ ။ ကျွန့်တော့်ကို ရဲတွေမမှတ်မိအောင်ရုပ်ဖျက်ထားရတာ ဖြစ်ပါတယ်။"
သတင်းထောက်။ ။"ဒါနဲ့ အစ်ကို့နာမည်လေးသိပါရစေရှင့်"
ဆန္ဒဖေါ်ထုတ်သူ။ ။ "ကျွန်တော်ကတော့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုငြိမ်းချမ်းပါ ။ ကိုငြိမ်းချမ်းပါခင်ဗျား..."
ဆန္ဒဖော်ထုတ်မှုတွေ ဆက်တိုက်ဖြစ်လာသည်။ နယ်ပယ်ပေါင်းစုံ၊ ထောင့်ပေါင်းစုံမှ လူပေါင်းစုံက ခဏခဏထထ ဆန္ဒပြလာကြသည်။
တိုင်းရင်းသားအရေး၊ ဘာသာခြားအရေး၊ ငြိမ်းချမ်းရေး၊ တိုက်ပွဲများရပ်တန့်ရေး၊ လယ်ယာမြေအရေး၊ ကျုးကျော်တဲအရေး၊ ဟိုအရေး ဒီအရေးတွေနှင့်
တကယ့်အရေးအခင်းကြီးပင်ဖြစ်လေသည်။ သမ္မတကို ကန့်ကွက်ကြောင်း ဆန္ဒပြကြသည်။ သမ္မတကိုထောက်ခံကြောင်းလည်း ဆန္ဒပြကြသည်။
စည်ကားပေစွတကား....။
ဆန္ဒပြမှုတွေ ထပ်လာသည့်အခါ ဆန္ဒပြခဲ့ခြင်းတစ်လပြည့်၊ တစ်နှစ်ပြည့်စသဖြင့် စမြုံ့ပြန်ဆန္ဒထပ်ပြကြကုန်၏။
တရုတ်ကြီးကို မကျေနပ်ဟုဆိုကာ သံရုံးရှေ့သွား၍ တရုတ်အလံကြီးကို မီးရှို့ကြ၏။ တရုတ်အလံမီးရှို့တာကိစ္စမရှိ။ တရုတ်မလေးတွေကို မီးမရှို့ဖို့က
အရေးကြီးသည်ဟု တချို့က ဖြေသိမ့်ကြကုန်၏။
““ခေတ်မှီအောင်သာ ကမ္ဘာမြေတ၀ှမ်းမှာ... ဒို့အစွမ်းကို ပြမည်”” ဟူ၍ အော်ဟစ်ကြသည်။
နောက်ဆုံး ပြစရာကုန်သော်... ကြွေးကြော်စရာကုန်လေသော်....
ဒို့တာဝန်အရေးသုံးပါးကို ထောက်ခံကြောင်းဆန္ဒပြကုန်သည်။
““ပြည်ထောင်စု မပြိုကွဲရေး... ဒို့အရေး... ဒို့အရေး....
တိုင်းရင်းသားစည်းလုံးညီညွှတ်မှုမပြိုကွဲရေး.... ဒို့အရေး... ဒို့အရေး....
အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး... ဒို့အရေး... ဒို့အရေး..... ””
““မီးတုတ်... မီးတုတ်... ရှို့ ... ရှို့...””
““ပါတီ... ပါတီ... ယီးပါတီ....”” (မဆလခေတ်ကြွေးကြော်သံတွေလည်း ပါလာသည်)
ဆန္ဒပြမယ့်သူတစ်ဖွဲ့ကျန်သေးသည်။ သမ္မတဘပြောင်ဦးဆောင်သည့် အစိုးရအဖွဲ့ဖြစ်သည်။
““ဆန္ဒပြမှုများ ချက်ချင်းရပ်””“ဟူသည့် ကြွေးကြော်သံနှင့် ဖြစ်နိုင်သည်။ စည်ကားပေစွ မြန်မာပြည်။
(လွန်တာရှိ ၀န္ဒာမိပါ အရပ်ကတို့)
- လော်ဘီအုတ်ခဲ -
( The Voice Weekly သတင်းစာ၊ တနင်္ဂနွေနေ့ထုတ်)
0 comments:
Post a Comment