Tuesday, December 31, 2013

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကျူးကျော်နေထိုင်သူများကို စိစစ်လေ့လာကာ ဥပဒေအရ အရေးယူမည်

Tuesday, 31 December 2013



လှိုင်သာယာ ၁၅ ရပ်ကွက်တွင် ကျူးကျော်နေထိုင်ရန် ပြင်ဆင်နေမှုများအား တွေ့ရစဉ် ( ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)

ရန်ကုန်တိုင်းအတွင်း ကျူးကျော် နေထိုင်သူများကို စိစစ်လေ့လာမှုများနှင့် ဥပဒေအရ အရေးယူမှုများကို အစိုးရအဖွဲ့က လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ကျူးကျော်နေထိုင်မှုမှာ ယခုနောက်ပိုင်း ကာလများတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း အများအပြား ရှိလာနေပြီး ငွေကြေးတတ်နိုင်မှု မရှိသဖြင့် ကျူးကျော်သူများနှင့် စီးပွားရေးဆန်ဆန် တွက်ခြေကိုက် လုပ်ဆောင်သူများလည်း ရှိလာခဲ့ခြင်းကြောင့် ယင်းကဲ့သို့ ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် လက်ရှိ ကျူးကျော် နေထိုင်သူများကို စိစစ်လေ့လာမှု ပြုလုပ်ရမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမှုများကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ဆိုသည်။

“အခုနောက်ပိုင်း ကျူးကျော်တွေက အရမ်းများလာတယ်။ ပြီးတော့ ဘယ်နေရာမှာမဆို ဆောက်လို့ရတယ်ဆိုတဲ့ အခြေအနေတွေ ဖြစ်လာတာဟာ တိုင်းဒေသကြီးရဲ့ ပုံရိပ်တွေကို ကျဆင်းလာစေတယ်။ အဲဒါကြောင့်လည်း ကျွန်တော်တို့ စိစစ်လေ့လာမှုတွေ ပြုလုပ်နေတယ်။ ပြီးရင်တော့ ဥပဒေအရ အရေးယူမှုတွေ ပြုလုပ်သွားမှာပါ” ဟု ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားသည်။

လက်ရှိတွင် လှိုင်သာယာ ၁၅ ရပ်ကွက်ရှိ ရွှေလင်းဗန်းချောင်း ကမ်းဘေး၌ အိုးအိမ်ပိုင် မြေကွက်လပ်ပေါ်တွင် ကျူးကျော်တဲများ ဆက်လက် ဆောက်လုပ်နေမှုအပေါ် ဥပဒေအရ အရေးယူသွားမည်ဟု နေထိုင်သူများအား အသိပေးမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း ဗိုလ်မှူးကြီးတင်ဝင်းက ဆက်လက်ပြောကြားသည်။

အချို့မှာ မြင့်တက်နေသော အိမ်ငှားစရိတ်များနှင့် မြေဈေးနှုန်းများကြောင့် ကျူးကျော်မှုများကို ပြုလုပ်ခဲ့သော်လည်း စီးပွားရေးအရ ကျူးကျော်နေထိုင် မှုများတွင်မှု စီမံကိန်းရှိသော မြေနေရာများနှင့် မြေဈေးရှိသော မြေနေရာများကို အဓိက ကျူးကျော်မှုများ ပြုလုပ်လာပြီး အချို့မှာ ပြန်လည်ငှားရမ်း၊ ရောင်းချမှုများပင် ရှိလာကြောင်း သိရသည်။

ယင်းအပြင် ကျူးကျော်နေထိုင်ရန် ပြင်ဆင်သူ အချို့၏ ပြောကြားချက်များအရ ခရိုနီများ ရယူထားသော မြေပေါ်တွင် ကျူးကျော်နေထိုင်မှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားမှုများပင် ရှိလာခဲ့သည်။

ကျူးကျော်နေထိုင် မှုများကြောင့် မြေပိုင်ဆိုင်သူများ၊ အစိုးရအဖွဲ့ဝင်များအပြင် ဒေသခံရွာသားများနှင့် ကျူးကျော်နေထိုင် နေသူများ၊ နေထိုင်ရန် ပြင်ဆင်သူများ တို့အကြား ရုန်းရင်ဆန်ခတ် ဖြစ်ပွားမှုများ ယခုနောက်ပိုင်းတွင် ဖြစ်ပေါ်လာခဲ့သည်။ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကျူးကျော်နေထိုင်မှု အများဆုံးမြို့နယ်များမှာ လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ သာကေတနှင့် မင်္ဂလာတောင်ညွှန့် မြို့နယ်တို့တွင် အများဆုံးရှိနေပြီး ကျူးကျော်အိမ်ခြေ တစ်သိန်းခန့်ထိ ရှိနေကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...