Tuesday, December 31, 2013

လပွတ္တာမြို့နယ် ကန်ဘဲ့မြို့မ ကျေးရွာတွင် ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းမှု ဖြစ်ပွားပြီး လူ ၂၀ ကျော် ဒဏ်ရာရရှိ

  Tuesday, 31 December 2013


လပွတ္တာမြို့နယ် ကန်ဘဲ့မြို့မကျေးရွာတွင် မီးလောင်မှု ဖြစ်ပွားပြီးနောက် ဒီဇင်ဘာ ၃၀ ရက် နံနက်က တွေ့ရစဉ်

လပွတ္တာမြို့နယ် ကန်ဘဲ့ရွာမ ကျေးရွာတွင် ဒီဇင်ဘာ ၃၀ ရက် နံနက် ၂ နာရီခန့်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူနေအိမ်နှင့် ဈေးဆိုင်ခန်းများ ၃၅၀ ကျော် မီးလောင်ကျွမ်းကာ လူဦးရေ ၁၅၀၀ ကျော် မီးဘေးဒဏ် သင့်ခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်ပွားပုံမှာ အဆိုပါနေ့ နံနက် ၂ နာရီခန့်တွင် ကန်ဘဲ့ရွာမကျေးရွာ အမှတ် (၄) ရပ်ကွက်ရှိ ဦးဝတုတ် ဆိုသူ၏ မုန့်ဟင်းခါး ပြုလုပ်ရောင်းချရာ နေအိမ်မှ စတင်မီးလောင် ကျွမ်းခဲ့ပြီး အနီးရှိနေအိမ် ဈေးဆိုင်တန်းများသို့ ကူးစက်ကာ ကျေးရွာရွာမကြီး တစ်ခုလုံး မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း၊ ကျေးရွာလူထုက မီးဝိုင်းဝန်း ငြှိမ်းသတ်မှုကြောင့် နံနက် ၆ နာရီခွဲကျော်တွင် မီးလောင်မှုကို ထိန်းသိမ်းနိုင်ခဲ့ပြီး နံနက် ၉ နာရီခန့်တွင် မီးငြိမ်းသွားကြောင်း၊ အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ကျေးရွာ၏ ရာခိုင်နှုန်း ၈၀ မှာ ပျက်စီးခဲ့ပြီး လူဦးရေ ၁၅၀၀ ကျော်မှာ မီးဘေးဒဏ် သင့်ခဲ့ရကြောင်း၊ မီးလောင်မှုကြောင့် လူသေဆုံးမှု မရှိခဲ့သော်လည်း လူ ၂၀ ဦးမှ ၃၀ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံများနှင့် မီးဘေးသင့် သူများကို သွားရောက် ကူညီသူများထံမှ သိရသည်။

“ရွာမကြီးတစ်ခုလုံး မီးလောင်သွားတာ၊ မီးလောင်တာကို ၀င်ငြှိမ်းရင်း ကျွန်တော့် သူငယ်ချင်း တစ်ယောက် ဒဏ်ရာရတယ်။ ခြောက်ချက်တောင် ချုပ်ရတယ်။ ကျွန်တော်က မနက်ပိုင်းမှ ရွာမှာမီးလောင်တယ် ဆိုတဲ့သတင်းကို ရလို့လိုက်သွားတာပါ။ အခုတော့ ကယ်ဆယ်ရေး လုပ်မယ့်အဖွဲ့တွေ ရောက်နေပါပြီ။ တစ်ရွာလုံးနီးပါးကို မီးလောင်သွားတာပါ။ လူသေဆုံးတယ်လို့တော့ မကြားပါဘူး” ဟု ဒီဇင်ဘာ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ကန်ဘဲ့ကျေးရွာသို့ ရောက်ရှိခဲ့သူ ကုမ္ပဏီဝန်ထမ်း တစ်ဦးက ပြောကြားသည်။



မီးလောင်မှု ဖြစ်ပွားသည့် လပွတ္တာမြို့နယ် ကံဘဲ့မြို့မ ကျေးရွာအား တွေ့ရစဉ် ( ဓာတ်ပုံ-မင်းသူဝင်းထွဋ်)

“ကန်ဘဲ့မှာ မီးလောင်တယ်လို့ ကြားလို့ ဒီကနေ ကယ်ဆယ်ရေးတွေ လုပ်ရအောင် လူမှုရေးအဖွဲ့တွေနဲ့ NLD လူမှုထောက်ကူပြု အဖွဲ့က ဆရာဝန်တွေပါသွားပြီး ကူညီပါတယ်။ ကျေးရွာမှာ စာသင်ကျောင်းရယ်၊ ရဲစခန်းရယ်၊ ဘုန်းကြီးကျောင်းရယ် မီးမလောင်ပဲ ကျန်တယ်။ စာသင်ကျောင်းက ၀န်ထမ်းအိမ်ရာတော့ ပါသွားတယ်။ အခု ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းမှာ မီးဘေးသင့်သူတွေကို ကယ်ဆယ်ထားတယ်။ လူအသေအပျောက် မရှိဘူး။ လူ ၂၀ နဲ့ ၃၀ ကြားတော့ ဒဏ်ရာရတယ်။ မီးဘေးသင့်သူတွေကို ကယ်ဆယ်ကူညီဖို့ NLD၊ နာရေးကူညီမှုအသင်း၊ နှလုံးသားအသင်း၊ ရွှေမိုးစက် အဖွဲ့တို့က ထမင်းထုပ်တွေ၊ ခေါက်ဆွဲခြောက်ထုပ်တွေ၊ အ၀တ်အစားတွေနဲ့ သွားရောက်ကူညီ နေပါတယ်” ဟု လပွတ္တာမြို့ NLD ပါတီမှ ကိုကောင်းကောင်းက သွားရောက်ကူညီ သူများထံ ဆက်သွယ်မေးမြန်းပြီး ပြောကြားခဲ့သည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...