Monday, December 9, 2013

မြ၀တီ နယ်စပ်မှ ခုနစ်လအတွင်း တရားဝင် ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၁၆၁ သန်းကျော်ရှိပြီး ဒေါ်လာ ၁၀၂ သန်းကျော်အား ကုန်စည်တင်သွင်းမှုအတွက် ပိုမိုသုံးစွဲခဲ့

Monday, 09 December 2013



မြ၀တီ နယ်စပ်မှတစ်ဆင့် တင်သွင်းလာသည့် စားသောက်ကုန်များအား တွေ့ရစဉ် (ဓာတ်ပုံ-ရွှေသိန်း(မြ၀တီ))

မြ၀တီနယ်စပ် ကုန်သွယ်ရေး စခန်းမှ ယခုဘဏ္ဍာနှစ် ခုနစ်လအတွင်း တရားဝင် ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၁၆၁ သန်းကျော်ရှိပြီး ပို့ကုန်မှ ရငွေ၏ လေးဆခွဲကျော် တန်ဖိုးရှိသည့် ဒေါ်လာ ၁၀၂ သန်းကျော်အား ကုန်စည်တင်သွင်းမှုအတွက် ပိုမိုသုံးစွဲခဲ့ကြောင်း သိရသည်။

ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၏ ကုန်သွယ်မှုစာရင်း ဖော်ပြချက်များအရ ၂၀၁၃ ခုနှစ်၊ ဧပြီ ၁ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ ပို့ကုန်အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၃၉၈ သန်းနှင့် သွင်းကုန် အမေရိကန်ဒေါ်လာ ၁၃၂ ဒသမ ၂၉၃ သန်းဖိုး ကုန်သွယ်မှု ပြုလုပ်ထားခြင်းကြောင့် သွင်းကုန်အတွက် ဒေါ်လာပိုမို သုံးစွဲခဲ့ကြောင်း သိရသည်။

မြ၀တီနယ်စပ် ကုန်သွယ်ရေး စခန်းမှာ မြန်မာ-ထိုင်း နယ်စပ်တွင် ဖွင့်လှစ်ထားသည့် နယ်စပ်စခန်းများအနက် ကုန်သွယ်မှု အများဆုံး ပြုလုပ်နေသည့် ကုန်သွယ်ရေးစခန်း တစ်ခုဖြစ်ပြီး နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏ ကွာဟချက်များသည့် ကုန်သွယ်ရေး စခန်းတစ်ခုလည်း ဖြစ်သည်။

"ကုန်သွယ်မှု ကွာဟတယ် ဆိုတာက တရားမ၀င် ကုန်သွယ်မှုတွေ ရှိနေလို့ ဖြစ်နေတာ။ အခုဆိုရင် နှစ်နိုင်ငံ ကုန်သွယ်ရေး တာဝန်ရှိသူတွေ အနေနဲ့ နှစ်ဖက်ကုန်သွယ်မှု စာရင်းတွေကို တရားဝင် ထုတ်ပြန်ပေးပြီး တရားမ၀င် ကုန်သွယ်တာတွေကို တရားဝင် လမ်းကြောင်းပေါ် ရောက်လာအောင် လုပ်နေတာတွေ ရှိသလို မြန်မာနိုင်ငံဘက်မှာ ဖွဲ့စည်းထားတဲ့ Mobile Team အဖွဲ့ အနေနဲ့လည်း တရားမ၀င် ကုန်သွယ်မှုတွေကို စစ်ဆေး အရေးယူတာတွေ ပြုလုပ်နေပါတယ်။ ကုန်စည်တင်သွင်းမှု အနေနဲ့ကတော့ မြ၀တီ နယ်စပ်ကနေ မြန်မာနိုင်ငံ အတွင်းကို စားသောက်ကုန်နဲ့ လူသုံးကုန်တွေ တင်သွင်းမှု များပါတယ်" ဟု ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံသည် မြ၀တီနယ်စပ် ကုန်သွယ်ရေး စခန်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ ဆန်၊ ငရုတ်သီး၊ ရေထွက်ကုန်များ အများဆုံး တင်ပို့လျက်ရှိပြီး ထိုင်းနိုင်ငံမှ စားသောက်ကုန်၊ လူသုံးကုန်၊ ဓာတ်မြေသြဇာများ အများဆုံး ပြန်လည်တင်သွင်းမှုရှိကြောင်း သိရသည်။
EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...