Monday, December 9, 2013

ကမ္ဘာကျော် ကုန်ပစ္စည်း တီထွင်မှုများအား မြန်မာနိုင်ငံတွင် မူပိုင်ခွင့် တင်မည်ဆိုပါက မူပိုင်ခွင့်တင်သည့် နည်းပညာများကို မြန်မာပြည်သူများသို့ ၁၈ လ လေ့လာခွင့် ပေးအပ်ရမည်ဟု Patent Law တွင် ထည့်သွင်းရေးဆွဲနေ

 Monday, 09 December 2013


UMFCCI နှင် JICA တို့ ပူးပေါင်းဆောင်ရွက်သည် IP Awareness Seminar အား တွေ့ရစဉ်

ကမ္ဘာကျော် ကုန်ပစ္စည်း အမှတ်တံဆိပ် တီထွင်သူများ အနေနှင့် မြန်မာနိုင်ငံတွင် မူပိုင်ခွင့် တင်မည်ဆိုပါက မူပိုင်ခွင့်တင်သည့် ကုန်ပစ္စည်း ထုတ်လုပ်မှုဆိုင်ရာ နည်းပညာများကို မြန်မာပြည်သူများအတွက် ၁၈ လကြာ လေ့လာမှု ပေးအပ်ရန် Patent Law တွင် ထည့်သွင်းရေးဆွဲနေကြာင်း သိရသည်။

၁၉၁၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် စာပေအနုပညာ မူပိုင်ခွင့် ဥပဒေမှလွဲ၍ မြန်မာနိုင်ငံတွင် တီထွင်မှု၊ စက်မှုဒီဇိုင်း၊ ကုန်အမှတ်တံဆိပ် စသည့်အသိဥာဏ် ပစ္စည်းဆိုင်ရာ မူပိုင်ခွင့် ဥပဒေများအား မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းနိုင်မှု မရှိခဲ့ဘဲ လက်ရှိတွင် တစ်ခုတည်းသာရှိသည့် စာပေအနုပညာ မူပိုင်ခွင့်မှာလည်း ပြန်လည်ပြင်ဆင်ရန် လိုအပ်မှုများ ရှိနေကြောင်း သိရသည်။

"အခု ရေးဆွဲနေတဲ့ မူပိုင်ခွင့်ဆိုင်ရာ ဥပဒေတွေထဲက Patent Law မှာဆိုရင် မူပိုင်ခွင့် တင်သူအတွက် အနှစ် ၂၀ ပိုင်ဆိုင်ခွင့် ပေးထားတယ်။ နှစ် ၂၀ ကျော်ရင် တီထွင်သူပိုင် မဟုတ်တော့ဘဲ မြန်မာပြည်သူတွေအတွက် ဖြစ်သွားမယ်။ ဒီလိုပဲ နိုင်ငံတကာက ကမ္ဘာကျော် ကုန်ပစ္စည်းတွေ လာရင်လည်း ကုန်ပစ္စည်း ထုတ်လုပ်တဲ့ နည်းပညာကို မြန်မာပြည်သူတွေအတွက် ၁၈ လကြာ လေ့လာခွင့် ပေးရပါမယ်" ဟု ဒေါက်တာနှင်းနွယ်အေးက ပြောကြားသည်။

ထိုသို့ နည်းပညာသစ်များအား မူပိုင်ခွင့်တင်သည့် ကုမ္ပဏီထံမှ လေ့လာခွင့် ရရှိမည် ဖြစ်သော်လည်း စီးပွားဖြစ် ထုတ်လုပ်မှုကိုမူ မူရင်းတီထွင်သူ အတွက်သာ ခွင့်ပြုမည်ဖြစ်ပြီး မြန်မာပြည်သူများ အနေဖြင့်မူ ပညာယူခွင့်၊ သုတေသန လုပ်ခွင့်သာ ရရှိမည်ဖြစ်ပြီး ထိုသို့ သုတေသန လုပ်မှုမှ မူရင်းလေ့လာခွင့် ရရှိသည့် နည်းပညာမှ မြန်မာပြည်သားများ အနေဖြင့် အဆင်တိုးမြှင့် ထုတ်လုပ်ခွင့်ကိုမူ ရရှိလာမည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် နာမည်ကြီး ကုန်ထုတ်လုပ်သည့် နည်းပညာ ကုမ္ပဏီများ အနေနှင့် စတင်စဉ် အချိန်က မည်သည့်ပညာရပ်မျှ ကိုယ်ပိုင်မရှိခဲ့ဘဲ ထိုသို့လေ့လာမှုများ၊ သုတေသနပြု၍ ကိုယ်ပိုင်ထုတ်လုပ် မှုများမှသာ ကမ္ဘာကျော် ထုတ်ကုန်များ အဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း Kyoto Comparative Law Center မှ Research Fellow in Chief ဖြစ်သူ Mr.Takahiko Kinoshita က ပြောကြားသည်။

လက်ရှိအချိန်တွင် အသိဥာဏ်ပစ္စည်း မူပိုင်ခွင့် ဥပဒေများဖြစ်သည့် Patent Law၊ Trademark Law၊ Industrial Indesign Law၊ Copy Right Law များအား မြန်မာနိုင်ငံတွင် သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနမှ တာဝန်ယူ ရေးဆွဲနေပြီး လက်ရှိအချိန်တွင် (၁၁) ကြိမ်မြောက် မူကြမ်းအား အပြီးသတ် ရေးဆွဲနေကြောင်း သိရသည်။




EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...