Monday, December 9, 2013

ရန်ကုန်မြို့ Dagon Center 1 မြေညီထပ်တွင် ပီဇာ၊ အီတလီ ခေါက်ဆွဲနှင့် ရေခဲမုန့် ရောင်းချခြင်း လုပ်ငန်းကို မြန်မာ၊ ထိုင်းနှင့် ဟောင်ကောင်ကုမ္ပဏီတို့ ဖက်စပ်မြှုပ်နှံ လုပ်ကိုင်မည်

Monday, 09 December 2013


ဆိုင်ခန်းဖွင့်မည့် နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မြတ်ကို)

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် အတွင်းရှိ Dagon Center 1 မြေညီထပ်တွင် ပီဇာ၊ အီတလီ ခေါက်ဆွဲနှင့် ရေခဲမုန့် ပြုလုပ်၍ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းကို မြန်မာ၊ ထိုင်းနှင့် ဟောင်ကောင် ကုမ္ပဏီတို့မှ ဖက်စပ်မြှုပ်နှံ လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းလုပ်ကိုင်ရန်အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) သို့ တင်ပြထားချက်အပေါ် MIC မှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့နှင့် လုပ်ငန်းနှင့် ဆက်စပ်သည့် ပြည်ထောင်စု ၀န်ကြီးဌာနများ/အဖွဲ့အစည်းများမှ သဘောထား မှတ်ချက်များ၊ စိစစ်ခွင့်ပြုချက်များအပေါ် အခြေခံ၍ နိုဝင်ဘာ ၂၆ ရက်တွင် ပြုလုပ်သည့် ၃၀/၂၀၁၃ ကြိမ်မြောက် ကော်မရှင် အစည်းအဝေးတွင် ပြန်လည်ခွင့်ပြု ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လုပ်ငန်းလုပ်ကိုင်ရာတွင် မြန်မာနိုင်ငံမှ Thiha Food Holding Limited၊ ထိုင်းနိုင်ငံမှ Mr.Park Kunkhongkaphan၊ Mr.Puripat Mahaguan၊ Ms. Supagee Hetrakul နှင့် ဟောင်ကောင် ကုမ္ပဏီဖြစ်သည့် Clipper Holding Ltd တို့မှ Express Food Group (Myanmar) Limited အမည်ဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ဖက်စပ်လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။

ယခုအခါ လုပ်ငန်းလုပ်ကိုင်ရန်အတွက် အဆောက်အအုံအတွင်း ပြင်ဆင်မွမ်းမံမှုများကို ပြုလုပ်နေပြီး လုပ်ငန်းစတင်ချိန်တွင် ၀န်ဆောင်မှု ပေးနိုင်ရန်အတွက် Store Keepers များ၊ ငွေကိုင်များ၊ မီးဖိုဆောင် ၀န်ထမ်းများနှင့် ၀န်ဆောင်မှုဆိုင်ရာ ၀န်ထမ်းများကို ခေါ်ယူလျက်ရှိကြောင်း Express Food Group မှ သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အနေဖြင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးနှင့် စားသောက်ကုန် လုပ်ငန်းများတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ဖက်စပ်လုပ်ကိုင်မည့် လုပ်ငန်းများအား ချထားပေးရာတွင် စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်တွင် သန့်စင်ပြီး သကြားနှင့် အက်သနော ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းကို မြန်မာနှင့် စင်ကာပူကုမ္ပဏီ၊ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်တွင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ စိုက်ပျိုးထုတ်လုပ် ရောင်းချခြင်း လုပ်ငန်းကို City Mart Holding ကုမ္ပဏီနှင့် ဂျပန်ကုမ္ပဏီ၊ အသင့်စား ခေါက်ဆွဲခြောက်များ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းကို မြန်မာနှင့် စင်ကာပူ ကုမ္ပဏီတို့မှ လုပ်ကိုင်ရန် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...