Monday, December 9, 2013

City Mart Holding ပိုင်ရှင် မိသားစုနှင့် ဆက်နွယ်နေသော ဂိုဒေါင်ကို စစ်ဆေးရာတွင် တွေ့ရှိသည့် ၀ိုင်၊ အရက် အားလုံးအတွက် တရားဝင် အထောက်အထားများ ပြသနိုင်ရေး တစ်ပတ်ဆိုင်ငံ့ပေးရန် Mobile Team သို့ မေတ္တာရပ်ခံစာ ပေးပို့

Monday, 09 December 2013


သာကေတ စက်မှုဇုန် ဂိုဒေါင်အတွင်းရှိ ၀ိုင်ပုလင်းများကို Mobile Team မှ စစ်ဆေးနေစဉ်

City Mart Holding ပိုင်ရှင် မိသားစုနှင့် ဆက်နွယ်နေသော Premium Food Service Products ကုမ္ပဏီမှ လုပ်ကိုင်နေသည့် သာကေတ စက်မှုဇုန် ဂိုဒေါင်ကို စစ်ဆေးရာတွင် တွေ့ရှိထားသော ၀ိုင်၊ အရက် အားလုံးအတွက် တရားဝင် တင်သွင်းခွင့် အထောက်အထား မူရင်းများ ပြသနိုင်ရန်အတွက် တစ်ပတ်ဆိုင်းငံ့ပေးရန် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့ Mobile Team သို့ မေတ္တာရပ်ခံစာ ပေးပို့ထားကြောင်း သိရသည်။

ဒီဇင်ဘာ ၄ ရက်ကတည်းက တိုင်ကြားချက်အရ ၀င်ရောက်ရှာဖွေ စစ်ဆေးခဲ့သော သာကေတ စက်မှုဇုန်၊ မြမာလာလမ်း အတွင်းရှိ Premium Food Service Products ကုမ္ပဏီမှ ငှားရမ်းလုပ်ကိုင်နေသော ဂိုဒေါင်အတွင်း ဒီဇင်ဘာ ၆ ရက်အထိ စစ်ဆေးချက်တွင် နိုင်ငံခြားဖြစ် ၀ိုင်ပုလင်း ၈၅၀၀၀၊ အရက်ပုလင်း ၁၀၀၀ ခန့်နှင့် အေးခဲအသား ၃၅ တန်တို့ကို စစ်ဆေးတွေ့ရှိထားကြောင်း ထုတ်ပြန်ထားပြီး ဖြစ်သည်။

သို့သော် ကုမ္ပဏီမှ အေးခဲအသားနှင့် ပတ်သက်သော အထောက်အထားများသာ ပြနိုင်ပြီး ကျန်ရှိသည့် ၀ိုင်၊ အရက်ပုလင်းများနှင့် ပတ်သက်၍ တရားဝင် တင်သွင်းခွင့် ရရှိသည့် အထောက်အထား များကိုမူ ရှာဖွေစစ်ဆေးသည့် သုံးရက်မြောက်အထိ ပြသနိုင်ခြင်း မရှိသေးသည့်အတွက် ဒီဇင်ဘာ ၇ ရက်က ဦးစီးဆောင်ရွက် နေသည်ဆိုသူ City Mart Holding ကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်ဝင်းဝင်းတင့်ဆိုသူထံ အကြောင်းကြားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းအကြောင်းကြားမှုနှင့် ပတ်သက်၍ ဒေါ်ဝင်းဝင်းတင့်မှ ၀ိုင်၊ အရက်နှင့် ပတ်သက်၍ မူရင်းတရား အထောက်အထားများ တင်ပြနိုင်ရန် တစ်ပတ်ဆိုင်ငံ့ ပေးရန် ဒီဇင်ဘာ ၈ ရက်က တရားဝင် မေတ္တာရပ်ခံ အကြောင်းကြားစာဖြင့် Mobile Team သို့ ပေးပို့ခဲ့ကြောင်း Mobile Team တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

လက်ရှိ ဂိုဒေါင်အား စစ်ဆေးရာတွင် ဦးစီးဆောင်ရွက်နေသည့် ဦးဝင်းလွင်က "ကျွန်တော်တို့ကို ဒီဇင်ဘာ ၈ ရက်က အကြောင်းပြန် မေတ္တာရပ်ခံချက် တရားဝင် စာနဲ့လာတယ်။ သူတို့ကို တစ်ပတ်အချိန် ပေးပါလို့ ပါရှိတယ်" ဟု ပြောကြားသည်။

ယင်းအတွက် Mobile Team ဗဟိုအဖွဲ့ချုပ်သို့ တင်ပြပြီး မေတ္တာရပ်ခံချက်အား လိုက်လျောရန် သင့်မသင့်နှင့် မူလစီစဉ်ထားသည့် သတ်မှတ်ရက်အတိုင်း လုပ်ဆောင်ပြီး ဥပဒေအရ ဆောင်ရွက်သွားရန်အတွက် ဆုံးဖြတ်မှုများကို မကြာမီ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးဝင်းလွင်က ဆက်လက်ပြောကြားသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...