Saturday, December 7, 2013

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းထားသည်မှာ မကြာသေးသဖြင့် ပြင်ဆင်ရန် မလိုဟု မျက်စိမှိတ်နေပါက အမှားတစ်ရပ် ကျူးလွန်သလို ဖြစ်မည်ဟု ပြည်ထောင်စု လွှတ်တော်နာယက ပြောကြား

Saturday, 07 December 2013


ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း ရွှေပြည်သာမြို့နယ် ပြည်ခိုင်ဖြိုး ပါတီဝင်များ၊ ဒေသခံများနှင့် တွေ့ဆုံစဉ်

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပြဋ္ဌာန်းထားသည်မှာ မကြာသေးသဖြင့် ပြင်ဆင်ရန်မလိုဟု မျက်စိမှိတ်နေပါက အမှားတစ်ရပ် ကျူးလွန်သလို ဖြစ်မည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။

ဒီဇင်ဘာ ၆ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်များနှင့် ဒေသခံပြည်သူများအား တွေ့ဆုံစဉ် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ''လုပ်သင့်တာ မလုပ်ရင်လည်း အမှားဖြစ်တတ်တယ်။ တို့ဖွဲ့စည်းပုံ အခြေခံဥပဒေက ကောင်းတယ်။ ပြင်စရာမလိုဘူး။ ပြီးတဲ့အခါမှာ ပြဋ္ဌာန်းထားတာလည်း မကြာသေးဘူး။ ဒီလိုမျက်စိမှိတ်ပြီး လုပ်မယ်ဆိုလို့ရှိရင် အမှားတစ်ရပ် ကျူးလွန်မယ်။ ဘာဖြစ်လာနိုင်လဲ။ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ခုမဟုတ် တစ်ခု အနှောင့်အယှက် ဖြစ်လာနိုင်တယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးကိစ္စ အတွက်လည်း ပြဿနာ ဖြစ်လာနိုင်တယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ ကျွန်တော်တို့က နောက်ကြောင်းမပြန်ဘဲ ရှေ့သွားနေပေမယ့်လို့ တခြားလုပ်ရပ်တွေကြောင့် နောက်ကြောင်းပြန်တဲ့ သဘောမျိုး ဖြစ်သွားမှာ မလိုလားဘူး။ အဲဒီအတိုင်းပဲ ဒီမိုကရေစီနိုင်ငံ ဒါကြောင့်မို့လို့ ပြုပြင်ပြောင်းလဲရမယ်။ သို့မဟုတ်ရင် အသစ်ရေးဆွဲ ပေးရမယ်။ အဲဒီလို ဆန္ဒတွေစောပြီး လုပ်လိုက်လို့ ရှိရင်လည်း တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေနိုင်တယ်။ ဖွံ့ဖြိုးတိုးတက်ရေးကို အနှောင့်အယှက်ဖြစ်မယ်။ ခုနငြိမ်းချမ်းရေး အပါအ၀င် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးကိုသွားပြီး ထိခိုက်မယ်ဆိုတော့ ဒီနှစ်ခုကြားမှာ ဆင်ခြင်ဉာဏ် အမြော်အမြင်နဲ့ သတိတရားနဲ့ ဆောင်ရွက်ဖို့ပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောင်းမယ်၊ ပြင်မယ်ဆိုတာ ကောင်းဖို့အတွက် ပြောပြီးပြင်ပြီး မကောင်းဖြစ်လာမယ်ဆိုရင် ကျွန်တော်တို့ ထူထောင်ထားတဲ့ ဒီမိုကရေစီလမ်းကြောင်းဟာ အနှောင့်အယှက် ဖြစ်သွားမယ်။ အဲဒါကို လွှတ်တော်က လုပ်နေပါတယ်'' ဟု ပြောကြားသည်။

ထို့ပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ဦးတည်ချက် သုံးခုအပေါ် အခြေခံပြင်ဆင်မည် ဖြစ်ကြောင်း၊ ဦးတည်ချက်(၁)မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပြီးပါက နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေး ပိုမိုကောင်းမွန်စေရန်၊ (၂)တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး ပိုမိုကောင်းမွန်စေရန်၊ (၃)မှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန် ပိုမြင့်မားစေရန် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားသည်။

သတင်းမီဒီယာများ၏ ဝေဖန်အကြံပြုချက် များကိုလည်း မိမိနှင့် မိမိပြည်ခိုင်ဖြိုးပါတီမှ ဆက်လက် ဆောင်ရွက်ကာ နိုင်ငံအကျိုးအတွက် ဆက်လက်ဆောင်ရွက် သွားမည်ဟု မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...