Saturday, December 7, 2013

ဖင်လန်နိုင်ငံမှ ၀ယ်ယူထားသည့် စက်မဲ့သင်္ဘောပေါ်တွင် အခန်းပေါင်း ၁၀၀ ကျော်ပါဝင်မည့် ရေပေါ်ဟိုတယ် ၀န်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ရန် လှလှပပ ကုမ္ပဏီအား MIC ခွင့်ပြု

 Saturday, 07 December 2013


ရေပေါ်ဟိုတယ် ပြုလုပ်မည့် သင်္ဘောအား တွေ့ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)

ဖင်လန်နိုင်ငံမှ ၀ယ်ယူထားသည့် စက်မဲ့သင်္ဘောပေါ်တွင် အခန်းပေါင်း ၁၀၀ ကျော် ပါဝင်မည့် ရေပေါ်ဟိုတယ် ၀န်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ရန် လှလှပပ ကုမ္ပဏီအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) မှ ခွင့် ပြုပေးခဲ့ကြောင်း သိရသည်။

လုပ်ငန်းလုပ်ကိုင်ခွင့်အား ဒီဇင်ဘာ ၄ ရက်တွင် နေပြည်တော် ရုံးအမှတ် ၃၄ တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၃၁/၂၀၁၃ ကြိမ်မြောက်အ စည်းအဝေးတွင် လုပ်ကိုင်ခွင့်ချထားပေးခဲ့ ခြင်းဖြစ်ပြီး နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လုပ်ကိုင်မည်ဖြစ်သည်။

လှလှပပ ကုမ္ပဏီသည် အဆိုပါ ရေပေါ်ဟိုတယ် တည်ဆောက်ရေး စီမံကိန်း အကောင်အထည် ဖော်ရန်အတွက် ဖင်လန်နိုင်ငံမှ တန်ချိန်နှစ်ထောင်ကျော်ရှိသည့် စက်မဲ့သင်္ဘောအား ၀ယ်ယူခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီး ဗိုလ်တထောင်မြို့နယ် ဗိုလ်တထောင် ဆိပ်ကမ်းဒေသရှိ အမှတ် ၆ အထက်နှင့်ဆောက် ဆိပ်ခံဗောတံတားများတွင် လုပ်ငန်းဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

လုပ်ငန်းအကောင် အထည်ဖော်ရန် ၀ယ်ယူခဲ့သည့် သင်္ဘောမှာ အလျား ၁၀၆ မီတာ၊ အကျယ်အ၀န်း ၁၈ ဒသမ ၄ မီတာ၊ ရေစူး ၂ မီတာရှိပြီး မြန်မာနိုင်ငံသို့ သြဂုတ် ၁၈ ရက်တွင် ရောက်ရှိခဲ့ခြင်းဖြစ်ကာ ယခုအခါ ပြုပြင်မွမ်းမံမှု လုပ်ငန်းများကို ပြုလုပ်နေပြီး ၂၀၁၄ ခုနှစ် ဇန်န၀ါရီ လကုန်ပိုင်းတွင် စတင်ဖွင့်လှစ် ၀န်ဆောင်မှုပေးရန် စီစဉ်ထားကြောင်း သိရသည်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၄ ရက်တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၃၁/၂၀၁၃ ကြိမ်မြောက် အစည်းအဝေးတွင် အဆိုပါ လုပ်ငန်းအပြင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) စစ်ထောက်ချုပ်ရုံးပိုင်၊ ဒဂုံဂေါက်ကွင်းရှိ မြေ ၂၀၈ တွင် BOT စနစ်ဖြင့် နှစ်ရှည်ငှားရမ်း၍ နိုင်ငံတကာ အဆင့်မီဂေါက်ကွင်း Club House & Resort နှင့် ဘန်ဂလို လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် Royal Sky ကုမ္ပဏီကိုလည်းကောင်း ဒဂုံဆိပ်ကမ်း မြို့နယ်တွင် ကွန်ကရစ်တိုင်နှင့် ကွန်ကရစ် ဘလောက်တုံး ထုတ်လုပ်ခြင်း လုပ်ငန်းကို Forever Padauk Trading ကုမ္ပဏီကိုလည်းကောင်း လုပ်ကိုင်ခွင့် ချထားပေးခဲ့ကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...